Quantcast
Channel: KiKi-Idiotlove
Viewing all 32 articles
Browse latest View live

ခေတ်သစ်သူတောင်းစား...

$
0
0
ခေတ်သစ်သူတောင်းစား...


ဦးနှောက်ထဲမှာ ဗလာ ၊
ဆင်ခြင်တွေးခေါ်အသိဥာဏ်များ နဲနဲ ပေးသနားခဲ့ပါ ။
ရင်ဘတ်ထဲမှာ ဗလာ ၊
ချစ်ကြင်စာနာသနားမှုများ နဲနဲ ပေးသနားခဲ့ပါ ။
ငါ့ဘိုက်ထဲမှာ ဗလာ ၊
စားကောင်းသောက်ဖွယ်ရာများ နဲနဲ ပေးသနားခဲ့ပါ ။
ငါ့တကိုယ်လုံးမှာ ဗလာ ၊ ဗလာ ၊ ဗလာ၊
ကြိုးကြီးချိတ်၊ဘောင်းတော်စနဲ့ဝတ်ထည်ဆင်တန်ဆာများ နဲနဲ ပေးသနားခဲ့ပါ ။
ခိုနားစရာနန်းတော်ရိပ်မြုံများ နဲနဲ ပေးသနားခဲ့ပါ ။
စီးစရာ မော်တော်ကား နဲနဲ ပေးသနားခဲ့ပါ ။
သုံးစွဲရာ သပြာငွေကြေး နဲနဲ ပေးသနားခဲ့ပါ ။
စိန်ရွှေငွေကျောက်သံပတ္တမြား နဲနဲ ပေးသနားခဲ့ပါ ။
သဘာဝဓါတ်ငွေ့  ရေနံ ကျွန်းသစ်များ နဲနဲ ပေးသနားခဲ့ပါ ။

ရှေးအခါ မှတ်သားဘွယ်ရာ က ပညာရှာ ပမာသူတောင်းစား၊
ခုခေတ်မှာ ပြောင်းလိုက်ချင်တာက ဥစ္စာရှာ မဟာသူတောင်းစား။
ရလေ လိုလေ အိုတစ္ဆေ မို့ 
ရွာအတွင်း အတင်းတောင်းရုံနဲ့မပြီးသေး ၊
ရွာအပြင်ထွက် တောင်းလိုက်သေးတယ်တဲ့ ဒေါ်လာတွေ သန်းထောင်ပေါင်း။

အိုဘဲ့ ခမျာ ခေတ်သစ်သူတောင်းစား...
အကောင်းစားတွေချည်း တောင်းမယ် တောင်းတယ် ထပ်တောင်းတယ်
တောင်းမရရင် ခိုးမယ် ဝှက်မယ် တိုက်မယ် ရိုက်မယ်
မိုက်လုံးရယ် တဆင့်မြင့်တော့ အာဏာ ပါဝါ ရလေရာ ခိုးမယ် ခိုးတယ် ခိုးကြတယ်။

“မင်း”တို့တွေ သေချာစဉ်းစား၊
မသမာအာဇီဝနဲ့ ရှာဖွေခါ သိုဝှက်ထားတဲ့အရာရာတွေ ပြည့်စုံခါမှ၊
နောင်ဘဝအတွက်ပါလေအောင် ဒါန သီလ ဘာဝနာ ဝိပဿနာဖြင့် ကောင်းမွန်ရာ ကျင့်မယ်ဆိုရင်၊
သင့်အတွက် အချိန်မရှိတော့ပါ ။ အချိန်မလောက်တော့ပါ။ အချိန်မရောက်တော့ပါ။


ပုံကို ဂူဂယ် clipartguide.com မှ ရယူပါတယ် ။

ပုခုံးဆစ်ရယ်က တဖြစ်ဖြစ်ကိုက်တယ်ကွဲ့ ..

$
0
0
စာရေးရမှာ ပျင်းတာရော ၊ ရေးဖို့ ရာ အကြောင်း ထူးထွေ မရှိတာကြောင့် ရော ဘာ ပို့စ် မှ မရေးဖြစ်တာ အတော်ကြာပြီင်္ ပေါ့ ။ နောက် အကြောင်းတရပ်ကတော့ ညောင်းညာ ကိုက်ခဲ ဝေဒနာ တခုကြောင့် လည်း စာ မရေးချင် မရေးနိုင် ဖြစ်နေပါတယ် ။ ကိုယ့် ဝေဒနာ ကိုယ်ပြန်စမ်းစစ်ကြည့်လိုက်တော့ အသက်ကလေးရယ် ကထောက်တာ တကြောင်း၊ အစားအသောက် မဆင်ခြင်တာ တကြောင်း ၊ အနေ အထိုင် မတတ်တာတကြောင်း တို့ ကြောင့် ဖြစ်လာရတဲ့ ဝေဒနာ လေးမျှသာပါပဲ ။ အသက်နဲ့ အဝေးကြီး ပေမဲ့ နေရထိုင်ရ လှုပ်ရှားရတာ ကသိကအောင့် နဲနဲပါးပါးတော့ ဖြစ်တဲ့ ဝေဒနာ ၊ frozen-shoulder( ခေါ်) adhesive capsulitis  ၊ မြန်မာလို အနီးစပ်ဆုံးဘာသာပြန်ရရင် ပခုံးအဆစ် အရွတ် အေးခဲခြင်း သို့မဟုတ် ယောင်ယမ်းကိုက်ခဲခြင်း လို့ ခေါ်ဆိုရမယ် ထင်ပါတယ်။ဘယ်သူမှ ရှောင်လွဲလို့ မရတဲ့ “ အို၊နာ၊ သေ ”  ဖြစ်စဉ်အရ သင်လည်း တနေ့ နာ ရအုံးမှာ အမှန်ပါပဲ ။ နာကျင်မှု အနည်း အများကတော့ ကိုယ့်ပေါ်တည်ပါတယ်။ တချို့လည်း ဒီလို မဲ့ပြုံးပြီး နာတတ်ကြတယ် ။
( ဖွားကိက ဒီပုံမှာ ပြထားတဲ့ မော်ဒယ်ဂဲလ်လေးထက် အဆတစ်ထောင်မျှ ပို ချောပါတယ်..း))

အပေါ်ယံ အရေပြားတထောက်သာ ချောလှနေကြပေမဲ့ အပုပ်ကောင်ရုပ်ဆောင်နေကြတာကို တရားသဘောအရကြည့်မြင်တတ်ကြရင် အတွင်းကျကျ ဆက်ကြည့်နိုင်ကြပါတယ် ။ချောချောလှလှ ပုခုံးလေးရဲ့ အတွင်းမှာ တော့ ဒီလိုပုံပါ ။အရိုး၊ အရွတ်တွေ အမြှေးတွေ နဲ့ တကယ့်တကယ်ဆို ဘယ်လိုမှ အမြင်မလှပါဘူး ။



ပုခုံးဆစ်အေးခဲခြင်း (frozen-shoulder  သို့မဟုတ်
adhesive capsulitis  ) အလွယ်တကူ ဆိုရရင် ပုခုံးဆစ်နာခြင်း ဟာ အဆစ်ထဲမှာ ရှိတဲ့ အရွတ် ကြွက်သားမျှောင်း အမြှေးအိတ် စသည်တို့  မှာ မတော်တဆ ထိခိုက်ဒါဏ်ရာ ရတဲ့အခါ သို့မဟုတ် ယောင်ယမ်းခြင်း တို့ ကြောင့် ဖြစ်လာရတဲ့ နောက်ဆက်တွဲဝေဒနာ တခုပါ ။ အသက်အရွယ် ကြီး လာတာနဲ့ အမျှ အဆစ်မှာ တွယ်ကပ်နေကြတဲ့ အရွတ် အကြော ကြွက်သား တို့လည်း တင်းမာလာတတ်ကြတယ် ။ အဆစ်ထဲမှာ ရှိတဲ့ ဂျယ်လီလို အရည်တမျိုး ( synovial fluid) ဟာလည်း လျော့နည်းလာတတ်ကြတယ် ။ ဒီတော့ frozen-shoulder ဖြစ်ဖို့ အခြေအနေပေးလာတယ်။

ပုခုံးဆစ်နာတဲ့ရောဂါဟာ တခါတရံမှာ သူ့ ချည်းသက်သက်ဖြစ်တတ်ပြီး တခါတရံမှာ ကျောရိုးဆစ် ၊ လည်ပင်းဆစ် အကြောအရွတ်နာကျင်မှုတွေနဲ့ အတူတူ တပြိုင်ထဲ ဖြစ်တတ်ပါတယ်..။ ကွန်ပြူတာ ကြာရှည်သုံးရာမှာ ပုံစံမှန်စွာ မထိုင်သောသူများ အထူးဂရုပြုဖို့ လိုပါတယ်။
လည်ပင်းဆစ် နာတဲ့ အကြောင်းကို နောက်မှ သပ်သပ်ပြောပါမယ်။ ခု ဦးဆုံး ပုခုံးဆစ် အကြောင်းပဲ ပြောကြရအောင်။

ပုခုံးဆစ်ရဲ့ ဖွဲ့ စည်းပုံ ကို အနဲအကျဉ်း သိမှ နာကျင်ခြင်း အကြောင်းကို ပို သိနားလည်လွယ်မှာပါ။
ပုံမှာ ပြထားတဲ့ အတိုင်း ပုခုံးဆစ်ရဲ့ ဖွဲ့စည်းပုံ အလွယ်တကူပြောရရင် ရှေ့ မှာ ကော်လာရိုး ခေါ် ညှပ်ရိုး ( Clavicle) ၊ နောက်မှာ လက်ပြင်ရိုး( Scapular) ၊ ဘေးမှာ လက်မောင်းရိုး( Humerus) တို့  ရှိပါတယ်။ သူ့ ကို ကြွက်သား တွေ ၊ အရွတ်တွေ နဲ့ တွယ်ဆက်ထားကြတယ်။


ပုခုံးဆစ်တွေ ဘာကြောင့်နာလာရတာလည်း ။

အဓိက အကြောင်းရင်းကတော့ ယောင်ယမ်းခြင်း( Inflammation ) ကြောင့်ပါပဲ
။ ။ ( အပေါ်ပုံမှာ အပြာရောင် နဲ့ ကွင်းပြထားတဲ့) ၊ အရိုး ၃ ခု ရဲ့ အလယ်မှာ ညပ်နေသလို နေရတဲ့ ကြွက်သားနဲ့ အရွတ် ဟာ တခါတရံမှာ( ဥပမာ- အပြင်းအထန် လှုပ်ရှားမိတဲ့ အခါ ၊ဒါမှ မဟုတ် ထိခိုက်ဒါဏ်ရာရတဲ့ အခါ ) ယောင်ယမ်းလာတတ်တယ် ၊ အဲ့ဒီအခါကျရင် အနည်းငယ် လှုပ်ရှားလိုက်တာနဲ့ ပုခုံးဟာမခံမရပ်နိုင်အောင် နာကျင်တတ်တယ်။ ပုံမှာအနီရောင်နဲ့ ပြထားသလို အလယ်အလတ် အမြင့်လောက် မြှောက်မိရင် ကြွက်သားဟာ ဖိညပ်ခံရလို့ ပိုပြီး နာတတ်တယ်။




ပုခုံးဆစ်တွေ နာလာရင် ဘယ်လို လုပ်ကြမလည်း။

( 1 ) Analgesic -ချက်ချင်းလတ်တလောဖြစ်တဲ့ ယောင်ယမ်းခြင်း (Acute Inflammation )ကိုတော့ အကိုက်အခဲပျောက်ဆေး စားခြင်း၊ အပြင်းအထန် နာကျင်နေရင်တော့ အကိုက်အခဲပျောက်ဆေး ထိုးခြင်းဖြင့် သက်သာစေနိုင်ပါတယ် ။

(2)Heat - အဲ့ဒီနောက်မှာ နာနေတဲ့ အဆစ်ကို
နာတဲ့ပုခုံးဆစ် ကို ဦးစွာ ရေနွေးအိပ် (သို့) ရေနွေးစိမ်ပြီးညှစ်ထားတဲ့ မျက်နှာသုပ်ပုဝါ နဲ့ ၅ မိနစ်မျှ အုပ်ပေးပါ ။ ( တကယ်လို့  ထိခိုက်ဒါဏ်ရာရပြီးပြီးချင်း ဆိုရင်တော့ ၂ရက်အတွင်းမှာ ၄နာရီမှ ၆နာရီခြားပြီး ၁၅ မိနစ်စီ၊ ရေခဲအုပ်ရပါမယ် ။အဲ့ဒီအချိန်မှာတော့ ဒီလို လေ့ကျင့်ခန်း လုပ်ဖို့  မသင့်တော်သေးပါဘူး ။ အယောင် လျော့တဲ့အထိ အကိုက်အခဲ ပျောက်ဆေး စား ပြီး ၊ အနားယူ၊ ပြီးမှသာ လုပ်သင့်ပါတယ် )

(3) Position- အနေအထားမမှန်လို့ ဖြစ်တာ ဆိုတော့ နာနေတဲ့ ပုခုံးကို အနားပေးရပါမယ်။ လက်မောင်းကို ဘေးတိုက် အပေါ်အောက် မြှောက်ခြင်း ချခြင်းတွေကို ပြင်းထန်စွာ မပြုလုပ်သင့်သေးပါဘူး..

(4) Exercise -ပုခုံးနာနေရင် ဘယ်လို လေ့ကျင့်ခန်းလုပ်မလည်း..
လေ့ကျင့်ခန်း လုပ်နည်းများစွာ ရှိပါတယ် ။ အလွယ်တကူ လုပ်နည်း တချို့ ကို နောက်ဖက်မှာ အသေးစိတ် ဖေါက်သည်ချပါမယ် ။

(5) Injection - နာကျင်ယောင်ယမ်းနေတာဟာ ဆေးထိုး ဆေးစားလို့ မှ မပျောက်ပဲ ပြင်းထန်စွာခံစားနေရပါက အဆစ်ထဲသို့ Steroid ပါတဲ့ ဆေးမျိုးထိုးပေးလို့ရပါသေးတယ် ၊ ဒီနည်းကိုတော့ ကျွမ်းကျင်သူဆရာဝန်များဖြင့်သာ ကုသမှု ခံယူသင့်ပါတယ်။



(6) Physiotherpy-မကြာခဏ နာတတ်နေပြီဆိုရင်တော့ လေ့ကျင့်ခန်းနဲ့ တွဲဖက်ပြီး ဒီလို စက်ကိရိယာကူညီအသုံးပြုခြင်းနည်းဖြင့် သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ပုံအချို့  ပြထားပါတယ်။


ဒါက Short Wave Theraphy ပါ ။



ဒီပုံက Ultrasound Theraphy ပါ။



ဒီပုံကတော့ Vibration Wave Theraphy ပါ


(7) Surgery - ခွဲစိပ်ကုသခြင်း -ဒါကတော့ အပေါ်ကနည်းတွေနဲ့ မပျောက်မှသာ နောက်ဆုံးအဆင့် မှ စဉ်းစားကုသဖို့ ပါ ။


ပုခုံးဆစ်နာနေရင် လုပ်လို့ရတဲ့ လေ့ကျင့်ခန်းများထဲမှ အလွယ်တကူ နည်းများ -

Weighted pendulum stretch
  ခါးအနဲငယ် ကိုင်းပြီး နာတဲ့ ပုခုံးဆစ်ရှိတဲ့ လက်မောင်းကို အောက်ဖက် တွဲလောင်းချပြီး နာရီချိန်သီး လွှဲသလို ရှေ့ နောက် လွှဲပေးပါ ။ ထို့နောက် ဘယ်ညာ ဘေးတိုက် ၊ အဝိုင်းပုံ စသဖြင့် လှုပ်ရှားပေးပါ ( အကွာ အဝေး သိပ်အဝေးကြီး လွှဲရန်မလို ။ ၁ ပေ အကွာ လောက်သာ လွှဲပေးပါ ။ အခါ ၂၀ မျှလွှဲ ပါ ။အဆစ်နာကျင်မှု ရှိလာရင်တော့ လှုပ်ရှားမှုတွေ ရပ်လိုက်ပါ ) ။
ဒီလေ့ကျင့်ခန်းကို တနေ့ မှာ ၂ ကြိမ် မျှ လုပ်နိုင်ပါတယ် ။ ဒီလို လုပ်ပေးခြင်းဖြင့် တောင့်တင်းနေတဲ့ အကြော အရွတ်တွေ ပြေလျှော့စေပါတယ် ။

ရက် အနည်းငယ်ကြာလာတဲ့အခါ လက်ထဲမှာ ၁ပေါင်မှ ၂ပေါင်ခန့် ရှိတဲ့ အလေးချိန်တခု ( ဥပမာ ရေ ထဲ့ထားတဲ့ သောက်ရေသန့်ဘူး သေး တဘူး ) ကိုင်ပြီး အထက်မှ လှုပ်ရှားမှု များ အတိုင်း လှုပ်ပေးပါ ။

အဲ့ဒီ လေ့ကျင့်ခန်းပြီးရင် Passive stretching exercisesခေါ်တဲ့ အောက်ပါ လေ့ကျင့်ခန်းများ ဆက်လုပ်ပါ ။

Armpit stretch - ကောင်းနေတဲ့လက်တဖက် အကူအညီနဲ့ နာနေတဲ့လက်ကို မပြီး ၊ ပုခုံးထက်နိမ့်တဲ့ စားပွဲ မျက်နှာပြင်ပေါ် တင်ပါ ။ ပြီးရင် ပုံမှာ ပြထားသလို နာနေတဲ့ပုခုံး လက်မောင်းကို အထက်သို့ အနည်းငယ် ကြွ ပေးပါ။


Finger walk - နံရံအနား တထွာခန့်အကွာ မျက်နှာအပ်ပြီး ပုံမှာပြထားသလို လက်ချောင်းများအပေါ်သို့ရွှေ့ ပေးခြင်းဖြင့် လက်မောင်းကို ပုခုံး ထက်မြင့်အောင် ဖြေးဖြေးချင်း ပင့်တင်ပေးပါ ။


ဒီအောက်က ပုံလေးတွေ အတိုင်း လှဲရင်း၊ရပ်ရင်း လက်လွှဲ လှုပ်ရှားလို့လည်းရပါတယ်။


ဒါ့အပြင်  အောက်မှာ ပြထားသလိုမျိုးတွေလုပ်နိုင်ပါသေးတယ်။



Towel stretch- မျက်နှာသုပ်ပုဝါအသေးကို ပုံမှာ ပြထားသလို ကောင်းသောလက်က အပေါ်မှ ကိုင်ပြီး နာနေသော ဖက်မှ လက်က အောက်မှ ကိုင်ကာ အထက်အောက် ဆွဲတင် ဆွဲချ လုပ်ပေးပါ ။ မျက်နှာသုတ်ပုဝါအား ၄၅ ဒီဂရီစောင်းအောင် ကိုင်ပြီး ဆွဲပါ။ ထို့ နောက် ရေပြင်ညီ အတိုင်း ဘေးတိုက် ဆွဲပေးပါ ။( တချို့ လည်း ရှေ့ တပုံမှာ ပြထားသလို အထက်အောက် ဆွဲကြပါတယ်)

Outward rotation exercise-
ပုံမှာပြထားသလို မျက်နှာသုတ်ပုဝါတခုကို လက်မောင်းနဲ့ကိုယ်လုံးအကြားခံထားပြီး ၉၀ ဒီဂရီ တံတောင်ဆစ်ကွေး အနေအထား ဖြင့် ရေပြင်ညီမျက်နှာပြင်အတိုင်း လက်နှစ်ဖက်ဖြင့် သားရေပတ်အား တင်းအောင် ဆွဲကိုင်ထားပါ။ ပြီးလျှင် နာနေသောပုခုံးဘက်ရှိ တံတောင်ဆစ် ကွေးမှ နေပြီး လက်မောင်းအား အပြင်သို့ ဆွဲလှည့်ပါ .၃လက်မ အကွာအဝေးလောက်ရောက်လျှင် ၅စက္ကန့်မျှ ထိန်းကိုင်ထားပါ ။ ထိုသို့  ၁၀ ခါမျှ ၁၅ခါထိ ပြုလုပ်ပါ ။



Inward rotation exercise- ထို့နည်းတုစွာ သားရေပတ်အား တံခါးလက်ကိုင်သို့မဟုတ် သင့်တော်တဲ့ အမြင့် ရှိတဲ့နေရာမှာချိတ်ပြီး လက်မောင်းအား အတွင်းသို့  ဆွဲလှည့်သောနည်းကိုပြုလုပ်ပါ ။



သို့မဟုတ် ဤပုံအတိုင်း လက်မောင်းကို ဆန့်ကျင်ဖက် လားရာများအတိုင်း အတွင်း နှင့် အပြင်သို့ တင်းအောင် ဆွဲလှည့်ခြင်း လေ့ကျင့်ခန်းမျိုး လုပ်နိုင်ပါတယ်။



Lifting exercise- ထို့နောက် ပုံမှာပြထားသလို သားရေပတ်ကို တံတောင်ဆစ်ကွေးမှာ စွပ်ပြီး လက်မောင်းကို ၅လက်မ ခန့် အကွာသို့ ဘေးတိုက် မြှောက်ပေးပြီး ၅စက္ကန့်မျှ တင်းထား တဲ့ လေ့ကျင့်ခန်း ကိုလုပ်ပေးပါ။


ဒီလို လေ့ကျင့်ခန်းတွေကို ပုခုံးဆစ် နာတတ်သူများအနေနဲ့ ရေရှည်လုပ်သွားနိုင်ပါတယ်။ဒါဆိုရင် သင့်ပုခုံးဆစ် နောက်ထပ် တကြိမ် ထပ်ယောင်ဖို့ အခွင့်အရေး နဲသွားပါမယ်။

ပုခုံးရိုး အဆစ်တွေရဲ့ ဖွဲ့ စည်း လှုပ်ရှား ပုံ လေး ကို ဒီနေရာ မှာရှင်းလင်းစွာ ကြည့်နိုင်ပါတယ် ။


ဒါလေးကတော့ ပခုံးအဆစ် အရွတ် အေးခဲခြင်းမှ ကာကွယ်ရန် အတွက် လေ့ကျင့်ခန်းလေးပါ
။ ဗီဒီယို ပုံ နဲ့ဆိုတော့ လိုက်လုပ်ရတာ အဆင်ပြေပါတယ်။ ရှည်ရှည်ဝေးဝေး ရေးနေ ဖတ်နေစရာ မလိုတော့ဘုးပေါ့ ။


အချက်အလက်နဲ့ ပုံများကို ဒီနေရာများ မှရယူပါတယ်။

တချို့ ပုံတွေကတော့ အလုပ်ဌာန အတွင်းမှ ယူထားတာပါ။ လည်ပင်းဆစ် ကျောရိုးဆစ်တွေနာကျင်တဲ့ အကြောင်း နောက်မှ သပ်သပ် ဖေါက်သည်ချပါမယ်။

ဆက်စပ်နေတဲ့ နာကျင်မှုတချို့ ကို ဒီနေရာ တွေ နဲ့ မှာ ဖတ်နိုင်ပါသေးတယ်။

နာကျင်မှုဒုက္ခများမှ အတတ်နိုင်ဆုံးကင်းဝေးနေထိုင်နိုင်ကြပါစေ။

ဇက်ကြောတက်တယ် ၊ ခါးနာတယ် ...

$
0
0
နာကျင်တာလေးတွေ ဆက်ကြရအောင် ။ရုပ် နာမ် နှစ်ပါး ပေါင်းစပ်ထားတဲ့ ကျွန်ုပ်တို့ ရဲ့ ခန္ဓာကြီးဟာ လည်း တရားသဘောနဲ့ကြည့်ရင် ဘာမှ မမြဲပါဘူး ၊ ဖြစ်ပျက် အစဉ်အရ ဖြစ်ပေါ် တည်ဆောက်လာပြီးတဲ့နောက် ဟောင်းဆွေး အိုမင်း နာကျင် ပျက်စီးခြင်းတွေ နဲ့ တွေ့ ကြုံရတာပါပဲ။ ပထဝီ တေဇော အာပေါ ဝါယော ဓါတ်ကြီး လေးပါး နဲ့တည်ဆောက်ထားတဲ့ ရုပ်ခန္ဓာကြီးမှာ အသား၊ အရေ၊အကြော ၊ အဆစ်၊အူ၊ ကလီစာ အင်္ဂါရပ်ပေါင်းများစွာပါဝင်ပါတယ်။ ပုံမှန်လူသားတယောက်မှာ အရိုးပေါင်း ၂၀၆ ခုရှိပြီး အရိုးတခုနဲ့တခုကို ဆက်ထားတဲ့အရာကို တော့ အဆစ် ( Joint) လို့ခေါ်ကြတယ်။ဒီလို အရိုး အဆစ်တွေ အများကြီး ရှိတဲ့အထဲက အတော်များများ နာတတ်ကြတာကတော့ ကျောရိုးဆစ်တွေပေါ့ ။ အဲ့ဒီ ထဲမှာ မှ လည်ပင်းနဲ့ခါးဆစ်တွေမှာ နာတတ်တာတွေ ပိုများပါတယ်။
ကျောရိုးဆစ် Vertebra column မှာ ဘယ်ပုံဘယ်နည်း နာကျင်တတ်ပြီး ကုသမှုတွေပေး လေ့ကျင့်ခန်းတွေလုပ်ရတဲ့ အခါ ပိုပြီး ရှင်းလင်း မြင်လွယ် နားလည်လွယ်အောင် သူ့ ရဲ့ တည်ဆောက် ဖွဲ့စည်းပုံလေး ကို အခြေခံ သဘောလောက် တင်ပြပေးပါမယ်။

ကျောရိုးဆစ်( Vertebra column )ဟာ တဖြောင့်မတ်မတ် မဟုတ်ပဲ S ပုံသဏ္ဍန် အနဲငယ် ဝိုက်ပြီး ကွေးနေပါတယ် ။ သူ့ မှာ ရှိတဲ့ အဆစ်တွေကတော့
-လည်ပင်းရိုး ၇ ဆစ် ၊ Cervical 1-7
-ရင်ခေါင်းရိုး ၁၂ ဆစ် ၊ Thoracic 1-12
-ခါးရိုး ၅ ဆစ် ၊ Lumbar L1-5
-တင်ပါးရိုး ၅ဆစ် Sacrum S1-5 နဲ့ မြီးညောင့်ရိုးဆစ် ၄ဆစ် Coccyx တို့ရှိကြပါတယ်။ အဲဒီအထဲမှာမှ တင်ပါးရိုးနဲ့ မြီးညောင့်ရိုးတို့ ဟာ အလွယ်တကူ ကွေးဆန့်လှုပ်ရှားလို့မရအောင် ပေါင်းဆက်နေကြပါတယ်။ ဒီပုံမှာ ပြထားသလိုမျိုးပါ။


အဲ့ဒီ အဆစ်တွေကြားမှာ Intervertebral disc ခေါ်တဲ့ အရိုးနူအပြားလေးတွေက ကူရှင်လို သဘောမျိုး ခုခံပေးထားခြင်းအားဖြင့် အရိုးဆစ် တခုနဲ့တခု ပွတ်တိုက် ပွန်းပဲ့ခြင်းမှ ကာကွယ်ပေးထားပါတယ်။


အရိုးဆစ် တခုခြင်းကို ကြည့်ရင် ကိုယ်ထည် နဲ့ ဘေးက လက်တံတွေ ပေါင်းစပ်ထားပြီး အလယ်မှာ အကွင်းလိုက်လေးတွေ ရှိပြီး ဒီအကွင်းတွေဟာ ဗဟိုအာရုံကြောမကြီး Spinal Cord အတွက် နေရာပါ။ ကိုယ်ခန္ဓာတခုလုံးကိုယ်ထိန်းချုပ်ထားတဲ့ အာရုံကြောတွေဟာ ဦးနှောက်မှတဆင့် ဒီ ဗဟိုအာရုံကြောမကြီး အနေနဲ့ ခြေလက် အင်္ဂါအဖွဲ့အစည်းတွေဆီသွားရောက်ပြီး အာရုံခံစားခြင်း လှုပ်ရှားမှု  ဖြစ်ပေါ်စေခြင်းတို့ကို ဆောင်ရွက်ပေးပါတယ်။ ဒါ့ကြောင့် ကျောရိုးမကြီးဟာ ကိုယ်ခန္ဓာတခုလုံးကို တည့်မတ်အောင် ထောက်ကန်ထားပေးရုံသာမက အာရုံကြောတွေအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။
တကယ်လို့ ကျောရိုးဆစ်နဲ့အရိုးပျော့အပြားတွေ မှာတခုခု ထိခိုက်ဒါဏ်ရာရခဲ့ရင်၊ ဒါဏ်ရာရတဲ့ အဆစ် လယ်ဗယ် အဆင့်လိုက်ပြီး အတွင်းမှာရှိတဲ့ အာရုံကြောမကြီးပါ ထိခိုက်တတ်ပြီး အကြောသေခြင်း မလှုပ်မရှားနိုင် ဆီး ဝမ်း မထိန်းနိုင်ခြင်း အသက်ရှူမှု ထိခိုက်ခြင်း စသဖြင့် ဖြစ်စေနိုင်ပါတယ်။( ဥပမာ -ဆူပါမင်းအဖြစ်သရုပ်ဆောင်ခဲ့သူ ကမ္ဘာကျော်ရုပ်ရှင်မင်းသားChristopher Reeve ဟာ မြင်းပေါ်ကပြုတ်ကျပြီး လည်ပင်းဆစ် အရိုး1-2 မှာ ထိခိုက်သွားလို့ တကိုယ်လုံး အကြောသေသွားခဲ့ရပါတယ် )


ဗွီဒီယို ပုံနဲ့ကြည့်ရင် ပိုမြင်လွယ်ပါတယ်။



ကျောရိုးဆစ်နာခြင်း - ဘာကြောင့်ဖြစ်တာလည်း။
များသောအားဖြင့်တော့ အသက်ကြီးလာတာနဲ့အမျှ အရိုးအဆစ်တွေလည်း degeneration ဖြစ်စဉ်အရ အိုမင်း လာကြတယ်။Bone spur ခေါ်တဲ့ အရိုး အတက်ထွက်လာတတ်တယ်။ Spinal disc ခေါ် intervertebral discအရိုးနုအပြားလေးတွေမှာလည်း ခြောက်သွေ့ မာကျောလာတတ်တယ်။ တချို့ အရိုးပြားလေးတွေ နေရာရွေ့ ပြီး အရိုးဆစ်မှကျွံထွက် လာတတ်တယ်။Bulging ပေါ့ ။အဲ့ဒီအခါကျတော့ အရိုးကွင်း အလည်မှာရှိနေတဲ့ အာရုံကြောမကြီးကို ဖိမိပြီး သက်ဆိုင်ရာ နေရာ တွေမှာ ပြင်းထန်စွာနာကျင်စေတတ်ပါတယ်။


တချို့ကျတော့ အရွတ်တွေ မာကျောခြင်း Stiff ligament ၊ ထိခိုက်ဒါဏ်ရာရခြင်း Trauma ၊ အရိုးဆစ်ယောင်ယမ်းခြင်း( Arthritis) တို့ကြောင့် ဖြစ်တတ်ပါတယ်။

ဘယ်လို ခံစားရမလည်း ။

-ဖြစ်တဲ့နေရာက နာတယ်( ဇက်ကြောတက် ၊ ခါးနာ စသဖြင့် )
-ခေါင်းကိုက်တယ်။ လည်ပင်းဆစ်ကြောင့်ခေါင်းပါကိုက်တတ်တယ်။
-လည်ဆစ် ကျီးပေါင်းတက်တာနဲ့ တွဲဖက်ပြီး ပုခုံးဆစ်ပါနာတတ်တယ်။လက်မောင်းထိနာတတ်တယ်။ ရင်ဘတ်အောင့်ခြင်းလည်း ဖြစ်တတ်တယ်။
-ခြေ လက် ဖျားတွေ ထုံကျင်တတ်တယ်။ အပ်နဲ့ထိုးသလို စူးပြီး နာတတ်တယ်။
-Lack of coordination ဆိုတဲ့ ဟန်ချက် မညီ ဖြစ်တတ်တယ်။ တချို့လည်း Difficulty in walking လမ်းလျှောက်ရတာခက်ခဲလာတယ် ။
-ပုံမမှန်တဲ့ တုံ့ပြန်မှု Abnormal Reflex တွေ ရှိလာတတ်တယ်။
-တချို့ ဆိုရင် ဆီး၊ ဝမ်း မထိန်းနိုင်တာ မျိုး ဖြစ်တတ်တယ် ။
ဖြစ်တဲ့ ကျောရိုးဆစ် နဲ့ အာရုံကြောမကြီးရဲ့ အဆင့်အပိုင်းပေါ်မှာ တည်ပြီး ခံစားမှု တွေ ကွဲပြားတတ်ပါတယ်။

တခြားဘာတွေ တွဲဖက် ဖြစ်ပေါ်စေနိုင်သေးလည်း။
အရိုးဆစ်အလည် ကွင်း ကျဉ်းမြောင်းခြင်း၊ အရိုးအတက်ထွက်ခြင်း။ထိခိုက်ဒါဏ်ရာရခြင်း တို့ကြောင့် အာရုံကြောမကြီး Spinal Cord Injury ရပြီး အာရုံခံစားမှုပျက်စီးခြင်း နဲ့ လှုပ်ရှားအကြောသေခြင်း များ ဖြစ်စေတတ်ပါသေးတယ်။

ဘယ်လိုနည်းတွေ နဲ့ ရောဂါရှာဖွေမလည်း။ Tests and diagnosis-
ဒါတွေက ဆရာဝန်တွေ လုပ်ပေးရမဲ့ အပိုင်းဖြစ်တာမို့ အသေးစိတ်သိရန်တော့ မလိုအပ်လှပါဘူး။ ကြားဖူးနားဝရှိအောင် အခေါ်အဝေါ်များကိုပဲ တင်ပြပေးပါမယ်။ X Ray CT ဆိုတာ တွေ က နားရည်ဝ နေလောက်ပါပြီ။
1.Neck flexibility assessment
2.Neurological exam
3.Neck or spinal X-ray.
4.Computerized tomography (CT) scan or magnetic resonance imaging (MRI).
5.Myelogram
6.Electromyogram (EMG)
7.Nerve conduction study.

နာကျင်နေရင် ဘာတွေ လုပ်ပေးနိုင်မလည်း။
ရုတ်တရက် ချက်ချင်း နာလာတာမျိုး ၊ အလွန်အမင်းနာနေတာမျိုးဆိုရင်တော့ ဦးစွာ ပထမ နာကျင်မှု သက်သာအောင် ပြုလုပ်ကြရမှာပါ ။ ဒီတော့ Pain Killer ၊Analgesic၊ Muscle Relaxant အကိုက် အခဲ အနာအကျင် ပျောက်ဆေး အကြောပြေဆေးတွေ အမျိုးမျိုးရှိပါတယ်။ စားဆေး ထိုးဆေး လိမ်းဆေး ကပ်ဆေး စအိုမှာသွင်းတဲ့ဆေးတောင့် စသဖြင့် သုံးပုံ သုံးနည်းတွေလည်းစုံလို့ ပေါ့။ ခုခေတ်မှာ အသုံးများကြတဲ့ ဆေးတွေကတော့ .....
nonsteroidal anti-inflammatory drugs (NSAIDs) အုပ်စုဝင်၊
Celecoxib (Celebrex)
Diclofenac (Voltaren)
Ibuprofen (Advil, Motrin)
Indomethacin (Indocin, Indocin SR)
Meloxicam (Mobic)
Naproxen (Aleve, Naprosyn)
Oxaprozin (Daypro)
Sulindac (Clinoril) စသဖြင့်ပါ။

ထိခိုက်ဒါဏ်ရာကြောင့် နာတယ် ဆိုရင်တော့ ပြင်းထန်စွာလှုပ်ရှားမှုတွေ မလုပ်ပဲ အနားယူရပါမယ် ။ ၂ ရက်အတွင်းမှာ ရေခဲအိတ် ကပ်ပေးနိုင်ပြီး ၂ ရက်ကျော်သွားရင်တော့ ရေနွေးအိတ် သို့မဟုတ် Heat pack သုံးလို့ ရပါတယ် ။ တချို့ကျတော့ အနှိပ်သည်၊ အကြောပြင်ဆရာ ဆိုသူတွေနဲ့ နင်းတာ နှိပ်တာတွေ လုပ်တတ်ကြတယ် ။ အဲ့ဒါက အာရုံကြောတွေ ထပ်မံ ထိခိုက်နိုင်စေတဲ့ အတွက်ကြောင့် ဆင်ခြင်ဖို့  လိုပါတယ် ။
ယောင်ယမ်းမှု အနည်းငယ်သက်သာလာရင်တော့ physiotherapy ခေါ် လေ့ကျင့်ခန်းများ ပြုလုပ်ပေးလို့ရပါတယ်။
အရိုးကျီးပေါင်းတက်၊ အရိုးနု နဲ့ အဆစ် နေရာရွေ့ ခြင်းစသည်တို့ အတွက်၊ ဆွဲဆန့်ခြင်း Traction လုပ်ပြီး ဖိမိနေတဲ့ အာရုံကြောကို လွတ်ကင်းသက်သာစေပါတယ်။


စက်အထောက်အကူနဲ့ လည်ပင်းအဆစ် ၊ခါးအဆစ် ဆွဲဆန့် ခြင်းများကို အောက်ပုံမှာ ပြထားတဲ့ အတိုင်း တွေ့ နိုင်ပါတယ်။


လည်ပင်းဆစ်၊ ခါးဆစ်တို့မှာ ဒါဏ်ရာရ ပြီး အာရုံကြောဖိညှပ်ထိခိုက်ခြင်းမျိုးမှ ကာကွယ်ရန် အထောက်အကူပြု ကော်လာ၊ခါးစည်း အစရှိတာတွေကို တပ်ဆင်ထားနိုင်ပါတယ်။


ဒီအောက်မှာပြထားတဲ့ ဗီဒီယိုဖိုင်လေးကတော့ လည်ပင်းဆစ်နာ၊ ဇက်ကြောတက်ခြင်း နဲ့ပတ်သက်ပြီး လုပ်ပေးနိုင်တဲ့ လေ့ကျင့်ခန်းလေးပါ ။ရှင်းလင်း လွယ်ကူပါတယ်။

အဲ့ဒီထဲကနေ ဆက်ပြီး ခါးနဲ့အခြား အဆစ်အကြောများအတွက် လေ့ကျင့်ခန်းလုပ်နည်းတွေကိုလည်း ရှုစား လို့ ရပါတယ်။အချိန်ရရင် အညောင်းအညာပြေ လုပ်ကြည့်ကြတာပေါ့။အကျိုးမမဲ့စေနိုင်ပါဘူး။


အပေါ်မှ ဗီဒီယိုကလစ်အား ကြည့်ရှု မရနိုင်သောနေရာမှ သူများအတွက် ပုံလေးတွေနဲ့ ရေးသားပေးလိုက်ပါတယ်။သို့ ပါသော်လည်း ဇာတ်လမ်းသိပ်ရှည်သွားရင် ဇက်ကြောတက် ပြီး ခါးနာနေမှာ စိုးတဲ့ အတွက် နောက်နေ့ များမှာမှ ဖန်ရောင် ပိတ်ကားပြင်ပေါ်မှာ ဆက်လက်ရှုစားကြပါရန် .........( ကိုးရီးယားဇာတ်လမ်းတွဲများကို အားကျ၍ )


ပုံများကို ဂူဂယ်မှ ရှာဖွေရယူထားပါတယ်။

Ref ;http://www.mayoclinic.com/health/cervical-spondylosis/DS00697
http://www.spineabilene.com/educational_resources/neck_exercises.html

ဇက်ကြောတက်ရင် ၊ ခါးနာရင်....

$
0
0
နာလို့ ကျင်လို့ပဲ မပြီးနိုင် သေးဘူးလား လို့ ထင်ချင်သူများလည်း ထင်နိုင်ကြပါတယ် ။ နာနေတဲ့သူတွေ အတွက် ရည်ရွယ်ပါတယ် ။ သက်ရှိသတ္တဝါ ရယ်လို့ဖြစ်လာကြရင် အို နာ သေ ခြင်း ဒုက္ခဘေးတွေမှ လွတ်ကင်းလို့မှ မရတာမို့  ခု မနာသေးသူများလည်း နောင်တနေ့  နာလာ ကျင်လာတဲ့ အခါကျ အသုံးဝင်မှာပါ။


လည်ပင်းဇက်ကျော အတွက် လေ့ကျင့်ခန်းများ

လုပ်ငန်းခွင်မှာ ကွန်ပြူတာ ကြာရှည်စွာ အသုံးပြုနေရသူများ၊ရုံးစားပွဲမှာ ကြာရှည်ထိုင်ပြီး( ဂိမ်းများဆော့ရင်း) ဇက်ကြောတင်းနေကြသူများ၊ အတွက်အထူးသဖြင့် ရည်ရွယ်ပါတယ်။ နာရီဝက်လျှင် တကြိမ်မျှ လုပ်ပေးပါ ။





(၁)Neck And Glide Extension-
ပုံမှာ ပြထားသလို ၁။ကိုယ်ခန္ဓာနဲ့ လည်ပင်းကို တည့်မတ်စွာ ထားပါ။၂။ မေးစေ့ကို ရှေ့ သို့တွန်းထုတ်ပေးပါ။ မေးထိုး မေးငေါ့တတ်သူများ အတွက် အထူးလေ့ကျင့်ရန်မလို။ လွယ်ကူပါတယ်။ ၅စက္ကန့်မျှ ငြိမ်နေပါ။ နဂို နေရာပြန်ရွှေ့ ပါ။ ၃။ နောက်ဖက် မော့ပါ ။၅စက္ကန့်မျှ ငြိမ်နေပါ။


(၂)Acupressure Point-
နောက်စေ့အောက် ဦးရေ အစပ် ရှိ အချိုင့်နေရာ မှာ ပုံ ပါအတိုင်း လက်ချောင်များဖြင့် ဖိနှိပ်ပေးပါ ။ စက္ကန့် အနည်းငယ်ကြာမျှ ဖိထားပေးနိုင်ပါတယ်။ ကြာရှည် အညောင်းမိပြီး လည်ပင်းနာနေသူများအတွက် သင့်တော်ပါတယ် ။


(၃)Neck Rotation-
ရှေ့ တည့်တည့် အနေအထားမှ ဦးခေါင်းကို ဘယ်ဘက် နဲ့ ညာဘက် တလှည့်စီ လှည့်ပေးပါ။
၁၀ စက္ကန့်မျှ ငြိမ်ပေးပါ။


(၄)Neck Side Extension-
ရှေ့ တည့်တည့် အနေအထားမှ ဦးခေါင်းကို ဘယ် ညာ တစောင်း တလှည့်စီ လှည့်ပေးပါ။
၅ စက္ကန့်မျှ ငြိမ်ပေးပါ။ ၁၀ ကြိမ်မျှ လုပ်ပါ။


(၅)Neck Stretch-
ပုံပါအတိုင်း ပုခုံး နှစ်ဖက်ကို အထက်သို့ မြှင့်တင်းပေးပါ။ ( ဇက်ကိုပုထားသလို အနေအထားဖြင့်) ၅စက္ကန့်မျှ ငြိမ်နေပါ။


(၆) Neck Forward Flexion-
လည်ပင်းကိုမတ်မတ်ထားရာမှ မေးစေ့နှင့် မိမိ၏ ရင်ဘတ်ထိသည်အထိ ငုံ့ ကြည့်ပေးပါ။ ၅ စက္ကန့်မျှ ငြိမ်ပေးပါ။ ၁၀ ကြိမ်မျှ လုပ်ပါ။

ဒီလေ့ကျင့်ခန်းများ လုပ်ရာမှာ လည်ပင်းကို အားသိပ်မစိုက်ပဲ ဖြေးညှင်းစွာလှုပ်ရှားပေးရမှာ ဖြစ်ပါတယ်။
...............................................................................................................

ခါးနာတတ်သူများ အတွက် ခါးလေ့ကျင့်ခန်းများ


(၁)Press Up: Sphinx Position-အီဂျစ်မှ Sphinx ခြင်္သေ့ကြီးများကဲ့သို့ ဝမ်းလျားမှောက် တံတောင်ဆစ်ထောက် ၊ တင်ပါးကို မကြွစေပဲ ခါးအထက်ပိုင်းကို ဖြေးဖြေးချင်းမြှင့်ပေးပါ ။ Yoga ကျင့်သလိုမျိုး လှုပ်ရှားမှုအားလုံးကို ဖြေးဖြေးချင်းစီလုပ်ပါ ။


(၂)Superman- ဆူပါမင်းကိုတော့ လူတိုင်းသိကြပါလိမ့်မယ်။ လွယ်ပါတယ် ။ ကြမ်းပေါ်မှာ ဗိုက်သားကပ်အောင် ဝမ်းလျားမှောက်ပြီး လက်နှစ်ဖက်ကို ရှေ့ သို့ ဆန့်တန်းထားရုံပါပဲ ၊ တခါမှာစက္ကန့်  ၃၀ မျှ ကို ၁၀ ကြိမ် လုပ်ပါ။


(၃)Standing Back Extension- မတ်မတ်ရပ် ၊ ခါးထောက် ၊ တင်းနိုင်သလောက် နောက်ပြန်လှန် ပြီး ၃ စက္ကန့်မျှ ငြိမ်နေပါ။ ၅ ကြိမ်မျှ လုပ်ပါ။


(၄)The "Dog"
ပေးစရာနာမယ်ရှားလို့ ခွေးနဲ့ နှိုင်းပြီးပေးရတယ်လို့တော့ မထင်စေချင်ပါ။ လူတွေအတွက် သစ္စာရှိသောမိတ်ဆွေဟု မှတ်ယူပါလေ ။ လေးဘက်ထောက် ၊ ကျောကို မြင့်လာအောင်ကုန်းပေးပြီး ၃၀ စက္ကန့် မျှုငြိမ်နေပါ။ အကြိမ် ၂၀ မျှ ပြုလုပ်ပါ။



(၅)Single Knee To Chest-ပက်လက်အနေအထားဖြင့် ညာခြေမြှောက် ဒူးကွေးပြီးဝမ်းဗိုက်ကိုကပ်တဲ့အထိ စက္ကန့် ၃၀ မျှ လက်နဲ့ဆွဲထားပါ ။ ထို့နောက် ဘယ်ဘက်ဒူး ကို အထက်ပါအတိုင်း တလှည့်စီ ဆွဲပါ။


(၆)Piriformis Stretch -ပက်လက်အနေအထားဖြင့် လက်နှစ်ဖက်ကို ဘေးဆန့်ထားပါ။ ညာဖက်ဒူးကိုကွေးပြီး ကိုယ်ခန္ဓာနဲ့ တင်ပါး အား ၄၅ ဒီဂရီခန့် စောင်းလိန်ပေးပါ။ စက္ကန့်  ၃၀ မျှ ငြိမ်နေပါ ။အတည့်ပြန်နေပါ။ ထို့နောက် ဘယ်ဖက်ဒူးကွေးပြီး အထက်ပါအတိုင်း တလှည့်စီပြုလုပ်ပါ။

(၇)Piriformis Standing-နံပါတ် ၆ နဲ့ နည်းတူတူပါပဲ။ မတ်တပ်ရပ် အနေအထားနဲ့ လုပ်လို့ရပါတယ် ။ ချော်မလဲစေရန်တော့ အထူးသတိပြုရပါမယ်။ ပေါင်ရင်းမှ နေပြီး အတွင်း ၊ အပြင် သို့ လှည့်ပေးရပါမယ် ။လှည့်ပြီးရင် တဖက်ကို ၁၀ စက္ကန့်မျှ ငြိမ်နေပေးပါ။ဘယ် ညာ ပြောင်းလုပ်ပါ။

(၈)Body Flexion-ပုံမှာပြထားသလို ပုဆစ်ဒူးတုပ်ထိုင်ပြီး လက်နှစ်ဖက်ကို ဝမ်းဗိုက်ပြင်ပေါ်ယှက်ထားပါ။ရှေ့ ဖက်သို့ ဖြေးဖြေးချင်းကွေးပါ။ခေါင်းနဲ့ ကြမ်းပြင်ထိသည် အထိကွေးရန်မလို။ စက္ကန့်  ၃၀ မျှုငြိမ်နေပါ။ ပြန်မတ်ပါ။ အကြိမ်ရသလောက် လုပ်ပါ။

(၉)Body Flexion And Stretch- နံပါတ် ၈ အတိုင်း အနေအထားမှ လက်နှစ်ဖက်ကို ရှေ့ သို့ ဆန့်တန်းထားပါ။

(၁၀)Bend Over - မတ်တပ်ရပ်အနေအထားဖြင့် လက်ပိုက်ပြီး ခါးကို ရှေ့ သို့ နိုင်သလောက် ညွှတ်ကွေးပါ။၁၀ စက္ကန့် မျှငြိမ်နေပါ။ ပြန်မတ်ပါ။ အကြိမ် ၂၀ ခန့် လုပ်ပေးပါ။

(၁၁)Stretch To Foot-ကြမ်းပြင်ပေါ်တွင်ခြေဆင်း ထိုင်ရက်အနေအထား မှ ခါးကို ဖြေးဖြေးချင်း အရှေ့ ဖက်သို့  ညွှတ်ကွေးပါ။ ၃၀စက္ကန့်မျှု ငြိမ်နေပါ။ ပြန်မတ်ပါ။ ၁၀ ကြိမ်မျှ လုပ်ပေးပါ။

(၁၂)Advanced Back Stretch-လုပ်ရတာ အနည်းသယ်မျှပိုပြီးခက်ခဲပါတယ်။ ပုံမှာပြထားသလို လေးဘက်ထောက်ထားပြီးနောက် ညာခြေနဲ့ဘယ်လက်ကို တဖြောင့်ထည်းဖြစ်အောင်မြှောက်ထားပါ ။ ၁၀ကြိမ်မျှု ပြုလုပ်ပါ။ နောက် ဘယ်ညာ ပြောင်းလုပ်ပါ။

(၁၃) The Plow -ပုံမှာပြထားသလို တပတ်လည်ဒေါင့်မျိုးဖြစ်ပြီး ၊ ဒီလေ့ကျင့်ခန်းထဲမှာ အခက်ဆုံးဖြစ်ပါတယ်။ သတိပြုရန် အချက်။ ။ခါးနာနေစဉ် အချိန်မှာ မပြုလုပ်ရပါ။

(၁၄)Press Up -အပေါ်ဆုံး Sphinx Position နဲ့ခပ်ဆင်ဆင်ပါပဲ။

အထက်ပါလေ့ကျင့်ခန်းများကို အားလုံးလိုက်မလုပ်နိုင်ပါကလည်း အရေးမကြီးလှပါ။ ကြိုက်ရာ ရွေးပြီး မိမိတတ်နိုင်သလောက် အဆင်ပြေစွာ ပြူလုပ်နိုင်ပါတယ် ။

ပုံများကို ဒီနေရာ ၁၂တို့မှ .ရှာဖွေရယူထားပါတယ်။


ဗိုက် ပြသနာ ဘယ်လိုရှာ....

$
0
0
ခန္ဓာကိုယ်တခုမှာ ဘယ်အင်္ဂါ က အရေးအကြီးဆုံးလည်း ။ ရှိရှိ သမျှ အင်္ဂါတွေအားလုံး သူ့ နေရာနဲ့သူ အရေးကြီးကြတာချည်းပါပဲ ။ ဦးနှောက်အာရုံကြောတွေ၊ သွေးလှည့်ပါတ်တဲ့စနစ် မှ နှလုံးနဲ့ သွေးကြောတွေ၊ အသက်ရှုလမ်းကြောင်း အတွက် အဆုပ်နဲ့လေပြွန်တွေ ။ အစာခြေလမ်းကြောင်းအတွက် ပါးစပ်မှ စပြီး စအိုဝ အထိအစာအိမ် အူ၊အသည်း၊ သည်းခြေ ၊ အညစ်အကြေး အဆိပ်အတောက်တွေ စွန့်ပစ်ဖို့ ကျောက်ကပ် ဆီးလမ်းကြောင်း၊ အားလုံး အရေးကြီးကြပါတယ်။ ရောဂါတခုခု ဖြစ်လာရင် ဘာရောဂါ ဖြစ်မှန်းသိရအောင် ကိုယ်ခန္ဓာမှ ပုံသဏ္ဍန် အမျိုးမျိုးနဲ့  ကျွန်ုပ်တို့ ကို အကြောင်းကြားပါတယ် ။ အဲ့ဒါတွေကို ရောဂါ လက္ခဏာ လို့ (Sign & Symptom) ခေါ်ပါတယ်။ ဥပမာ ဗိုက်အောင့်တယ်၊ ခေါင်းကိုက်တယ် ၊ ခေါင်းမူးတယ်၊ ရင်ဘတ်အောင့်တယ်၊ရင်တုန်တယ်၊ အန်တယ်။ ဝမ်းလျှောတယ်။ ဆီးကျင်တယ် စသဖြင့်ပေါ့ ။အဲ့ဒီအခါကျ ခေါင်းမူးရင် ဘယ်လိုပုံနဲ့ မူးရင် ဘာရောဂါကြောင့်ဖြစ်နိုင်တယ်၊ရင်ဘတ် ဘယ်နေရာမှာအောင့်ရင်ဘယ်လိုအောင့်ရင်ဘာရောဂါဖြစ်နိုင်တယ် ဆိုတာ အကြမ်းဖျင်း သိနိုင်ပါတယ်။ အတိအကျ သိဖို့ရာကတော့ ကျွမ်းကျင်သူပညာရှင်များမှ ဆက်ပြီးရောဂါ ရှာဖွေစစ်ဆေး ပေးလို့ ရပါတယ် ။ခု ပြောပြချင်တာကတော့ ဗိုက် ပြသနာ များ ပါပဲ ။

ဝမ်းတစ်လုံးကောင်း ခေါင်းမခဲ ဆိုတဲ့ စကားအတိုင်း ဝမ်းဗိုက်ပြသနာ ရှိနေခဲ့ရင် ခေါင်း အထိအောင် ပြသနာ ဖြစ်လာတတ်ပါတယ် ။ ခေါင်းကိုက် ခေါင်းခဲ ခေါင်းမကြည်မလင်နဲ့ နေရထိုင်ရတာ မသက်သာလှပါဘူး။
လူတိုင်း ဗိုက်အောင့် ဗိုက်နာဖူးကြမှာပါ ။ အနည်းဆုံး ကတော့ ဝမ်းသွားချင်တဲ့ အခါမျိုးမှာ ဗိုက် နဲနဲ ရစ် တာမျိုးလောက်တော့ ခံစားဖူးကြမှာပါ ။ဗိုက်နာတဲ့ အတိုင်းအဆ ပြင်းထန်မှု၊ နာကျင်ပုံ နာကျင်နည်း၊ နာတဲ့နေရာ ။သူနဲ့တွဲဖက်ပြီး ပြတတ်တဲ့ တခြား လက္ခဏာများကိုကြည့်ပြီး သူ့ မှာ ဘာရောဂါ ဖြစ်နိုင်ချေရှိသလည်း ဆို တာကို မှန်းဆလို့ ရပါတယ် ။
ခု ဒီအကြောင်းပြောပြချင်တာကတော့ ကိုယ့်ဟာကိုယ် ရောဂါရှာပြီး ကိုယ့်ဟာကိုယ် ကုသဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး ။ သာမာန်ဗဟုသုတမျိုး အနေနဲ့ ကိုယ့်ခန္ဓာကိုယ် ရဲ့  ဘယ်နေရာမှာ ဘာအင်္ဂါ အစိတ်အပိုင်းတွေ ရှိသလည်း ဆိုတာသိထားရင် အနည်းဆုံးတော့ မိမိမှာ ဘယ်လိုရောဂါ ဖြစ်နိုင်လိမ့်မလည်းလို့ အချိန်မဆွဲပဲ သိနိုင်အောင်ပါ ။


ဒီတော့ ဗိုက်နဲ့ပါတ်သက်ပြီး တည်နေရာ အနေအထား နဲ့ သူ့ အတွင်းဖက်က အစိပ်အပိုင်းတွေကို လွယ်လွယ် သိရအောင် ဗိုက်တပြင်ကို အကွက် ၄ ကွက် အကြမ်းဖျင်း ခွဲခြား သတ်မှတ်ထားပါတယ်။ ပုံမှာပြထားသလို အပေါ်၊ အောက်၊ ဘယ်၊ ညာ ဆိုပြီး ခွဲထားတဲ့အတွက် Left Upper Quadrant (LUQ), Left Lower Quadrant (LLQ), Right Upper Quadrant (RUQ), and Right Lower Quadrant (RLQ).လို့ ရေးသားကြပါတယ် ။
ပိုပြီး တိကျ အောင်ဖေါ်ပြလိုရင်တော့ အကွက် ၉ ကွက် ဖေါ်ပြကြပါတယ်။


ဗိုက်သားပြင်ရဲ့ အတွင်းဖက်ကိုယ်တွင်းခေါင်းမှာ ရှိနေတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို အဓိကအားဖြင့် ဒီလို ခွဲခြားထားပါတယ်။
၁-အစာခြေဖျက်ခြင်းနဲ့ဆိုင်တဲ့-အစာမြိုရေမြိုပြွန်ရဲ့  အောက်ဆုံးအပိုင်း(the end of the esophagus),အစာအိမ်( stomach), အူသိမ်နှင့်အူမကြီး (small and large intestines), အသည်း (liver), သည်းခြေ(gallbladder),မုန့်ချိုအိတ် ခေါ် သရက်ရွက်( pancreas)။
၂-ဝမ်းဗိုက်အတွက် နှလုံးသွေးလွှတ်ကြောမကြီးနှင့်သွေးကြောများ(The abdominal aorta)။
၃-အူအတက်(The appendix)- အူသိမ်အဆုံးပိုင်း နှင့် အူမကြီးအစပိုင်း ဆက်သွယ်ရာ နေရာမှာ ရှိပြီး အရေးကြီး လုပ်ငန်းတာဝန် မရှိ။
၎-ကျောက်ကပ် နှစ်လုံး( The kidneys) ဘယ် ညာ နှစ်ဖက် ၊ ဝမ်းဗိုက်ရဲ့ နောက်ဖက် အတွင်းပိုင်းတွင် ပဲစေ့ပုံသဏ္ဍန်ရှိပြီး ခန္ဓာကိုယ်မှ အဆိပ်အတောက် အညစ်အကြေးများကို ဆီးအဖြစ် စွန့်ထုတ် နိုင်အောင် ဆောင်ရွက်ပေး ပါတယ်။
၅-ဘေလုံး ( spleen) ဗိုက်ရဲ့ ဘယ်ဖက် အပေါ်အနောက်ဖက်နေရာမှာ တည်ရှိပြီး ရောဂါပိုးတိုက်ဖျက်ရေး နဲ့ သွေးလှည့်ပတ်ရေးအတွက် တာဝန်ရှိပါတယ်။

အဲ့ဒီ အင်္ဂါ အစိပ်အပိုင်းတွေမှာ ပြသနာ တခုခု ဖြစ်လာရင် သူနဲ့ ဆိုင်တဲ့ နေရာမှာ နာတတ်တယ် အောင့်တတ်တယ် ။ ဗိုက်နာတယ် ဆိုရင် နာတဲ့နေရာ( location of pain) နဲ့ နာပုံနာနည်း (Type of pain) -( အောင့်ပြီးနာသလား ၊ တပြင်လုံး နာသလား၊ တနေရာတည်း စူးပြီးနာသလား၊ ရစ်ပြီးနာသလား) ။onset of pain ( ရုတ်တရက် နာသလား၊ ရက်ရှည်နာနေတာလား Acute or Chronic) စတာ တွေဟာ ရောဂါရှာဖွေသတ်မှတ်ရေး( Diagnosis )အတွက် အရေးကြီးပါတယ်။

အခု ပြောချင်တာကတော့ ရုတ်တရက် ဗိုက်နာခြင်း (Acute Abdominal Pain) အကြောင်းပါ။
တခါတလေလည်း ဝမ်းဗိုက်ကြီးက မျက်လှည့် ပြတတ်ပါသေးတယ် ။ အခု ဒီနေရာမှာ စ အောင့် နေပေမဲ့ ခန ကြာတော့ နေရာပြောင်းသွားတတ်တာ လည်းရှိပါတယ် ။ ဥပမာ - အူအတက်ယောင်လို့  ဗိုက်နာတယ်ဆိုရင် သူက RLQ မှာရှိနေပေမဲ့ စစချင်းမှာ အစာအိမ် အောင့်သလို မျိုးနဲ့ ခပ်ဆင်ဆင် နာပြတတ်ပါတယ် ။ ရင်ညွန့် မှ စအောင့်ပြီး နာရီ အနည်းငယ်အတွင်း ဒါမှမဟုတ် ရက် အနည်းငယ် ၁ ရက် ၂ ရက်လောက်ကြာမှ သူရှိနေတဲ့ ညာဘက် အောက်ပိုင်း ကို ရွှေ့ ပြီး နေရာမှန် မှာ နာလာတတ်ပါတယ်။ အဲလို နာတာ အပြင် အော့အန်ခြင်း၊ ဝမ်းပျက်ခြင်း၊ ကိုယ်အပူချိန် အနည်းငယ်တက်ခြင်း စတဲ့ လက္ခဏာတွေပါ ရှိနိုင်ပါတယ်။ ဒါကြောင့် ရုတ်တရက် ဗိုက်အောင့်ခြင်းမျိုး (Acute Abdomen )ဆိုရင် အနီးကပ် စောင့်ကြည့်ခြင်း ( close Observation) က အရေးကြီးပါတယ်။ အဲ့လို စောင့်ကြည့်နေစဉ်မှာ လူနာကို ဘာ အစားအစာ၊ ရေ ၊ မျှ မပေးရပါဘူး ။ တကယ်လို့  အူအတက်ယောင်တာကြောင့် နာတာဆိုရင် အချိန်မရွေး ခွဲစိပ်ကုသဖို့ လိုအပ်တာမို့ ၊ အန္တရာယ် ကင်းစွာ မေ့ဆေးပေးလို့  ရအောင် ပါ။



အလားတူစွာ Refer Pain များရှိတတ်တဲ့ ရောဂါများလည်း ရှိပါသေးတယ် ။ ဥပမာ နှလုံးကြွက်သားသွေးမလုံလောက်လို့ ရင်ဘတ် အောင့်တဲ့ အခါ ၊တခါတလေကျရင် ဘယ်ဘက် ပုခုံး နဲ့ မေးရိုး လည်ပင်း နေရာများမှာလည်း အောင့်နေတတ်ပါတယ်။ အဲ့ဒါတွေက ဘာကြောင့်ဖြစ်ရသလည်း ဆိုတော့ ဒီ အင်္ဂါအစိတ်အပိုင်း နှစ်ခုစလုံးအတွက် ထောက်ပံ့ထားတဲ့ အာရုံကြောက တခုထဲ ဖြစ်နေတဲ့ အတွက်ကြောင့်ပါ။

အဲဒီ အထဲမှာ အများဆုံး နာတတ် အောင့်တတ်ကြတာ တွေကတော့
-Epigastric ရင်ခေါင်းရင်ညွန့် နေရာမှာဆိုရင် အများအားဖြင့် - အစာအိမ်(Gastritis) ၊ အူသိမ်ဦးပိုင်းယောင်ယမ်းခြင်း(Duodenitis)၊ အနာပေါက်ခြင်း(ulcer) သည်းခြေပြွန်ယောင်ယမ်းခြင်း (Cholecystitis Cholangitis) ၊ အသည်းယောင်ခြင်း(Hepatitis)၊ သရက်ရွက် ယောင်ခြင်း (Pancreatitis) ၊ သွေးယိုခြင်း စသဖြင့်။
တချို့ ဖြစ်နိုင်ခြေရှိတာတွေကတော့ -နှလုံးကြွက်သား အမြှေးပါးယောင်ခြင်း(Pericarditis Myocardial Infarct)၊ အဆုပ် ၊ အမြှေးပါးယောင်ခြင်း (Pneumonia, Pleurisy ,Pneomothorax)၊ရင်အုပ်နဲ့ ဝမ်းတွင်းခေါင်းခြားထားတဲ့အရွတ်ပြားအောက်တွင်ပြည်တည်ခြင်း (Subphrenic abscess)၊ ရင်ခေါင်းနှင့် ဝမ်းဗိုက်သွေးလွှတ်ကြောမကြီး အလွှာကွာပြီး ဖေါင်းထွက်လာခြင်း( Dissecting aneurysm) စသဖြင့် ..

- RUQ ညာဘက် အပေါ်မှာအောင့်ရင် ဖြစ်တတ်တာတွေက- အသည်း ယောင်ခြင်း သည်းခြေအိတ် ကျောက်တည်ခြင်း ယောင်ခြင်း စသဖြင့်။
တချို့ အနည်းအကျဉ်းဖြစ်တတ်တာတွေကတော့ - ကျောက်ကပ်ယောင်ခြင်း ၊ ညာဖက် ဆီးလမ်းကြောင်း ကျောက်တည်ခြင်း။ညာဖက် အဆုပ် နဲ့ အမြှေးပါး ယောင်ခြင်း ။ နှလုံးကြောင့် အောင့်ခြင်း တို့ လည်း ဖြစ်နိုင်ပါတယ်။

- LUQ ဘယ်ဘက် အပေါ်မှာ အောင့်ခဲ့ရင် ။ Stomach -အစာအိမ်ယောင်ခြင်း အနာဖြစ်ခြင်း ကြောင့် အဖြစ်များပါတယ်။ ၊Pancreas မုန့်ချိုအိတ်( သရက်ရွက် ) ယောင်ခြင်း ကျောက်တည်ခြင်းသွေးယိုခြင်း၊ Spleen ဘေလုံးကြီးခြင်း၊ပေါက်ခြင်း၊ ပုတ်ခြင်း၊ Left Kidney ဘယ်ဖက် ကျောက်ကပ်ယောင်ခြင်း၊ ကျောက်တည်ခြင်း၊ Lt Pleurisy , Pneumonia ဘယ်ဖက် အဆုပ်နဲ့ အမြှေးပါးယောင်ခြင်း စတာတွေ ကြောင့်ဖြစ်နိုင်ပါတယ် ။ ထိခိုက်ဒါဏ်ရာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဒါ့အပြင် ဝမ်းချုပ်တတ်သူများ အတွက် စဉ်းစားစရာကတော့ အူမကြီး အတွင်း စမြင်းတုံးများတစ်ဆို့ ခြင်း များလာရင် ဘယ်ဖက် ဝမ်းပိုက် အပေါ်နဲ့အောက်ပိုင်းတို့ မှာလည်း အောင့်တတ်ပါတယ်။

- RLQ ညာဘက်အောက် မှာ ဖြစ်တတ်တာတွေက - အူအတက်ယောင်ခြင်း၊ ပေါက်ခြင်း ။
တချို့ အနည်းအကျဉ်းဖြစ်တတ်တာတွေကတော့ -ဆီးလမ်းကြောင်း ကျောက်တည်ခြင်း -(ခါးနောက်ဖက်ပိုင်းမှ ရှေ့ အောက်ဖက်သို့ ထိုးဆင်းပြီး အောင့်တတ်တယ် )။ အူကျခြင်း Hernia စသဖြင့်။

- ဆီးစပ်အထက် Suprapubic နေရာမှာ အောင့်နိုင်တာတွေက အူမကြီး နောက်ဆုံးအပိုင်း ပိတ်ဆို့ ခြင်း ယောင်ခြင်း၊ အူအတက် ယောင်ခြင်း ၊ ဆီးအိမ် ယောင်ခြင်း၊ အမျိုးသမီးများအတွက် မျိုးဥအိမ်၊ ဥပြွန်၊သားအိမ် ယောင်ခြင်း ၊ ပေါက်ခြင်း၊နေရာမှားပြီး သန္ဓေတည်ခြင်း ၊ ရာသီလာ၍ အောင့်ခြင်း။

- Periumbilicus ချက်ပတ်လည်နေရာ မှာ အောင့်စေတာတွေက အူသိမ် ပိတ်ဆို့  ယောင်ယမ်း ပုတ်ခြင်း၊ မုန့်ချိုအိတ်ယောင်ခြင်း၊ အူရှိသွေးကြောများ ပိတ်ဆို့ခြင်း mesenteric thrombosis , dissecting aortic aneyrysm ၊ တို့ကြောင့် ဖြစ် တတ်ပြီး ၊ အူ အတက် ယောင်ခြင်းရဲ့ ဦးစွာ အချိန်မှာ လည်း ဒီနေရာမှာအောင့်တတ်ပါတယ်။

- LLQ ဘယ်ဘက် အောက်မှာ အောင့်ရင်- စဉ်းစားရမှာတွေကတော့ အူယောင်ခြင်း၊ အူ ပိတ်ဆို့ ခြင်း ဥပမာ စမြင်းတုံး၊ အလုံးအကြိတ် ၊ အနာပေါက်ခြင်း၊ အူကျခြင်း၊ ဘယ်ဘက် ကျောက်ကပ် ဆီးလမ်းကြောင်းမှာ ကျောက်တည်ခြင်း၊

အမျိုးသမီးများအတွက်ကတော့ ဘယ်ဖက် သို့မဟုတ်ညာဖက် အောက်ပိုင်းမှာနာရင်- မျိုးဥအိမ် ovary နဲ့ ဥပြွန် Fallopian tube မှာ ဖြစ်တတ်တဲ့ ယောင်ခြင်း၊အရည်အိတ်တည်ခြင်း ။ ပေါက်ထွက်ခြင်း ၊ ဥပြွန်မှာ သန္ဓေတည်ခြင်း ( Ectopic/Tubal pregnancy) ၊သားအိမ်ယောင်ခြင်း တို့လည်းဖြစ်နိုင်ခြေ ရှိကြောင်း ကို မမေ့သင့်ပါဘူး ။


တခါက ကြုံခဲ့ဖူးပါတယ် ။ အမျိုး သမီး တယောက် ဗိုက်အောင့်တယ်၊ အောင့်တဲ့နေရာက ဝမ်းဗိုက် အောက်ဖက်ပိုင်းမှာ ၊ သူက ဝမ်းတွင်း ကလီစာတွေ ဘယ်နေရာမှာ ဘာရှိမှန်းမသိ တော့ အစာအိမ်အောင့်တယ် လို့ ယူဆပြီး သူ့ ဟာသူ ပဲ အစာအိမ် လေထိုးလေနာပျောက်ဆေးတွေ သောက်ပါတယ်။ ၃ ရက် ကြာသွားတယ် ။မသက်သာဘူးပေါ့။ ဒီလို နဲ့ပဲ ဗိုက်ကြီးတပြင်လုံး မာတောင့်တောင့် နဲ့ မခံမရပ်နိုင်အောင် ဖြစ်ပြီး shock ရလာတော့ မှ ဆေးရုံ ရောက်လာတယ် ။ ကြည့်လိုက်တော့ ဝမ်းဗိုက်ခေါင်းထဲမှာ သွေးထွက်နေတဲ့ လက္ခဏာတွေပြလာလို့  အရေးပေါ် ခွဲစိတ်လိုက်ရတယ် ။ဖြစ်ရပုံကတော့ မျိုးဥပြွန်ဝ မှာ သန္ဓေတည်ခြင်းဖြစ် ပြီး ပေါက်သွားလို့  သွေးထွက်တာ ဖြစ်နေတယ်။ သူသာတကယ်လို့  common sense ရှိရင် သူ့ ဟာသူ ဘာဖြစ်နိုင်သလည်း ဆိုတာ တွက်ဆလို့ ရပါတယ်။ဒါဆိုရင် လိုအပ်မှန်ကန်တဲ့ ကုသမှုများ စောစောစီးစီးရယူနိုင်ပါတယ်။

ဒီလိုမျိုး ဗိုက်အောင့်တာဟာ ဝမ်းခေါင်းအတွင်းမှာ ရှိတဲ့ ကလီစာ အများကြီးထဲမှာ ဘယ်နေရာ ကစပြီး ပြသနာဖြစ်တာလည်း ဆိုတာကို တခါတရံတော့လည်း သေချာအတိအကျ အဖြေ မရှာနိုင်တာမျိုးလည်း ရှိတတ်ပါသေးတယ်။ ဝမ်းတွင်းခေါင်း အမြှေးပါးယောင်ယမ်းပြီး Peritonitis ဗိုက်တပြင်လုံးဂျပ်ခဲကြီးဖြစ်နေတတ်တာမျိုး ၊ ဘာကြောင့်မှန်းသေချာ မသိပဲ သွေးဆိပ်တက် တဲ့ အခြေအနေမျိုးဆိုရင် Laparotomy & proceed ဆိုပြီး ဗိုက်ကို အရင်ခွဲပြီးမှ ရောဂါရှာကုသ ရတာမျိုးလည်း ဖြစ်တတ်ပါသေးတယ်။

နောက်ဆုံးပြောပြလိုတာကတော့ ဗိုက်နာတာ ကို ပေါ့ပေါ့နေပြီး ဆေးမြီးတိုနဲ့ အချိန်ဆွဲကုသမနေသင့်ပါဘူး။ နာနေတဲ့ ဗိုက်ကို နင်းနှိပ်ခြင်းမပြုသင့်ပါဘူး။ အစာအိမ်ယောင်ခြင်းကြောင့်အောင့် နေတာကို အကိုက်အခဲပျောက်ဆေးများ မစားသုံးသင့်ပါဘူး ။ ပိုပြီး ဆိုးဝါးစေနိုင်ပါတယ်။တတ်ကျွမ်းတဲ့ ဆေးဘက်ဆိုင်ရာ ပညာရှင်များဆီ အချိန်မှီပြသပြီး အောင့်ရတဲ့ အကြောင်းရင်းကို စောစောစီးစီးရှာဖွေကုသသင့်ပါတယ် ။

ပုံများကို ဒီနေရာများမှ ယူပါတယ်။

ကျန်းမာ ရွှင်လန်းကြပါစေ။

သူတို့ကို အတုမယူကြစေချင်ပါ..

$
0
0
ဒီနေ့ တီဗီနဲ့ သတင်းစာ မှာ တွေ့ လိုက်ရတဲ့ သတင်း ။ သတင်းလို့ ဆိုတော့ လုပ်ကြံ ရေးထားတာလည်း မဟုတ်တန်ရာ ။ မီဒီယာတွေ ဖွတယ် လို့လည်း ယူဆလို့ မရ ၊ သူတို့ ကိုကြည့်ပြီး ရင်မောမိသလို ၊ ဘယ်အချိန်ခါမှာ ကြေကွဲဘွယ်ရာ နောက်ဆက်တွဲ သတင်းများ ကြားရပါလိမ့်မလည်း လို့ လည်း စိုးရိမ်စိတ် ဝင်လာမိတယ်။
အသိဥာဏ်ပညာ ရှိမှု မရှိမှု နဲ့ သက်ဆိုင်သလား ၊ သူများပြောစကား လွယ်လွယ် ယုံတတ်သူများ လို့ ယူ ဆလို့ ရမလား၊ တကယ့်ကို ရောဂါ ကြီးမားပြီး လူ့ လောကကြီးထဲ မနေချင်လောက်အောင်ကို စိတ်ညစ်နေကြသူတွေလား ။ သိပ္ပံပညာ တွေ အံ့မခန်းထွန်းကားနေပြီဖြစ်တဲ့ ယနေ့ခေတ်ကြီး ထဲမှာ ၊ ခေတ်နောက်ပြန်ဆွဲ အယူလွဲနေကြသူတွေ ပဲလား ၊ တခုခုတော့ မှားနေကြပြီ လို့  ယူဆလို့  ရတဲ့ အကြောင်းအရာ နဲ့ ဆက်စပ်လို့ ရတဲ့ အဖြစ် တခု၊ သတင်းတခု ဖတ်လိုက်ရ မြင်လိုက်ရ လို့  စိတ်ထဲမှာ အံ့သြခြင်းကြီးစွာ ဖြစ်သွားမိတယ်။ အကြောင်းစုံလင် သိချင်ရင် ဖြင့်တော့ ရှေ့  ဆက် ကလစ်ပြီး ကြည့်ကြပါကုန်...



အင်ဒိုနီးရှားနိုင်ငံမှ ပေါ်ထွက်လာတဲ့ သတင်းတခုပါ။
အတိုချုပ်ပြောရရင် တော့ အဆိုပါနိုင်ငံမှ လူတချို့ ဟာ မီးရထားသံလမ်းတွေပေါ်မှာ ပုံ ပြ ပါအတိုင်း ကန့်လန့်ဖြတ် လှဲလျှောင်း ပြီး လျှပ်စစ်ဓါတ်ကုထုံး လို့  ခေါ်တဲ့ ကုသနည်း တမျိုး ကို ပြုလုပ်နေကြ ပါတယ်။ဒီပုံကတော့ အင်ဒိုနီးရှားနိုင်ငံ Rawa Buaya,မြို့ အနီးရှိ ရထားသံလမ်းပေါ်မှာ လှဲလျှောင်းနေကြသူများပါ။
ဖြစ်ပုံက ဒီလိုပါ။ လွန်ခဲ့တဲ့ တနှစ်ကျော်လောက်မှာ တရုပ်လူမျိုး လူတယောက် လေသင်တုန်းဖြတ် ရောဂါ ဖြစ်နေပြီး ကုသလို့  မပျောက်ပဲစိတ် အညစ်ကြီး ညစ်နေရာက သူ့ ကိုယ်သူ အဆုံးစီရင် ဖို့  စိတ်ကူး ဝင်လာပါတယ်တဲ့ ၊ ဒါကြောင့် ရထားသံလမ်းပေါ် မှာ လှဲပြီး ရထားကြိတ်ခံ ဖို့  စောင့်နေရာမှာ ရထားမကြိတ်မိပဲ ၊ သူ့ ရောဂါပျောက်သွားတယ် ဆိုတဲ့ ကောလဟာလ သတင်းတခု ထွက်လာခဲ့ပါတယ်။ ဒီလို နဲ့ တဆင့်စကား တဆင့်ပွားရင်း ရောဂါပျောက်ချင်သူတွေ ရထားသံလမ်းပေါ် လာပြီး လှဲလျှောင်းကုသမှု ခံယူလာကြ တယ်။ တနေ့  တနေ့  ဒါဇင်များစွာ သောသူတွေ ၊ ဆေးကုသဖို့  စရိတ် မတတ်နိုင်သူတွေ ၊ ရောဂါပျောက်ချင်ဇောနဲ့ အန္တရာယ်လက်တကမ်းမှာ အသက်ကို လောင်းကြေးထပ် ပြီး ရောဂါကုသနေကြပါတယ်။

သူတို့ လှဲနေကြတဲ့ မီးရထား သံလမ်း နောက်တခုမှာ ရထားကြီးက အရှိန်နဲ့ ဖြတ်သွားတာကို မကြောက်မရွံ့ ပဲ လှဲလျှောင်းနေကြခြင်းဖြင့် ရထားသံလမ်းပေါ်မှာ ဖြစ်ပေါ်လာတဲ့ လျှပ်စစ်သံလိုက်စက်ကွင်း electromagnetic fields (EMFs) က၊ သွေးတိုး၊ ဆီးချို၊ အိပ်မပျော်တဲ့ ရောဂါ အစရှိတာတွေကို ပျောက်ကင်းစေနိုင်တယ် လို့  အယူလွဲစွာ ထင်မြင်နေကြပါတယ် ။ ဆေးဘက်ဆိုင်ရာတာဝန်ရှိသူများက ဒီအခြေအမြစ်မရှိတဲ့ ကုသနည်း ဟာ ရောဂါ ပျောက်ကင်းနိုင်ပါတယ် လို့ စမ်းသပ်တွေ့ ရှိမှု မရှိကြောင်း ပြောကြားထားပါတယ်။ ဆီးချိုရောဂါ နဲ့ ပတ်သက်တာတွေကို ပိုပြီး ဆိုးဝါးစေနိုင်တယ် လို့  လည်း ဆိုထားပါတယ်။

Electrical fields may actually worsen diabetes

While there is no consensus in the medical community, there are indications that exposure to electromagnetic fields (EMFs) may actually promote diabetes and related illnesses. The Dirty Electricity Blog notes that a patient’s hypoglycemic awareness (feeling that blood sugar is dropping) is dulled by the presence of intense EMFs/dirty electricity.

ဒါပေမဲ့လည်း ဆီးချိုရောဂါ ခံစားနေရတာ ၁၃နှစ် ရှိနေပြီဖြစ်တဲ့ အသက် ၅၀ အရွယ် အမျိုးသမီး Sri Mulyati ဆိုသူဟာလည်း ဒီလျှပ်စစ်သံလိုက် စီးကြောင်းတွေကြောင့် ဒီ ၆ လ အတွင်း သူရောဂါ သက်သာလာတယ်လို့  ယုံကြည်နေပါသေးတယ်။

ဒီ ဗီဒီယိုအပိုင်းလေးကို ကြည့်နိုင်ပါတယ်။




ဒါ့အပြင် သူတို့  အစိုးရကိုယ်တိုင်က ဒီလို ရထားလမ်းပေါ် နေသူတွေကို ထောင်ဒါဏ် ၃ လ ( သို့ မဟုတ်) အမေရိကန် ဒေါ်လာ ၁၈၀၀ နဲ့ တူညီတဲ့ ဒါဏ်ငွေ ချမှတ်မယ် လို့ အမိန့်ထုတ် တားဆီး ထားပါတယ်။ ဒါပေမဲ့လည်း ခုချိန်ထိတော့ ဘယ်တဦးတယောက်ကိုမျှ ထောင်ဒါဏ် ငွေဒါဏ် ချမှတ်ခဲ့ခြင်း မရှိသေးသလို ၊ ခုလို ပဲ ဆက်လက် လှဲလျှောင်းကုသခံနေကြသူများ ရှိနေဆဲပါပဲ။ ရောဂါပျောက်လိုသူတချို့ ကလည်း မပျောက်မချင်း ဆက်လက်လာနေဦးမယ် လို့  ပြောကြားပါတယ် ။ ရောဂါမပျောက်ပဲ အသက်ပျောက်ရမဲ့ အဖြစ်ကို ကြိုတင် မတွေးကြတာ သူတို့ စဉ်းစားဥာဏ် နည်းပါး နေကြလို့လား ၊ အယူလွဲနေကြဆဲလား တော့ မပြောတတ်ပါ ။

အမိမြန်မာပြည်ကြီးမှာလည်း အလားတူ အယုံမှားနေကြသူများ ၊ ရောဂါပျောက်နိုးနဲ့ ကင်ဆာ အကြိတ် အဖုကို မိုးကြိုးသွားဖြင့် ထိပွတ်ကုသသူများ၊ မကောင်းဆိုးဝါးကပ် ၊သူတပါး ပြုစားခံရတယ် ဆိုပြီး ဆေးကြိမ်လုံးဖြင့်ရိုက်နှက်ကုသသူများ၊ ဗေဒင် ယတြာ ဆေး အင်း မန်း တွေ သုံးပြီး အနာတခြား ဆေးတခြား ကြောင့် မလိုအပ်ပဲ အသက်ဆုံးရှုံးနေကြရသူများ ရှိနေပါတယ် ။ ကျန်းမာရေးအသိ ပညာပေးမှု ချို့တဲ့မှုများကြောင့် ၊ ကျန်းမာရေးအသိ နည်းပါးမှု များကြောင့် ၊ ဆေးကုသ စရိတ် ငွေကြေးချို့တဲ့မှုကြောင့် ဆေးရုံ ပြချင်သော်လည်း မပြနိုင် မကုနိုင် ဖြစ်ရပြီး ဗိန်းန္ဓောဆရာ လက်ချက်နဲ့ အသက်ဆုံးရှုံးရသူများလည်း ရှိနေကြပါတယ် ။ဒီအဖြစ်ဆိုးတွေကို ပပျောက်အောင် လုပ်သင့်ပါတယ်။

ဒီသတင်းနဲ့ ဆက်စပ်ပြီးတွေးမိတာ တခုရှိပါသေးတယ်။ အရှေ့  အနောက် တောင်နဲ့ မြောက် တလံတလျား ရှိနေတဲ့ အမိမြန်မာပြည်ကြီးရဲ့ အဓိက လမ်းပန်းဆက်သွယ်ရေး အဖြစ် အသုံး ပြုနေရတဲ့ ရထား သံလမ်း တွေပေါ်မှာလည်း နွားကျောင်းသား ကျွဲကျောင်းသား နဲ့ လူ တချို့ ရထားသံလမ်းပေါ်မှာ ( ကတ္တရာ ကားလမ်းမပေါ်မှာရော) အနားယူရင်း အိပ်ပျော်သွားလို့  ရထားကြိတ်၊ကားကြိတ် မိပြီး အသက်ဆုံးရှုံးရတဲ့ သတင်းတွေ မကြာခဏ ကြားခဲ့ဖူးပါတယ်။ ခုလိုများ ရောဂါပျောက်တယ် ၊ ဘာညာ ဆိုတဲ့ ကောလဟာလ သတင်းတွေသာ ပြန့် နှံ့ သွားခဲ့ရင်တော့ ရောဂါကြီးမား ပြီး ၊ ငွေကြေးချို့ တဲ့၊ အတွေးအခေါ်ချို့ တဲ့ ၊ အယုံလွယ်သူများ ဟာလည်း ခုလိုပဲ ရထားသံလမ်းပေါ်မှ လျှပ်စစ်ဓါတ်ဖြင့် ရောဂါကုသထုံးကို လိုက်ပြီးလုပ်နေကြမလား ...။ ဒါမှ မဟုတ် ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်းခံရတော့မယ် လို့ သတင်းထွက်နေတဲ့ မီးရထား ဆက်သွယ်ရေး ပိုင်ရှင်ကြီး မှ သံလမ်းလျှပ်စစ် ကုထုံးသစ်ဖြင့်၊ အခကြေးငွေယူကာ၊ ရောဂါကု ဖို့ များ စီမံလာလေ မလား.... ။ မြစ်ကြီး ဧရာဝတီ အတွက် စိုးရိမ် မျက်ရည်ကျ နေကြရတဲ့ ပြည်သူ များ အပြင် ၊ ရထားသံလမ်း ကြောင့် မျက်ရည်ကျရသူများ ပါဝင်လာလေမလား ...။

လွတ်လပ်တယ် ဆိုပြီး ကားလမ်းမပေါ် ဆေးရိုးတက်လှန်းနေကြတာ ၊ကားကြိတ်ခံရလို့ ဆေးရိုးက ဘာမှ မဖြစ်နိုင်ပေမဲ့၊ ခုလို ရထားလမ်းပေါ် မိမိကိုယ်ကို တက်လှန်း နေကြရင်ဖြင့် ကံမကောင်းတဲ့အချိန်နဲ့တိုက်ဆိုင်တဲ့အခါ ရောဂါ မပျောက် ပဲ အသက်ပျောက်ရမှာ သေချာပါတယ်။
မိမိအသက်ကို လောင်းကြေးထပ်ပြီး အန္တရာယ် လက်တကမ်းမှာ သေမင်းနဲ့ ကစားနေကြသူ ဒီလူများကိုကြည့်ပြီး အတုမယူကြစေလိုပါ ။ အရာရာကို ကိုယ်ပိုင် အသိဥာဏ်နဲ့ ယှဉ်ပြီး အကောင်း အဆိုး၊အကြောင်းအကျိုး ၊ အမှားအမှန်ကို ခွဲခြား သိမြင် နိုင်ကြပါစေ ။

ရည်ညွှန်းချက် ။ ။
http://www.newsytype.com/9657-indonesian-train-track-therapy/
http://www.cbc.ca/news/health/story/2011/08/02/train-track-therapy-indonesia.html

ဂွတီး ဂွကျ ....

$
0
0
တရုပ်လူမျိုးတွေ အတော့်ကို ဂွတီးဂွကျ နိုင်လွန်းတယ်။ စကားပြောတာ၊စာရေးတာ၊တွေးခေါ်တာတွေမှာ သူများတွေနဲ့မတူ ပြောင်းတိပြောင်းပြန်တွေ ရှိလွန်းတယ်။ အထာ မပေါက် တဲ့သူတွေ အတွက် ရယ်ရမလို ငိုရမလို အဖြစ်မျိုးတွေ ကိုယ်တွေ့ ကြုံ ခဲ့ရတာ မို့  ခုလိုပဲ ကောက်ချက်ချလိုက်မိပါတယ်။သူတို့  တိုင်းပြည်နေ သူတို့  ဆန်စား သူတို့ ရေသောက်ပြီး သူတို့ အကြောင်း မဟုတ်တရုတ် ပြောလိုက်တာ လို့ ယူဆနေသူများ ဒါလေးတွေ ဖတ်ကြည့်ကြပါအုံး။

ဦးစွာပထမ စာ အရေးအသားက အစ သူများနဲ့ မတူ ၊ ထော်လော်ကန့်လန့် ။ များသောအားဖြင့် ကမ္ဘာမြေကြီးပေါ်မှာ မှီတင်းနေထိုင်ကြသော လူမျိုးများစွာ ဘာသာ များစွာတို့ ဟာ အက္ခရာ စာပေ တွေကို စာရွက်ပေါ်မှာ ရေးကြတဲ့ အခါ အပေါ်ဆုံးလိုင်း ၊ ဘယ်မှစပြီး ညာ သို့ အလျှားလိုက် ရေးလေ့ရေးထ ရှိကြပါတယ်။ သူများနဲ့ မတူ တရုပ်စာတွေကျတော့ ညာဘက် အပေါ် ဆုံးဒေါင့်မှ အပေါ်အောက် ဒေါင်လိုက် ရေးတာ ရှိသလို ၊ ညာဘက်မှ ဘယ်ဘက်သို့ အလျှားလိုက် ရေးချတာတွေလည်း ရှိပါရဲ့။


ဒါကြောင့် စာတကြောင်းကို ဘယ်ဘက်မှ စဖတ်ရမလား ၊ ညာ ဘက်က စဖတ်ရ မလား မသိလို့ နားလည်မှု လွဲ အထင်လွဲ ခံရတာမျိုးလည်း ဖြစ်တတ်ပါသေးရဲ့လေ။ မြန်မာစာပေမှာ ကတ္တား၊ ကံ ၊ ဝါစက၊ ကြိယာ တွေ ကို သဒ္ဒါနည်း နဲ့ အညီရေးရတယ်။ အင်္ဂလိပ်စာမှာ လည်း Noun,Verb , Subject ,Object ဆို တာ တွေ နဲ့ အညီ စာတကြောင်း ဖွဲ့ရတယ်။ ဒါပေမဲ့ တရုပ်စာမှာ တော့ ဘာသဒ္ဒါ နည်းစနစ်မှ မလိုပါဘူး တဲ့။ ဂွကျပုံများ ... ဒါဆို ဘယ်စည်းကမ်းတွေ နဲ့ စာ ရေးကြသလည်း လို့  ဆိုတော့ ဒီလိုပဲ အဆင်ပြေသလို ရေးကြတာပဲ တဲ့လေ ။
ကဲ ဥပမာ တခု ပြောပြပါမယ်။ ကောင်လေးတယောက်က ကောင်မလေးတယောက်ကို စာရေးပြီး ဒီလိုပြောလိုက်တယ်။
ဗမာလိုရေး ပြောရရင်...“ နင့်ကို ငါ ချစ်တယ် ။ ဒါပေမဲ့ နင်က ငါ့ ကို မုန်း တယ်။”
အင်္ဂလိပ် လို ပြော ရင် ..“I love you but you hate me” ပေါ့ ။
တရုပ်လို ဆိုရင်တော့ “我 爱 你 但 你 恨 我”ပေါ့ ။ ဒါက ဘယ်ဘက်ကနေ စဖတ်တဲ့ ပုံစံ ကို ပြောတာ။ ..
ဒါပေမဲ့ ညာဘက်ကနေ စဖတ်လိုက်တဲ့ အခါကျ တော့ “ 我 恨 你 但 你 爱 我 ”ဖြစ်သွားရော ( ငါနင့်ကို မုန်းတယ် ဒါပေမဲ့ နင် က ငါ့ကို ချစ်တယ် ( I hate you but you love me )လို့ ဖြစ်မနေပေဘူးလား နော်။ ဒီလိုသာ သွားပြောမိလို့ ကတော့ ဟို မိန်းကလေး က ထပြီး ပါးမချလိုက်ရင် ကံကောင်း ပဲ။း))



စာအုပ်၊ သတင်းစာ ။ လှန်ပုံ လှန်နည်းကလည်း သူများနဲ့မတူ။ ဘာသာ လူမျိုး ပေါင်းစုံတို့ဟာ များသောအားဖြင့် စာအုပ်တအုပ် သတင်းစာတစောင် ကို ဖတ်မယ် စာရွက်တွေ လှန်မယ်ဆိုရင်လည်း ရှေ့ ဆုံးစာမျက်နှာကို ဘယ်ဘက်သို့ ဆွဲလှန်ပြီး နောက်တမျက်နှာဆက်ဖတ်ပေါ့နော် ။ ဂွတီးဂွကျ တရုပ်စာအုပ်တွေမှာ တော့ နောက်ဆုံး စာမျက်နှာ ကို ညာဘက်သို့ ဆွဲလှန်ပြီးတော့မှ နောက်တမျက်နှာ ဆက်ဖတ်ကြရတယ်လေ ။ ဒါကိုမသိတော့ အလှန်မတတ်တာကြောင့် လူရှေ့ သူရှေ့  အရှက်ကွဲခဲ့ရတဲ့ အဖြစ်လေးကို ပြန်တွေးမိလို့ ပြောပြအုံးမယ် ။

ဒီလူ့ ပြည်ဝပြည်ကြီး ကို မျက်စိသူငယ်နဲ့ ရောက်လာအပြီး များမကြာမှီ တနေ့ မှာ ပေါ့ ။ စာမတတ် အကန်းနဲ့တူ ဆိုသလို ဖြစ်နေမစိုးလို့ ဘူးသီးငပေါင်းကြော် ပဲပင်ပေါက် အညောက်ထွက် သလို ရှုပ်ရှက်ခတ်နေတဲ့ တရုပ်စာကို နဲနဲပါးပါးတော့ သင်အုံးမှပဲလို့ အတွေးဝင်လာတယ်။ ဒါနဲ့ တရုပ်စာသင်ဖို့ သင်တန်းတခု သွားတက်တယ် ။ ပထမ တရက်မှာ တရုပ်ဆရာမက အသံထွက် ပေါ ဖေါ မော ဖှော မှ စပြီး သံပြိုင်လိုက်ဆို ရတာပေါ့ ။နောက်တော့ လေ့ကျင့်ခန်း လုပ်ဖို့  စာမျက်နှာ ၁ ကို ဖွင့်ခိုင်းတယ်။ ၁ ကနေစပြီး ရွတ်ကြ ရေးကြ ပေါ့လေ။ သူများတတွေ လိုက်ဆို လို့  ခရီး အတော်ရောက်တဲ့ ထိ ကိုယ့်မှာ စာမျက်နှာ ၁ ရှာ မတွေ့ သေးဘူး ။ ဘေးကလူကို ကြည့်လိုက် ရှေ့ ကလူကို ခေါင်းစောင်းမျှော်လိုက်နဲ့ အလုပ်ရှုပ်နေတာကို ဆရာမ က မြင်သွားပါတယ် ။ ကိုယ့်နာမယ် ခေါ်ပြီး စာမျက်နှာ ၁ ဖွင့်လေ.. တဲ့ ( တကယ်ဆို အဲဒီ အချိန်က သူ့ အမူအရာကြည့်ပြီး နားလည်လိုက်တာပါ ။ ဘာတွေ ပြော နေလဲဆိုတာတော့ အတိအကျ မသိဘူးပေါ့)။ ဒါနဲ့ ခေါင်းခါ ပြလိုက်တယ် ။ ဘယ်လို ပြန်မေးရ မယ်မှန်းမှ မသိတာ ကိုး ။ ဆရာမ က သူပြောတာ မလုပ်ဖူးလို့ များ သဘောပေါက်သွားသလား မသိ ။သူ့  စာအုပ် ထောင်ပြပြီး လှန်ခိုင်းတော့တာပဲ ။ ဟယ် ခက်ပြီ ။စာအုပ်ကို ခါတိုင်းလှန်သလို ရှေ့ ဆုံးက လှန်တာပဲ ။ စာမျက်နှာ ၁ ကို မတွေ့ ပါဘူး ။ အဲဒီတော့ မှ ဘေးမှာထိုင်တဲ့ သူ တယောက်က ကိုယ့်စာအုပ်တအုပ်လုံးကို ဇတ်ကနဲ ပြောင်းပြန်လှန်ပြီး ဖွင့်ပေးတော့ မှ တွေ့ ပါပြီ ။ ဟိုးနောက်ဆုံးတရွက်က စာမျက်နှာ ၁ တဲ့လေ ။ အဲ့လို ဂွကျ တာ ပါ ။

ခုဆိုရင် ကမ္ဘာ့ နိုင်ငံတိုင်းလိုလို စီးပွားရေး ခြွတ်ခြုံကျ နေကြတယ် ။ ဒါပေမဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေးဆိုပြီး စာတမ်းဖတ်တာမျိုး လုပ်တယ်လို့ တော့ မကြားမိပါဘူး ။ စီးပွားရေး ဦးမော့အောင်လုပ်ကြတဲ့ နည်းလမ်းတွေ ကိုယ်တိုင်လည်း နားမလည် ။ ကမ္ဘာ့ ငွေကြေး စတော့ ရှယ်ယာ ကစားခြင်း ကိုလည်း နားမလည် ။ မစွန့်စားရဲ ။ ဘဏ်ထဲ ရှိတဲ့ ကိုယ့် လခလေး လိပ်နှုန်းနဲ့ တဖြေးဖြေး တက်လာလိုက် ၊ သုံးတာများတဲ့အချိန်ဆို ကွန်နက်ရှင် ကျသလို ဝုန်းကနဲ့ လျော့ကျသွားလိုက် နဲ့ ပဲ လခ ထုတ်ရက် မျှော်နေမိရတဲ့ အချိန်ကာလတွေ နှစ်လ တာရှည် ကြာခဲ့လေပြီပေါ့ ။

လုပ်ဖေါ်ကိုင်ဖက်တွေထဲမှာလည်း စတော့ရှယ်ယာ ကစားကြသူတွေ အများကြီးပါပဲ ။ တနေ့  တနေ့  သူတို့  ကြည့်နေလိုက်ကြတဲ့ ဈေးကွက် အတက်အကျ တီဗွီ အင်တာနက် လိုင်းတွေ မှာ ဂရပ်မျဉ်း အတက် အကျ တွေ ၊ အနီရောင် အစိမ်းရောင် မျဉ်း ဖြောင့် မျဉ်း ကောက်တွေ ကြည့်ရင်း ဘုမသိ ဘမသိ ကိုယ် လည်း ရောယောင် ပျော်တတ်လာတယ် ။ ဘယ်ဈေး ဘယ်လောက်တက်မှန်းမသိပေမဲ့ လုပ်ဖေါ်ကိုင်ဖက်တွေ သီချင်းတအေးအေး မြူးကြွနေတဲ့ သွက်လက်နေတဲ့ အချိန်ဆို ခန့်မှန်းတတ်လာတယ်။ ဒီနေ့  အခြေ အနေကောင်းတယ်ပေါ့လေ။ အဲ့ဒီနေ့တွေ နေ့ လည် နေ့ ခင်း ဆို အနည်းဆုံး အအေးလေး တခွက် တော့ တကာခံသူ ရှိတယ်ပေါ့လေ။ တခါတလေ ကံကောင်းတဲ့ ရက်ဆို ပီဇာလေး၊ ကြက်ကြော်လေး ကြိတ်ရသေးပေသကိုး ။အလကားရတာများ စားရတာ သိပ်အရသာရှိတာပါပဲ။
ဒါပေမဲ့ သူတို့  ဝယ်ထားတဲ့ စတော့ရှယ်ယာ ဈေးကျတဲ့ရက်ဆို ရင် တော့ ၊ ကိုယ့် ဟာကိုယ် အမှား မလုပ်မိအောင် သတိထား၊ ကြည့်ရှောင် ပေရော့ ပဲ ။ အဲလိုတက်ဈေးကျဈေးတွေကို နားလည်ဖို့ ရာကလည်း အတော်ကြီး ကြိုးစားပမ်းစား မှတ်မိအောင် လုပ်လိုက်ရသေးတယ်။ အကြောင်းကတော့ တက်ဈေး ကျဈေး ပြတဲ့ အနီမျဉ်းရယ် အစိမ်းမျဉ်းရယ် ကို ဂွတီးဂွကျ တရုပ်တွေက ကပြောင်းကပြန် သတ်မှတ်ထားကြလို့ပါပဲ ။ နိုင်ငံ အသီးသီးမှာ ကစားကြတဲ့ စတော့ရှယ်ယာ ဂရပ်မျဉ်းကြောင်းတွေ မှာ အတက် ဆိုရင် အစိမ်း ရောင်၊ အကျ ဆိုရင် အနီရောင် ပေါ့လေ ၊ တသမတ်ထဲ ဖေါ်ပြကြတယ် ။ သို့ ပေသော်လည်း ကိုရွှေတရုပ်တို့ က အတက်ကို အနီရောင် ၊ အကျ ကို အစိမ်းရောင်လို့  သတ်မှတ်ထားတယ်တဲ့လေ ။ပြောကို မပြောချင်တော့ဘူး။
ဒီအကြောင်း သေချာ မသိသေးခင် တနေ့မှာ တီဗွီမှန်သား တပြင်လုံးနီးပါး စိမ်းနေတာ တွေ့ တော့ ကိုယ်လည်း ကစားတာ မဟုတ်ပဲ အားရဝမ်းသာ နဲ့ အော်ပြော မိတယ် ။“ ဟေး... ဒီနေ့ တော့ ငါ ကံကောင်းတယ် စားဖို့  အသင့်ပြင်ထားတယ်” ဆိုတော့ သူတို့ လည်း တဟေးဟေး နဲ့ တီဗွီရှေ့ ကို ပြေးလာပြီး အကြည့် ၊ လက်မြန်တဲ့ တယောက်က ကိုယ့် ကျောကို ဗြန်းကနဲ မြည်အောင် ဗျောတီး ပါတော့တယ် ။“ ဟင် ။ နင်က ငါတို့ ရှုံးတာကို ဒီလောက် ပျော်နေရသလား ”တဲ့ ။ “ဟာ ဒုက္ခပါပဲ ။ ဒီတခါလည်း မှား ပြန် ပြီ ” လို့  ရယ်ကျဲကျဲ လုပ်နေတဲ့ ကိုယ့်ကို တွေ့ တော့ မှ သူတို့ လည်း ရယ်နိုင်ပါတော့တယ်။ တရုပ်မတယောက်က ပြောလိုက်သေးတယ်။ “မသေမချင်း မှတ်ထား ။ နီတာက ကောင်းတယ် ၊ စိမ်းတာက မကောင်းဘူး ”တဲ့ လေ..။ ဪ။ တရုပ်တွေများ အနီကို ဒီလောက်တောင်ကြိုက်တာ ပါလား ။ ဒါကြောင့် သူတို့ နတ်တွေမှာလည်း မျက်နှာနီနီ နတ်တွေ ၊ မည်းမည်းနတ်တွေ ၊ စိမ်းစိမ်း နတ်တွေအစုံ ရှိကြတာပဲ ထင်ပါရဲ့ ။ ဒီတော့ နတ်စိမ်းမျက်နှာကြီး ဖြတ်ကနဲ မြင်ယောင်မိလို့  မေးကြည့်လိုက်တယ်ပေါ့ ။ ဟင်..ဒါဆို ဟို မြောက် (寺廟=တရုပ်ဘုရားကျောင်း )ထဲက မျက်နှာစိမ်း နတ်ကြီးက မကောင်းဘူး ပေါ့ နော် . ဆိုတော့ တရုပ်မက “ဟယ်.. နင်တော့ ဒုက္ခရောက်တော့မယ် ။ နတ်ဆိုတာ တော့ အနီရော အစိမ်းရော အကုန်ကောင်းကြတာချည်းပဲ ”တဲ့။ သူတို့တွေ အများအားဖြင့်က နတ်ကိုးကွယ်ကြသူတွေ များတာကိုး..နတ်တွေ ပူဇော်ပသ ပွဲတွေ လည်း နှစ်စဉ် အကြီးအကျယ်လုပ်လေ့ရှိကြတယ် ။ ဝက်ကြီးတွေ ကြက်တွေ ဘဲတွေ အကောင်လိုက် ချက်ပြုတ်ပြီး နတ်ပူဇော်လေ့ရှိကြတယ်။ အိုး.. သူတို့ ဖာသာ ဘာနတ်ပဲ ပူဇော် ပူဇော် ကိုယ့်အတွက် အရေးမကြီးပါဘူး။ ပွဲတွေ ရှိတော့ စားရဝါးရတာ အမြတ်ပဲ မဟုတ်လား ။ ဒါက အနီ နဲ့ အစိမ်း သတ်မှတ်ပုံတွေ ကပြောင်းကပြန် ဖြစ်တာလေးတခု ပေါ့ ။

မီးပွိုင့် မှာ မီးနီ မီးစိမ်း မီးဝါ ဆိုတာ တကမ္ဘာ လုံး တူတူ ပဲ သတ်မှတ်ထားကြတာပါ ။မီးနီရင် ရပ် ၊ မီးဝါရင် သတိ ၊ အရှိန်လျှော့ ။ မီးစိမ်းရင် သွား ... ဒီ signal တွေက သိပြီးသားတွေ ပဲမဟုတ်ပါလား။ မီးဝါလို့  ပွိုင့်မှာရှိတဲ့ လူကူး မျဉ်းကျား မရောက်ခင် မျဉ်းဖြူကို ကျော်သွားမိရင်တောင် နောက်ပြန်ဆုတ်ဖို့  မနည်းလေ့ကျင့်ထားကြရတဲ့ ကိုယ်တို့  ရွှေပြည်သားတွေ ကို ဒီနေရာမှာ အတော်ချီးကျုးဖို့  ကောင်းပါတယ် ။ ဘာလို့ လည်းဆိုတာ သိကြမှာပါ ။ မီးပွိုင့်မှာ ချောင်းနေ ။ အဲလေ.. စောင့်နေကြတဲ့ ဆရာသမား ပရုပ်လုံးနဲ့ ဘဲဥ များ က ဒါမျိုးများဆို မျက်စိလျှင်မှလျှင် ။ ဝီစီသံ တရွှီးရွှီး နဲ့ အလုပ်တာဝန်ကို ကျေပြွန်ကြတော့တာပဲမို့  ဆင်ဖြူတော် လေးတွေ နေရင်း ထိုင်ရင်း မထွက် သွားရလေအောင် ယာဉ်စည်းကမ်းကို တကယ့်ကို တိတိကျကျ လိုက်နာလေ့ ရှိကြတယ်။ ( ဟဲဟဲ၊ ဘဲဥ တွေ မရှိတဲ့ အချိန်ဆိုရင်တော့ တမျိုးပေါ့လေ၊ ခုတော့ ရွှေဘဲဥတွေလည်း ခေတ်နဲ့ တပြေးညီ ခေတ်မှီ တိုးတက် လာကြပြီ ကြားတယ်။ အိုဗာစပိဒ် တို့ ၊ မီးနီဖြတ်တာတို့ ။ မရပ်ရတဲ့ နေရာ မှာ ရပ်ထားတာ တို့ ဆိုရင် ဓါတ်ပုံတွေ ရိုက်ပြီး ဒါဏ်တပ်နေကြပြီ ကြားပါတယ်။ နေပူထဲ ထွက်ပြီး ကားတားစရာမလိုတော့ဘူးပေါ့ ။ များများ မဆောင်ချင်သူတွေ လည်း ၅၁ လမ်းရုံး မော်တော်ယာဉ် ထိန်း ရဲ ကွန်ပြူတာခန်းကို သွားပြီး အလျှော့ အတင်းလုပ်လို့ ရပါသေးတယ်။ ဒါလိုမှ မဟုတ် ရင် လိုင်စင်ဝင်တဲ့ အခါ ကျတော့ အချိန်ကုန် ငွေကုန် လူပမ်း ဟိုဘက် ဒီဘက် ပြေးပေရော့ပဲ။ ဤကား... ..လမ်းကြုံတုံးဖေါက်သည်ချ သော ကိုယ်တွေ့  ၊ ကိုယ်တွေ့ .. )။
ဒီတိုင်းပြည် ဒီတရုပ်တွေ ကျတော့ မီးပွိုင့် signal အယူအဆက တမျိုး ။

တနေ့ မှာ သူငယ်ချင်း တရုပ်မ တယောက် မောင်းတဲ့ ကားကို ဘေးကထိုင်စီးပြီး စကားတပြောပြော လာလိုက်ကြတာ.. မီးပွိုင့် တခု အရောက်၊ မီးစိမ်း ကနေ မီးဝါ ရုတ်တရက် ပြောင်းသွားတယ် ။ တကယ်ဆိုရင် မိနစ် အချိန်ပြတဲ့ countdown timer တွေ ရှိနေတာ ကို သတိမထား မိလို့ ပါ ။ အဲဒီအချိန်မှာ မီးဝါကို ရုတ်တရက်တွေ့ လိုက်ရတဲ့ တရုပ်မက ဘာလုပ်တယ် ထင်သလည်း ။ လီဗာကို အသကုန် နင်းတော့တာပါပဲ ။ အမလေး ဘုရား ဘုရား မော်တော်ပီကယ် တော့ မရှိ ။ ဒါပေမဲ့ ပွိုင့်တိုင်းလိုလိုမှာ စီစီတီဗီ ကင်မရာတွေ တပ်ထားတာ ။ ဒုက္ခပါပဲ ဒါဏ်ငွေ ရိုက်ခံ ထိတော့ မယ် လို့  စိုးရိမ် မိတဲ့ အပြင် ၊ ဘယ်ကားနဲ့များ ဝင်ကြုံး မလည်း တွေးမိလို့  မျက်စိမှိတ်ပြီး အော် လိုက် မိတယ်။ အဲဒီတော့ ကားမောင်းနေတဲ့ တရုပ်မက “နင်ဘာဖြစ်တာလည်း ။ မီးဝါပြနေတာက မြန်မြန်မောင်းလို့  ပြောတာ လေ”.. တဲ့ ။ ဪ .. သူတို့  အယူအဆ နဲ့ သူတို့  ကျတော့ လည်း ဟန်ကိုကျလို့ ။ မရှောင်ရင်လွတ်တယ် ဆိုသလို အဲ့လို မြန်မြန် မောင်းလိုက်တော့လည်း မီးနီမမိ လွတ်သွားတာ တကယ်ပါပဲ ။ ( ကံကြီးပေလို့  ယာဉ်တိုက်မှုမဖြစ်ပဲ လွတ်သွားတာ မို့  နောင် မှာ အဲဒီ ဂွတီးဂွကျ တရုပ်မ မောင်းတဲ့ကားဆို ဘယ်တော့ မှ လိုက်မစီး ဖြစ်တော့ပါ ဘူး ။ အသက်ကို ဥာဏ်စောင့်တယ် မဟုတ်ပါလား)..

အရောင် နဲ့ ပတ်သက်ပြီး နောက်တခု ဂွတီးဂွကျ ဖြစ်ရတာ ရှိသေးတယ် ။ အနီကြိုက်တဲ့ တရုပ်တွေရဲ့  မင်္ဂလာ အခမ်းအနားတွေမှာ ရဲရဲတောက်အောင်နီကြပြန်ပေတယ် ။ မင်္ဂလာ လက်ဖွဲ့ပေးတဲ့ စာအိတ်ဆို လည်း အနီမှ ။ ဒါကို နားမလည်တဲ့ အကျွန်ုပ်ခမျာ ၊တနေ့မှာ မင်္ဂလာဆောင်သွားရောက်ဖို့ အကြောင်းရယ်က ဖန်လာပြန်တယ်။ မလွှဲသာ မရှောင်သာ မသွားလို့ လည်း မကောင်းတာမို့  လွယ်လွယ်ကူကူဖြစ်အောင် လက်ဖွဲ့ ငွေပဲ ထဲ့မယ်ပေါ့ ။ဒီလိုနဲ့ ရွှေပြည်ကြီးက ထုံးစံအတိုင်း စာအိတ်ဖြူလှလှလေး ထဲ လက်ဖွဲ့ ငွေကိုထဲ့ပြီးသွားမိပါလေရော ။တော်သေးတယ် ၊ မင်္ဂလာ အခမ်းအနား မရောက်ခင်မှာပဲ သူငယ်ချင်းတရုပ်မက နင် လက်ဖွဲ့ငွေ ဘယ်လောက်ထဲ့သလည်း စပ်စုမိပေလို့ ပဲ။ နို့ မို့ ဆို လူကြားထဲ မျက်နှာပျက်ရပေအုံးမယ်။ ဪ။ ဒီပြည်ကြီးမှာ ဒီလူမျိုးတွေက စာအိတ်ဖြူဆိုတာ အသုဘအကူငွေကို ထဲ့ကြတာ တဲ့လေ ။ အဲ့ဒီနောက်မှာ တော့ စာအိတ်နီ 紅包 , နဲ့ စာအိတ်ဖြူ 白包 တို့အားခွဲခြား အသုံးချပုံတွေ ကို အရိုးစွဲ တဲ့ထိ မှတ်လို့ သာ ထားလိုက်ရပေတော့သဗျိုး ။

ဂွတီးဂွကျ နိုင်လှတဲ့ တရုပ် လူမျိုးတွေရဲ့  ထုံးစံ တွေးခေါ်ပုံများ နောင် အလျဉ်းသင့်တာရှိရင် ဆက်ပြီး ဖေါက်သည်ချပါအုံးမယ် ။ခုလောလောဆယ်မှာတော့ တံငါနားနီး တံငါ ဆိုသလို ကိုယ်တိုင်လည်း ဂွကျ သူများ နဲ့နီးတော့ ဂွကျကျဖြစ်နေပြီလား လို့  လည်း ကိုယ့်ကိုယ်ကို ပြန်လည် ဆန်းစစ်နေမိပါတယ်။

မိတ်ဆွေ အပေါင်းတို့ မှာ ရော၊ ဂွတီးဂွကျ အတွေးတွေ အမြင်တွေ အပြုအမူတွေများ ရှိနေပြီလား....

အားလုံး ချမ်းမြေ့  ရွှင်လန်းကြပါစေ ။

မှားချက်ရယ် တစ်ချက်ကြောင့်၊ စေတနာတခုမှ ဝေဒနာများစွာသို့..

$
0
0
စေတနာအစစ်အမှန်ရှိပါသော်လည်း မသိလို့ ဖြစ်သွားရတဲ့ အမှားမျိုးကို တချို့ကိစ္စရပ်တွေမှာ ခွင့်လွှတ်လို့ရကောင်းပါရဲ့  ။ ။ကာယကံရှင်မှ စေတနာ နဲ့ ပြုလုပ်တဲ့ လုပ်ရပ် တခုမှာ ပေါ့ဆမှုကြောင့် မမှားသင့်ပဲ မှားမိသွားတဲ့အခါမျိုးကျတော့ ဘယ်လိုမှ ခွင့်လွှတ်နိုင်စရာ အကြောင်းမရှိပါဘူး ဆိုတာ သိစေချင်လို့ ဒီအကြောင်းအရာလေးကိုရေးလိုက်ပါတယ်။


ခေတ်မှီတိုးတက်နေပါတယ် လို့ ဆိုတဲ့ နိုင်ငံတနိုင်ငံမှာတောင် ခုလိုအမှားမျိုးပြုမိတဲ့ အဖြစ်တခု ၊ ကမ္ဘာပေါ်မှာ ပထမ ဦးဆုံးဖြစ်ခဲ့တဲ့ မမှားသင့်တဲ့ အမှားတခု၊ မကြာခင်ရက် အနည်းငယ်က ဒီနိုင်ငံရဲ့ ဆေးပညာလောကမှာ ဖြစ်သွားခဲ့ပါတယ် ။ဇာတ်လမ်း အကျဉ်းချုပ်က ဒီလိုပါ ။



၂၀၁၁၊သြဂုတ်လ ၂၄ ရက်နေ့ က ထိုင်ဝမ် နိုင်ငံ ရှင်းကျု 新竹 မြို့ နေ 邱 မျိုးရိုးအမည်၊ အသက် ၃၈ နှစ်အရွယ် အမျိုးသားတယောက် တိုက်ပေါ်မှ ခုန်ချ သေကြောင်းကြံခဲ့ရာမှာ ဦးနှောက်သေဆုံးခြင်း ( Coma ) လို့  အတည်ပြုပြီးတဲ့နောက် ကျန်ရစ်သူမိသားစုမှ သူ့ ရဲ့ ကောင်းမွန်နေသေးတဲ့ ကိုယ်ခန္ဓာ မှ အင်္ဂါ အစိတ်အပိုင်း တို့အား လိုအပ်သလို အသုံးပြု နိုင်ဖို့  လှူဒါန်းခဲ့ပါတယ်။ ဒါကြောင့် ထိုင်ဝမ်နိုင်ငံရဲ့ အကြီးဆုံး ဆေးဘက်ဆိုင်ရာတက္ကသိုလ်ဆေးရုံကြီး National Taiwan University Hospital (台大醫院) ရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုး ခွဲစိတ်ကုသရေးအဖွဲ့ သို့  အမြန်ဆုံး အကြောင်းကြားခဲ့ပါတယ် ၊ ထို အဖွဲ့ မှ လှူဒါန်းသူ( Donar) နဲ့ လက်ခံသူ (Recipient) အံဝင်ဂွင်ကျ ရှိ မရှိ အတွက် လိုအပ်တဲ့ စစ်ဆေးမှုများ ( သွေးအမျိုးအစား၊ ကူးစက်ရောဂါ ရှိမရှိ ၊ ဘီပိုး စီပိုး HIV အစရှိတဲ့ သွေးစစ်ခြင်း အပါအဝင် အသေးစိတ် စစ်ဆေး ခဲ့ပါတယ် ၊ ) ။ သွေးစစ်ဆေးရေး ဓါတ်ခွဲခန်းမှ HIV ပိုးရှိသည် (HIV Reactive) ဆိုတဲ့ အဖြေကို အစားထိုးခွဲစိတ်အဖွဲ့ သို့  ဖုံးဖြင့် အကြောင်းကြားရာမှာ ၊ လက်ခံ နားထောင်သူမှ ပေါ့ဆစွာ ဖြင့် HIV ပိုးမရှိပါ ( HIV-Non Reactive) လို့ ရေးမှတ်လိုက်ပါတယ် ။


သြဂုတ်လ ၂၅ ရက်နေ့ မှာ - အဆိုပါ အကောင်းပကတိကျန်နေသေးတဲ့ အဆုပ်၊ ကျောက်ကပ်တစ်စုံ နှင့် အသည်း တို့ ကို ၊ NTUH မှ လူနာ ၄ ဦး ထံ သို့၎င်း၊ နှလုံးအား ချန်သဆေးရုံ(成大醫院) မှ လူနာတဦး သို့ ၎င်း အစားထိုး ခွဲစိတ် ကုသပေးလိုက်ပါတယ်။


သြဂုတ်လ ၂၆ ရက်နေ့ မှာ မှ အဆိုပါ လှူဒါန်းသူမှာ (HIV ပိုးရှိသည်) လို့ သိရပြီး နောက်တကြိမ် ပိုးထပ်စစ်ပါတယ်။ သေချာပါတယ် ။ ဒီလှူဒါန်းသူမှာ HIV ပိုးရှိနေခဲ့ပါပြီ ။ ဒါကြောင့် ချန်သ ဆေးရုံမှ နှလုံးအစားထိုးခွဲစိတ်အဖွဲ့ နဲ့ အစားထိုးခံရသူလူနာရှင် တို့ အား အကြောင်းကြား အသိပေးခဲ့ပါတယ်။

သြဂုတ်လ ၂၇ ရက်နေ့ - NTUH ဆေးရုံကြီးမှ တာဝန်ရှိသူများက ကူးစက်ရောဂါထိန်းသိမ်းကွပ်ကဲရေးဌာန (CDC) ၊ အင်္ဂါအစားထိုးခြင်းဆိုင်ရာမှတ်တမ်းဌာန နဲ့ အစားထိုးကုသခံ လူနာများရဲ့ မိသားစုများထံ အကြောင်းကြားပြီး ထို လူနာများအား HIV ရောဂါကာကွယ်ဆေးများ သုံးစွဲဖို့ ပြောကြားခဲ့ပါတယ် ။ ဒါပေမဲ့ အဆိုပါ ခွဲစိတ်မှုများကို လုပ်ဆောင်ပေးခဲ့ကြတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ ( ဆရာဝန် ၊သူနာပြု )အား ကာကွယ်ဆေးသုံးစွဲကုသရန် မပြောကြားခဲ့ပါ။( HIV ကာကွယ်ဆေး ဟာ ရောဂါမဖြစ်အောင် ဘယ်လောက်အတိုင်းအတာထိ ကာကွယ်ပေးနိုင်မှု ထိရောက်မှုရှိတယ် ဆိုတဲ့ အချက်ကို ယခုထက်တိုင် သေချာစွာ မသိကြသေးပါ )

ဖြစ်သွားခဲ့တဲ့ အခြေအနေကို ပြန်ပြီး စစ်ဆေးကြည့်တဲ့ အခါမှာ အဆိုပါ HIV ပိုးရှိသူလူနာထံမှ အင်္ဂါအစိတ် အပိုင်းများကို ဖြတ်တောက်ခွဲစိတ်ပေးတဲ့ အဖွဲ့မှာပါဝင်သူ အနည်းဆုံး ၆ ဦး၊ အသည်း၊ အဆုပ် နှင့် ကျောက်ကပ် တစ်လုံးစီအား အစားထိုးပေးတဲ့အဖွဲ့ မှာပါဝင်သူ ၄ဦးစီ ။ နှလုံး အစားထိုးအဖွဲ့မှာ ပါဝင်သူ ၃၁ ဦး ၊ စုစုပေါင်း ဆေးဘက်ဆိုင်ရာဝန်ထမ်းများ အနည်းဆုံး ၅၃ ဦး တို့မှာ HIV ရောဂါ ကူးစက်ခံရဖို့  အလားအလာ တွေ ရှိနေပါတယ် ။ ဒီထက်ဆိုးတဲ့ အခြေအနေကတော့ အစားထိုးကုသမှု ခံလိုက်ရတဲ့ လူနာ ၅ ဦး တို့ပါပဲ ။ သူတို့ ဟာ ဒီရောဂါပိုးအများအပြား ပါရှိနေတဲ့ အင်္ဂါအစိတ်အပိုင်းများကိုရယူထားရတဲ့ အတွက် HIV ရောဂါ လက္ခဏာတွေကို မလွဲမသွေ အမြန်ဆုံး ကူးစက်ခံစားရတော့မှာ ဖြစ်ပါတယ်။

ဒီကိစ္စမှာ တာဝန်ရှိတဲ့ ဓါတ်ခွဲခန်း နဲ့ အစားထိုးခွဲစိတ်အဖွဲ့ တို့မှဝန်ထမ်းများအား ထိုက်သင့်သလို အရေးယူဆောင်ရွက်ဖို့  အခြေအတင် ဆွေးနွေးနေကြဆဲပါ ။

လက်ရှိ ဥပဒေ အရ ဆိုရင် အင်္ဂါ အစိတ်အပိုင်းများကို အစားမထိုးမှီ HIV ပိုး ရှိ ၊ မရှိ စစ်ဆေးရပါမယ် ။ ပိုးရှိ သူရဲ့ အင်္ဂါကို အစားထိုးကုသမှု မပေးရပါ ။ ထို အချက်ကို ဖေါက်ဖျက်ပါက တာဝန်ရှိသူအား ဒါဏ်ငွေ သုံးသောင်း မှ တစ်သိန်းခွဲ (ထိုင်ဝမ် ဒေါ်လာ ) ချမှတ်နိုင်တဲ့ အပြင် ထောင်ဒါဏ် ၃နှစ်မှ ၁၀ နှစ်ထိ ချမှတ်နိုင်ပါတယ်။

အကယ်၍ ခုလို ပေါ့ဆမှု အတွက် လူနာ သေဆုံးပါက ၊ အဆိုပါဆေးရုံအား ဒါဏ်ငွေ ငါးသောင်းမှ ငါးသိန်း ထိချမှတ်နိုင်ပြီး ဆေးရုံလုပ်ငန်းလိုင်စင် ပိတ်သိမ်းခြင်း တစ်လမှ တစ်နှစ်ထိ ချမှတ်နိုင်ပါတယ်။
-----------------------------------------------------------------------------------------

ဒီအဖြစ်ကို ပြန်လည် သုံးသပ်ကြည့်မယ်ဆိုရင် - ဦးနှောက် သေဆုံးသူထံမှာ HIV ရောဂါပိုးရှိနေမှန်း အမှန်တကယ် မသိရှိခဲ့ပါ၍၊ အကောင်းအတိုင်းကျန်ရစ်နေတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို အလဟဿမဖြစ်စေပဲ အခြားသူတွေ အသက် ကယ်စေလိုသဖြင့် လှူဒါန်းခဲ့တဲ့ လူနာရှင် ကျန်ရစ်သူ မိသားစုတို့ရဲ့ စေတနာကောင်းဟာ ၊ ပေးအပ်ခံရသူလူနာများနဲ့ မိသားစုများကို ကနဦး အစမှာ အတိုင်းအဆမရှိ ဝမ်းမြောက်စေခဲ့ပေမဲ့၊ တစုံတယောက်ရဲ့ ပေါ့ဆမှုကြောင့် သက်ဆိုင်တဲ့ လူပေါင်းများစွာအတွက် ဝေဒနာများစွာကို ဖြစ်ပေါ်စေခဲ့ပါတယ် ။ဘယ်လို ဒါဏ်ငွေ ထောင်ဒါဏ်မျိုး ချမှတ်ပေမဲ့လည်း၊ ဒီ ရောဂါဆိုးကြီး ဘယ်အချိန်မှာ ပေါ်ပေါက် ခံစားရလာမလည်း ဆိုတဲ့ ကြောင့်ကျ စိုးရိမ်မှု ဝေဒနာ များကို ချေဖျက်လို့ ရနိုင်မယ် မဟုတ်ပါဘူး ။

စကားတခွန်းကို ( ရှိသည် / မရှိပါ ) သေချာ နားမထောင်ပဲ ပေါ့ပေါ့ဆဆပြုခဲ့သူ၊ တိုးတက်လှပါတယ် ဆိုတဲ့နိုင်ငံတွေမှာတောင်( သွေးအဖြေ မှတ်တမ်းကို အရေးကြီးလျှင်ကြီးသလို Fax ,e mail စသဖြင့် ပေးပို့နိုင်ပါလျှက်နဲ့၊ ယခုဆိုလျှင် electronic chart system များနဲ့ အလွယ်တကူ မှတ်တမ်းတင် ပြီး အဖြေလွှာ ရှာယူနေနိုင်ပါလျှက်နဲ့ )ဖုံးဆက်ပြီး ပေါ့ပေါ့ဆဆ ပြောဆိုသူ၊ မှတ်တမ်းတင်သူ၊ နှစ်ဦး နှစ်ဖက်မှ နှစ်ခါပြန်စစ်ဆေးခြင်း Double Check မလုပ်ပဲ ခွဲစိတ်မှုကို ပြုလုပ်သူ ၊ အဆိုပါ တာဝန်ရှိသူများ ရဲ့ ပေါ့ဆပုံများကို သေချာစစ်ဆေး အရေးယူဖို့ လုပ်ဆောင်နေကြပြီဖြစ်ပေမဲ့ နောက်ဆက်တွဲ ရောဂါခံစားလာရမဲ့သူတွေ အတွက်တော့ လောလောဆယ်တော့ ကြိုတင်ကာကွယ်ဆေးသောက်သုံးစေဖို့  နဲ့ အချိန်မှန် သွေးစစ် ဆေး ပေးမှု အတွက် စီစဉ် ဆောင်ရွက်ပေးမှုမျိုး သာ ရှိနေပါသေးတယ် ။ပိုပြီးတိကျသက်ရောက်တဲ့ ဥပဒေ မျိုး ချမှတ်ပေးဖို့ လည်းတောင်းဆိုနေကြပါတယ်။ ခုလို အမှားတခုတွေ့ ရင် အမှန်ဖြစ်အောင်၊ နောက်ထပ် အလားတူ အမှားမျိုး မဖြစ်ရလေအောင် ပြုပြင် ထိန်းသိမ်းမှုတွေ ရှိနေတာကတော့ သင့်တော် ကောင်းမွန်ပါတယ်။ အဆိုးထဲက ရလိုက်တဲ့ သင်ခန်းစာကောင်းတခု လို့ ပဲ မှတ်ယူရမှာပါ ။
အဆိုပါဆေးရုံမှ တာဝန်ရှိသူများကလည်း သူတို့ရဲ့ မှားယွင်းပေါ့ဆမှုတွေကို ဝန်ခံ တောင်းပန် ခဲ့ ပြီး လိုအပ်တဲ့ ပေးဆပ်မှုများကို တာဝန်ယူဆောင်ရွက်ပေးမဲ့ အကြောင်း ပြောခဲ့ပါတယ် ။ အမှားကို ဝန်ခံတာဝန်ယူတတ်တဲ့ လူ့ အဖွဲ့ အစည်းမျိုး ရှိနေသေးတာကြောင့် ကိုယ့်တိုင်းပြည်ကိုလည်း ခုလို အခြေအနေမျိုးမှာ ရှိစေချင်လှပါတယ်။

ခုလို လူတဦးရဲ့ ပေါ့ဆမှု ကြောင့် အမှတ်တမဲ့ မှ ဆိုးဆိုးဝါးဝါး အခြေအနေတွေ ဖြစ်သွားခဲ့ အဖြစ်မျိုးတွေ ဒီကမ္ဘာကြီးမှာ ရှိနေခဲ့ပါတယ် ။
ကားမောင်းသမားတဦး ပေါ့ဆမှုကြောင့် ခရီးသည် အသက်ပေါင်းများစွာဆုံးရှုံးခဲ့ရတာ ၊ လေယာဉ်ထိန်းသိမ်းမှူ အချက်ပြမှုပေါ့ဆလိုက်လို့  ခရီးသည် အသက်ပေါင်းများစွာဆုံးရှုံးခဲ့ရတာ ။လမ်းတံတား အဆောက်အဦ အင်ဂျင်နီယာ၊ ကန်ထရိုက် တို့ရဲ့ ပေါ့ဆမှု မသမာမှုများကြောင့် အပြစ်မဲ့ ပြည်သူတွေ အသက်ဆုံးရှုံးခဲ့ရတာ ၊ အဖွဲ့အစည်းတခု တိုင်းပြည်တခုရဲ့ ဦးဆောင်သူ တာဝန်ရှိသူတွေရဲ့ ပေါ့ဆမှုကြောင့် တာဝန်မဲ့မှုကြောင့် မသမာမှုများကြောင့် တိုင်းသူပြည်သားလူအများတို့ ရဲ့ အသက် အိုးအိမ် စည်းစိမ်များ ပျက်စီး ဆုံးရှုံးခဲ့ရတာ တွေဟာ ကြိုတင် ကာကွယ်မှု မပြုနိုင်တဲ့ သဘာဝဘေးအန္တရာယ်များကြောင့် ဆုံးရှုံးရတာတွေ လိုပဲ ရင်နာစရာ ကောင်းလှပါတယ်။

အကယ်၍သာ လူတိုင်း လူတိုင်း အရာရာကို သတိလက်မလွတ် လုပ်ကိုင် နေထိုင် နိုင်ကြမယ် ဆိုရင် ၊ကိုယ့်တာဝန် ကိုယ်သိတဲ့ အသိတရားလေးရော၊ အမြဲမပြတ်ထားနေရမဲ့ သတိတရားများပါ ရှိနေနိုင်မယ် ဆိုရင်........

စေတနာအစစ်အမှန် ရှိပါသော်လည်း မသိလို့ ဖြစ်သွားရတဲ့ အမှားမျိုးကို တချို့ကိစ္စရပ်တွေမှာ ခွင့်လွှတ်လို့ရကောင်းပါရဲ့  ။ သို့ပါသော်လည်း စေတနာလည်းမပါ ၊ သိလျှက်နဲ့ တမင်မှားနေကြတဲ့ သူများရဲ့ အမှားတွေကိုတော့ ခွင့်မလွှတ်စေချင်ပါ ။

ဒီနေရာက နဂိုမူလသတင်း ကို မှီငြမ်းပါတယ်။


ဗမာလည်တာ တရုပ် အိပ်နေသလောက်ပဲရှိသေးတယ် ။

$
0
0


ဒီနေ့  တနင်္ဂနွေ ။ အလုပ် အားရက် ရတယ် ။ တပါတ်စာ စားဖို့သောက်ဖို့ လိုတဲ့ပစ္စည်းလေးတွေ ဝယ်ဖို့  ထုံးစံအတိုင်း ရှော့ပင်းစင်တာ ထဲ သွားဖြစ်တယ် ။ အဲလိုဆိုင်တွေမှာ က အမြဲတမ်း ပစ္စည်း တမျိုး မဟုတ် တမျိုးကို ဈေးချရောင်းတာတွေ ရှိတတ်တယ်လေ ။ ကိုယ်သုံးနေကျ ပစ္စည်းဆို ဈေးချတာနဲ့ ကြုံရင် ဝယ်ထားရတာပေါ့ ။ ဒါဆို ပိုသက်သာတယ်မလား။ စီးပွားရေးမျက်စိ မရှိပေမဲ့ ဒီလောက်တော့ တွက်ချက်တတ်တာမို့  ကြုံသလို ဝယ်ဖြစ်တာများပါတယ်။ စီးပွားရေး ဆိုလို့  ဘာမှ ကြီးကြီးကျယ်ကျယ် ပြောချင်တာ မဟုတ်ပါဘူး၊ ပြောလည်း မပြောတတ်ပါဘူး ။ လူပြိန်းအတွေးနဲ့ တွေးမိသလောက် ပြန်ပြောပြချင်တာ တခုထဲပါ ။

ဒီကနေ့  ဈေးဝယ်ထွက်ရင်း မှတ်သားစရာ သင်ခန်းစာတခု ရလိုက်တယ် ။ ကိုယ့်ကိုယ်ကို ဒီလောက်တုံးရသလားလို့  တွေးမိပြီးတော့လည်း ကြိတ်ပြီး ပြုံးဖြစ်သွားပါတယ် ။

နေရတဲ့တိုင်းပြည်က ဒီမှာဆိုတော့ ဒီကလူမျိုးတွေနဲ့ မပတ်သက်ချင်လို့လည်း မရပါဘူး ။ တရုပ်တွေ ဟိုးရှေးကတည်းက အတွက်အချက်တော်ကြတယ် ဆိုတာ ပေသီး ကို တီထွင်သုံးခဲ့ကြတဲ့ အချက်ကိုကြည့်ပြီး သိသာနိုင်ပါတယ် ။ ဒါ့ကြောင့်မို့လားမသိ တရုပ်တွေ အထဲမှာ ပေသီး ခေါက်၊ အခေါက် ကျွမ်းသူများလည်း အများကြီးရယ် ။

ဒီမှာ လျှော့ဈေးချပုံ ချနည်းတွေ အများကြီး ရှိပါတယ် ။
ဥပမာ - ပစ္စည်းတခုကို တဝက်ဈေး ဒါမှမဟုတ် ရာခိုင်နှုန်းဘယ်လောက် ဆိုပြီး ချတာမျိုး 50% off (打五 折)- ဒါကရှင်းပါတယ် ၊ တဝက်ဈေး ပေါ့ ။

30 % off(打 七 折)- ဆိုရင် ကိုယ်က ပစ္စည်းမူလတန်ဘိုးရဲ့ ၇၀% ကို ပေးရမယ် ။

Buy one , get one free ( 贾一 送一)- တခုဝယ်ရင် တခု အလကားပေးတယ်ပေါ့ ။ ဒါပေမဲ့ ပစ္စည်း ၁ခု ရဲ့ ဈေး အပြည့်နဲ့ ဝယ်ပြီး ၂ခု ရ မယ်ပေါ့ ။ စဉ်းစားကြည့်ရင် ဒါလည်း တဝက်ဈေးပါပဲ ။ဒါပေမဲ့ 50% off လို တဝက်ဈေးနဲ့ တခုထဲဝယ်ချင်သူများ အတွက်တော့ သိပ်မကိုက်ဖူးပေါ့ ။

Buy two , 50 % off of second one ၊( 贾 二 , 第二件半价) - ဒါကျတော့ ပစ္စည်း ၁ခုကို ဈေး အပြည့်ပေးဝယ် နောက်တခုကျတော့ တဝက်ဈေး တဲ့ ။ သေချာ ပြန်တွက်ကြည့်လိုက်ရင် ပစ္စည်းတခုချင်းစီ အတွက် 35%ပဲ ဈေးလျှော့ပေးတာပေါ့။ 七五 折 ခေါ်တယ်ပေါ့ ။တချို့ က သေချာမကြည့်ပဲ တဝက်ဈေးအထင်နဲ့ မှားဝယ်တတ်ကြတယ် ။( ခံလိုက်ရပြီး မို့  ဦးနှောက်ထဲ စွဲအောင် မှတ်မိနေတာ ပါး))))

ထားပါတော့ .. ဒါတွေက သူ့ ဒေသ နဲ့သူ့ အခေါ်အဝေါ်တွေ အပေါ်တည်ပြီး ဈေးတွက်တွက်ကြည့်လို့ ရအောင်ပါ ။ ကိုယ်တိုင်ကတော့ များများစားစား မှ မဝယ်တာကြီး ဦးနှောက်ခြောက်ခံပြီး မစဉ်းစားချင်တော့လို့ ၊ လိုတာတွေ့ ရင် ကောက်ဝယ်လေ့ရှိတာများပါတယ်။ ကဲ.. လူတတ်ကြီးလုပ်ပြီး ဟိုလူကြီးလို market ... market သဘောတွေ ပြောနေရတာနဲ့ လိုရင်းမရောက်တော့ဘူး ။

ကိုယ့်ဇာတ်လမ်း ကိုယ် ပြန်ဆက်ပါမယ် ။ ကိုယ့် ရှေ့ နားမှာ တရုပ်မကြီး အသက်တော့ကြီးပါပြီ ၇၀ လောက်ရှိမယ် ။အဲဒီ တရုပ်မကြီး နံပတ် (၁) က ခေါင်းလျှော်ရည်ဗူး တတွဲကို ကိုင်ကြည့်တယ် ။ လျှော့ဈေး အမျိုးအစားထဲမှ ( 贾 二 , 第二件半价) တဲ့ ။ ခေါင်းလျှော်ရည် က family ဆိုဒ်ကြီး ဗူးကြီး ဆိုတော့ သူလည်း သိပ်မ မ နိုင်ဘူး နဲ့ တူပါတယ် ။ အရောင်းကောင်တာက စာရေးမ ကို ခေါ်မေးတယ် ။ ခေါင်းလျှော်ရည် တဗူးနဲ့ ဆံပင်ပျော့ဆေး တဗူး စီ ယူလို့ မရ ဘူး လား တဲ့ ။ ဟိုစာရေးမကလည်း ပြန်ဖြေပါတယ် ။ မရဘူး ပေါ့ ။အမျိုးတူတာ ၂ ခု တွဲထားတဲ့ အတိုင်းပဲ ယူရမှာ တဲ့ ။
တရုပ်မကြီး ၁ က ပြောတယ် ။ နင်တို့ က ဘာလို့လျှော်ဆေးနဲ့ပျော့စေး တမျိုးစီ တွဲမထားတာလည်း ပေါ့ ။ ဖြေတဲ့သူကလည်း ပြန်ဖြေတယ်။ဒါကတော့ အထက်က ဒီလိုပဲအတူတူချင်း တွဲရောင်းခိုင်းတာကိုး တဲ့ ။ လျှော်ဆေး နဲ့ ပျော့ဆေး တဗူးစီလိုချင်တဲ့ တရုပ်မကြီး (၁) က လျှော်ဆေး ၂ဗူးတတွဲကို သူ့ လှည်းထဲ ထဲ့လိုက်တယ် ။

သိပ်မကြာဘူး။ အဲဒီနားကို တရုပ်မကြီးနံပါတ်(၂) ရောက်လာတယ် ။ အတူတူပဲ မေးတယ် ။ ဖြေတဲ့သူကလည်း ထူးမခြားနားပဲ ပြန်ဖြေတယ် ။ လျှော်ဆေးနဲ့ ပျော့ဆေး တဗူးစီလိုချင်နေတဲ့ တရုပ်မကြီး(၂) က ပျော့ဆေး၂ဗူး တတွဲကို သူ့ လှည်းထဲ ထဲ့လိုက်တယ် ။

ကိုယ်ကတော့ ဒီပစ္စည်းတွေ မလိုသေးလို့  မဝယ်ပါဘူး ။ လိုတာလေးတွေ လှည့်ပတ်ဝယ်ခြမ်း အပြီး ကောင်တာ မှာ ငွေချေဖို့  တန်းစီစောင့်နေတုံး ကွိကျိ ကွကျိသံတွေကြားလို့  ရှေ့ က လူနှစ်ယောက်ကို သေချာကြည့်လိုက်တော့ ဟို တရုပ်မကြီး (၁) နဲ့(၂) စကားပြောနေကြတာ တွေ့ ပါတယ် ။ခုမှ တွေ့ တဲ့ သိတဲ့ လူနှစ်ယောက် ပြောစရာစကားတော့ သိပ်မရှိပါဘူး ။ လိုရင်းတိုရှင်းပါပဲ ။

တရုပ်မကြိး(၁) အလှည့် အရင်ရောက်တော့ သူ့ ကျသင့်ငွေ သူရှင်း ပေါ့ ။ ဒါပေမဲ့ သူ ထွက်မသွားသေးဘူး ။တရုပ်မကြီး(၂) ငွေရှင်းလို့ ပြီးတဲ့ အချိန်ထိ စောင့်နေတယ် ။ ပြီးတော့ မှ သူတို့ အချင်းချင်း လျှော်ဆေး နဲ့ ပျော့ဆေး တဗူးချင်း စီ လဲယူပြီး ကိုယ့်လမ်း ကိုယ်ဆက်သွားလိုက်ကြပါတယ် ။ ခုနက အမေးခံရတဲ့ အရောင်းစာရေးမလေးကလည်း အဖွားကြီး နှစ်ယောက်ကို ပြုံးပြီးကြည့်နေလိုက်ပါတယ် ။ မြင်လိုက်ရတာကတော့ဒီလောက်လေးပါပဲ ။

ကဲ.. ကြည့်တော့သာ အူတူတူ အဖွားကြီး နှစ်ယောက် ။ ကိုယ်လိုချင်တာ၂မျိုးစလုံးလည်းရ ၊ သက်သာတဲ့ဈေးနဲ့လည်း ရအောင်ယူတတ်ကြတဲ့ တရုပ်တွေ များ တယ်တော်ကြပါ့လား ။...

အင်း.. ကိုယ့်ကိုယ်ကိုယ် လည်လှပြီ ထင်ပြီး ပေသီးခေါက်နေတဲ့ ကိုယ်လည်း နောက်ဆို ဒီလိုမျိုး အကြံလေး အဖန်လေး လုပ်အုံးမှပါပဲလို့  သင်ခန်းစာ ယူထားလိုက်မိတယ် ။ ခုတလောမှ သတိထားမိတယ် ။ တရုပ်ဆိုတဲ့လူမျိုးက မွေးရာပါ စီးပွားရေးမျက်စိရှင်ကြသူများပါလား လို့  ။ ဒါပေမဲ့ ကိုယ့်အကျိုးအတွက်ပဲကြည့်ပြီး သူများအကျိုးပျက်အောင် လုပ်တတ်ကြတဲ့ ဗီဇမျိုး ပါသူများလည်း လောကကြီးမှာ ရှိမှာပါ ။ တရုပ်ရယ် ဗမာရယ် လို့  ခွဲခြားလို့တောင် ရမယ် မထင်ပါဘူး ။ ဗီဇ ဆိုတာက လူမျိုးနဲ့ ရာနှုန်းပြည့် မဆိုင်ဘူး မလား ။

ကိုယ်တိုင်လည်း ရောဂါဆန်းတွေရနေတဲ့ ရောဂါသည် ဖြစ်နေတာမို့  ကိုယ့်ရောဂါ ကိုယ်ပြန်ဆန်းစစ်နေမိပါတယ်။ ဗီဇ နဲ့ ပတ်သက်ပြီးတော့ ပြင်ရတာတွေ မလွယ်ပါဘူး ။ ဗီဇကောင်းလေးတွေ ပြန်ရဖို့  အတော်လေးကျိုးစားကြရအုံးမှာပါ ။
အမှန်တကယ် ဆိုရရင်တော့ လူလည်ကျတာဟာ လူမျိုး၊ ဗီဇ တို့ နဲ့ ဆိုင်သလား မဆိုင်ဘူးလား၊ မှန်လား မှားလား၊ သေချာ မသိပါဘူး ။ ဆိုင်တယ်ထင်လို့ ဆက်စပ်ရေးလိုက်ပါတယ် ။ မဆိုင်ဘူး ထင်သူများလည်း မဆိုင်သလို တွေးကြပါလေကုန်။


ဧရာဝတီ...... အားလုံးနဲ့ဆိုင်ပါသည် ..

$
0
0


ပြောရအုံးမယ် သမ္မတကြီးရေ ။ သားသမီးမကောင်း မိဘခေါင်းပေမို့  မိဘဖြစ်သူ သမ္မတကြီးထံပဲ တိုင်ရပြောရပါအုံးမယ် ။ ဟို မိမဆုံးမ ဘမဆုံးမသား ဝန်မင်းဆိုသူတွေ “ဘယ်သူတားတား လုပ်မှာပဲ” ၊“ ကျွန်တော့်လောက်တတ်တဲ့သူမရှိတော့ဘူး ”၊ “ဒါးဒါးချင်း ဒုတ်ဒုတ်ချင်းဖြေရှင်းမယ်” အစရှိသဖြင့် ပြောချင်သလို ပြောသွားကြလို့  ၊ အဖေ့မျက်နှာ အိုးမည်းသုတ်ခံ နေရတယ်လို့များ မထင်မိဘူးလား သမ္မတကြီးရယ် ။ မတီးရင်မမြည်ဘူး အထင်နဲ့ ဘယ်သူမှ မသိအောင်တိတ်တိတ်ကြိတ်လုပ်နေခဲ့ကြပြီး ခုလို ချိန်ခါကျမှ ပေါက်ကွဲသံ စုံလင်စွာနဲ့ အုံးအုံးကြွက်ကြွက် ဖြစ်သွားရလောက်အောင် ၊ အမိ ဧရာဝတီ ရဲ့ အရေး ကို မပြော မပြီး မို့  ၊ ပြည်သူတွေထဲက ပြည်သူတယောက် အနေနဲ့ ရင်ဖွင့်ချင်တာလေးတွေ ရေးချပြပါရစေ ။


ဘူမိ ၊ ဆည်မြောင်း ၊ အင်ဂျင်နီယာ၊ စီးပွားရေး၊သစ်တော၊ သဘာဝ ပါတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အစရှိတာတွေနဲ့ပါတ်သက်တဲ့ ပညာရှင်တယောက် မဟုတ်တဲ့ အတွက် ပညာပိုင်း ဆိုင်ရာတွေကို မဆွေးနွေးတတ်ပါ ။ မသိ မတတ်တဲ့ အရာများကို မပြောလိုပါ ။ နိုင်ငံသားတိုင်းဟာ ကိုယ့်မွေးရပ်ဇာတိမြေ ကို ချစ်မြတ်နိုးတတ် တန်ဖိုးထားတတ် ကြပါတယ် ။ မွေးရပ်မြေ အမိမြန်မာပြည်ကြီးရဲ့ သည်းပွတ်နှလုံး မြစ်ကြီးဧရာဝတီကိုလည်း ထပ်တူထပ်မျှ ချစ်မြတ်နိုး တန်ဖိုးထားတတ်ကြပါတယ် ။ နိုင်ငံ အတွင်းမှာမှီတင်း နေထိုင်ကြတဲ့ မြန်မာပြည်ဘွား တိုင်းရင်းသားအားလုံး ဧရာဝတီမြစ်ကြီးကို ချစ်မြတ်နိုး ကြသလိုပဲ ၊ အကြောင်းအမျိုးမျိုးကြောင့် အမိမြေကိုစွန့် ခွာသွားရပြီး ပျော်ရာမှာ မနေ၊ တော်ရာမှာ နေ နေကြရတဲ့ ပြည်ပရောက် နိုင်ငံသားများသည်လည်း ဧရာဝတီမြစ်ကြီးကို ချစ်မြတ်နိုးတတ်ကြပါတယ် ။ဒါကိုတော့ သံသယ ရှိစရာ မလိုပါ ။

ဒါပေမဲ့..“ဧရာဝတီမြစ်ကြီးကို ခင်ဗျားတို့ ချစ်သလို ကျွန်တော်တို့ လည်း ချစ်ပါတယ်ဗျာ ” လို့ လွယ်လွယ်လေး ပြောထွက် လိုက်ကြတဲ့ ခင်ဗျားရဲ့ သား ဝန်မင်းများရဲ့  ချစ်ပုံချစ်နည်းကို သိလိုလှပါတယ်။ ရှင်းရှင်းပြောရရင် မျောက်ပြ ဆန်တောင်း ။ ကိုယ့် အမေ ကိုယ်ပြန်ရောင်းစား နေကြတဲ့ အဖြစ်မျိုး ဖြစ်နေကြပြီဆိုတာ သိသိကြီးနဲ့ မသိယောင်ဆောင်နေတာ ဆိုရင်တော့ အင်မတန် ဟန်ဆောင်ကောင်းသူများ လို့ ပဲ ခေါ်လိုက်ပါရစေ။

ဆွေမျိုးပေါက်ဖေါ် အိမ်နီးချင်း နိုင်ငံကြီးရဲ့ ယန်စီနဲ့မြစ်ဝါကို ဥပမာထား ၊ သင်ခန်းစာယူလို့ ရနေရဲ့သားနဲ့ မျက်တောင်တမွှေးသာကြည့်ပြီး တိုးတိုးတိတ်တိတ် အလျင်စလိုဆုံးဖြတ် ၊ လုပ်နေကြ အကျင့်ဆိုးကြီးမဖျောက်နိုင်ပဲ ကိုယ့်အိတ်ထဲ ထဲ့ကြ ၊ သူစား ကိုယ်စား နှစ်ဖက်ခွစား ကြားပွဲစား အကြောင်းပြ ၊မတရား ညှစ်ယူထားကြတဲ့ ဝိသမ လောဘနဲ့ ရောယှက်နေတဲ့ ဒီငွေတွေ စည်းစိမ်တွေ နဲ့ ဧရာဝတီကြီင်္းကို ရောင်းစား ရအောင် ၊ ဧရာဝတီကို ခင်ဗျားတို့ လူလည်ကြီးသားသမီးတွေ ပိုင်တာမဟုတ်ဘူး ၊ ငွေလိုနေရင် ခင်ဗျားတို့  မိဘ သားသမီးတွေကို လဲစားလို့ရတယ် ရောင်းစားလို့ရတယ်။ ကျုပ်တို့  ကျေကျေနပ်နပ်ကြီး သဘောတူတယ် ။ ဒါပေမဲ့ အားလုံးနဲ့ဆိုင်တဲ့ ဧရာဝတီကို ရောင်းစားတာတော့ ကျုပ်တို့ ပြည်သူတွေ လုံးဝ သဘောမတူဘူးလို့ ပြောချင်တယ် ။ ခုတော့ ခြေလွန် လက်လွန်စားပြီးဝါးပြီး ဖြစ်နေပြီမို့  ဇွတ်အတင်း ဆက်လုပ်မယ် ဆိုရင်လည်း ၊ ကျုပ်တို့ ပြည်သူတွေ အားလုံး ရတဲ့နည်းနဲ့ တွန်းလှန် ကြမှာပါပဲ ။ ခင်ဗျားတို့ လည်း ဆွေစဉ်မျိုးဆက် နာမည်ပျက် နာမည်ဆိုးနဲ့  ရာဇဝင်တွင်ကျန်ရစ်ခဲ့တော့မှာပါပဲ ။

သိချင်တာ တခုရှိပါသေးတယ် ။ သမ္မတကြီးတို့  အားကိုးအားထားပြုနေတဲ့ တရုပ်ပြည်ကြီးလုပ် ပစ္စည်း ဘယ်နှစ်မျိုးလောက်များ သမ္မတကြီးတို့ အိမ်မှာ သုံးစွဲ စားသောက်နေကြပါသလည်း ။ (သမ္မတကြီးရဲ့ ရှေ့မှ ဆရာ့ ဆရာကြီး အိမ်မှာဆို ပရိဘောဂ တွေ က အစ ဥရောပ နဲ့  အမေရိက နိုင်ငံလုပ်တွေ ဖြစ်တယ်ဆိုတာ ကြားသိရပါတယ် )။အလွယ်ဆုံးပြောရရင် ဇိမ်ခံပစ္စည်းတွေ၊ တရုပ်ပြည်တွင်းဖြစ် မော်တော်ကား ၊ အစားအသောက်၊ အဝတ်အထည် ၊အသုံးအဆောင် ၊ ဆေးဝါး စသဖြင့်ပေါ့ ။( စစ်တပ်သုံးနေတဲ့ ယာဉ်တွေကတော့တိုင်းပြည်သယံဇာတတွေ နဲ့ လဲလှယ်ထားတဲ့ တရုပ်လုပ်တွေပါ ။ ဒါက သမ္မတကြီးစီးနေတဲ့ကား မဟုတ်လို့ ဒီစာရင်းထဲ ထဲ့လို့ မရပါဘူး )။ သမ္မတကြီးတို့ကိုယ်တိုင်တောင် မှ တရက်စုတ်တဲ့တရုပ်စက်တွေ ယုံကြည်စိတ်ချစွာ သုံးစွဲခြင်းမပြုပဲနဲ့ ဧရာဝတီကို တရုပ်လက်ထဲ ဝကွက်အပ်လိုက်တဲ့ သမ္မတကြီးတို့ရဲ့ စေတနာမေတ္တာဆိုတာတွေကို ဘယ်လိုမှ နားလည်ပေးလို့ မရနိုင်ပါဘူး ။

နှစ်စဉ် ဘတ်ဂျက်ရှင်းတမ်း လုပ်တိုင်း လိုငွေတွေချည်းပဲပြနေပါတယ်တဲ့ ၊ ၂၀၁၁-၁၂ ရှင်းတမ်းမှာလည်း လိုငွေ ကျပ်ဘီလီယံပေါင်း ၂၃၀၀ ကျော်ပြနေတယ်လို့ ဆိုပါတယ် ။နှစ်စဉ် ရောင်းလို့်ရတဲ့ ကျောက်မျက်ရတနာတွေ ၊ သဘာဝဓါတ်ငွေ့ ကမ်းလွန်ရေနံတွေ၊ ကျွန်းသစ်တွေ ၊ဘီလီယံထောင်သောင်းပေါင်းများစွာတို့ ဘယ်ရောက်ကုန်ကြပြီလည်း ။ ချွတ်ခြုံ ကျနေတဲ့ တိုင်းသူပြည်သားတွေ ကျန်းမာရေး ပညာရေး လူနေမှုဘဝ တိုးတက်မှု တွေ အတွက် ကုန်ကျခံလိုက်လို့ လား ။ ရှင်းလင်းပြောပြပေးစေချင်တယ် သမ္မတကြီးရေ ။

မိုးကြိုးပစ်တာ ထန်းရွက်နဲ့ကာ၊ ငွေလိုနေလို့  ၊လျှပ်စစ်ဓါတ်တွေ ပိုနေလို့ ဆိုပြီး ၊ ဧရာဝတီကို အသေသတ်ပြီးရောင်းစားဖို့  ကြံစည်နေကြတဲ့ ပြည်ဖျက်စီမံကိန်းကြီးကို ရပ်တန်းက ရပ်ပါရန် ဒီနေရာမှ တောင်းဆိုချင်ပါတယ်။

မြစ်ပျက် လို့  ပြည်ပျက် လူမျိုးပျက် ယဉ်ကျေးမှုပျက် အဖက်ဖက် က ပျက်စီးယိုယွင်းသွားရမဲ့ အကျိုးဆက်တွေကို မြင်ပြီး ၊ ၈၅ ရာခိုင်နှုန်း အဖြစ်နဲ့ သူတို့ ယူစားသွားမဲ့ အချိုး ကိုပြောင်းပြန် အချိုးချပြီး ရမယ်ဆိုရင် တောင်မှ ၊ ကျုပ်တို့ မမျှော်လင့်ပါဘူး ။ ဒီငွေတွေ စည်းစိမ်တွေ နဲ့ ဧရာဝတီကြီင်္းကို လဲ ရ အောင် ၊ ကျွန်ုပ်တို့ ပြည်သူတွေ လုံးဝ သဘောမတူဘူးလို့ပြောချင်တယ် ။ လျှပ်စစ်မီး ကို ၂၄ နာရီ မရ ၊ တသက်လုံးမရ ပဲ နေသားကျ ကျင့်သားရနေကြပြီဖြစ်တဲ့ မြန်မာပြည်သားတွေ အတွက် ဧရာဝတီကိုသတ်ပြီးမှ လဲလှယ် ယူလို့ ရမဲ့
လျှပ်စစ်ဓါတ်အား ရှိ၏မရှိ၏၊ မှန်၏ မမှန်၏ ၊ ဆိုတာ အသေးအဖွဲ ကိစ္စလေးပါလူကြီးမင်းတို့  ။ လူကြံရင် ထရံတောင် ဖျာဖြစ် ။ သဘာဝဓါတ်ငွေ့ တွေ ပေါကြွယ်နေလျှက်သား နဲ့ ဆည်တွေတမံတွေ တုတ်ပြီး ဧရာဝတီကို လည်ပင်းညှစ် ပြီးမှ ဒီလျှပ်စစ်ဓါတ်ထုတ် ဖို့  ကြိုးစားနေကြတဲ့ တိုင်းပြည်အုပ်ချုပ်သူ ၊တာဝန်ရှိသူဆိုတဲ့ လူကြီးမင်းများကို အံ့လည်းသြမိပါရဲ့ ၊
အထင်လည်းသေးမိပါရဲ့ ၊ နောက်ဆုံး ကုန်အောင်ပြောလိုက်မယ် ။ ရွံ့ မုန်း နဲ့  ရွံမုန်း ဘယ်လိုပဲမုန်းရမုန်းရ မုန်းမိပါရဲ့  ။

မြစ်နဲ့ချောင်းတောင် ကွဲပြားအောင်မသိတဲ့ ဝန်မင်းဆိုသူရဲ့ ပေါ့ပျက်ပျက် အတွေးနဲ့ အမိန့်စကားကြောင့် ဂုဏ်သိက္ခာ ဘယ်လောက်ကျဆင်း ခဲ့ရပြီလည်းဆိုတာရော စဉ်းစားမိပါရဲ့ လား။(နဂိုကတည်းက ဂုဏ်သိက္ခာတစ်ပြားသားမှ မရှိသူတွေအတွက်ကတော့ ဒီထက်ကျဆင်းစရာလည်း မရှိတော့ပါဘူး လို့ တမျိုးလှည့်တွေးလည်းရပါတယ်) ။ လူတွေမှာ သက်တမ်းရှိသလို ဆည်ကြီးတွေမှာလည်း သက်တမ်းရှိသတဲ့ ။ တကြိမ်ဆောက်ထားရုံနဲ့ တသက်လုံး လုပ်စား ထုတ်စားလို့ မရဘူး တဲ့၊စာချုပ်မှာ နှစ် ၃၀ ၊နှစ် ၆၀ ၊ ဘယ်လိုပဲ ကိန်းဂဏန်းတွေပြပြ ချုပ်ချုပ် ၊ စာချုပ်နှစ်စေ့လို့ ပြန်ရရင် ပုတ်သိုးဆွေးမြေ့ နေတဲ့ သုံးမရတဲ့ ဆည်ကြီး အဖြစ်ပဲ ကျန်နေခဲ့မှာ .. လို့  နားလည်တဲ့ ပညာရှင်တွေ ပြောပြ ထောက်ပြကြတာကို မှ နားမဝင် ၊ ကိုယ့်ထက်တတ်တာတောင် ကိုယ့်လောက်မတတ်ဖူးလို့ ကိုယ်သိကိုယ်တတ် အထင်ပေါက်နေကြတဲ့ သက်ဆိုင်သူဝန်မင်းများ ၊ ကိုယ့်မြင်းကိုယ်စိုင်းလို့  စစ်ကိုင်းလည်း မရောက်ဘူး၊ကိုယ့်လှေ ကိုယ်ထိုးလို့  ပဲခူးလည်း မရောက်ဘူး ။ လက်တဆုပ်စာ အာဏာရှင်အသိုင်းအဝိုင်းတို့  မတရားစံစားနေကြတာတွေကြောင့် တိုင်းသူပြည်သား လူအများ သာမက နောင်လာမဲ့ မျိုးဆက်ပေါင်းများစွာ ၊ သယံဇာတ တောတောင် ပျက်သုဉ်းလို့  အတိဒုက္ခရောက်ကြရတော့မယ် ။ မျိုးမစစ်တွေ ဖျက်လို့  အမျိုးကောင်း သားသမီးတွေ ပျက်စီး ဆုံးရှုံးကြရတော့မယ် ။ယဉ်ကျေးမှုတွေ အဖျက်ခံကြရတော့မယ် ။ ဒီ အကျိုးနဲ့ အကြောင်း ဆက်စပ်နေကြတာတွေကြောင့် ပြည်ချစ်သူလို့ သံကောင်းဟစ်ပြီး ပြည်ဖျက်သူ ဖြစ်နေကြတဲ့ သမ္မကြီးနဲ့ ဝန်မင်းများရဲ့ ဧရာဝတီ နဲ့ ပြည်ဖျက် ဆည် စီမံကိန်းကို ကျုပ်တို့ ပြည်သူတွေ လုံးဝ သဘောမတူဘူးလို့ ပြောချင်တယ် ။ လုံးဝ ကန့်ကွက်တယ် ။
ဒီပုံကတော့ မြစ်ဆုံဆည်ဆောက်ပြီးနောက် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတရားကွင်းဆက်များပါပဲ။ရေအားလျှပ်စစ်ဓါတ်ထုတ်လုပ်မှုကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုများ အကြောင်းပါ။ မြန်မာလို ရှင်းရှင်းရေးထားလို့ သမ္မတကြီး အလွယ်တကူ နားလည်နိုင်ပါတယ် ။( နားလည်သူပညာရှင်များရဲ့ တင်ပြထားချက်ပါ ။ ဒီနေရာမှ ရယူထားပါတယ်


နှစ်ပေါင်း ၅၀ ကျော်လောက် ပြည်သူတွေကို မျက်စိပိတ် နားပိတ် ပါးစပ်ပေါက်တွေ ပိတ်ပြီးနေကြရအောင် ဖိနှိပ်ထားကြလို့  ပြည့်သူ့ ရင်ထဲကအော်သံတွေ ခင်ဗျားတို့ မကြားနိုင်ကြတာလား ၊ ကြားရဲ့နဲ့ မကြားချင်ယောင်ဆောင်နေကြတာလား ဆိုတာ ခင်ဗျားတို့ ပဲ အသိဆုံးဖြစ်ပါမယ် ။ ခုဆိုရင် တရားမျှတတဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ချီတက်မယ်ဆိုတဲ့ သမ္မတကြီးနဲ့ ဝန်မင်းများအဖွဲ့ ရဲ့ ဒီမိုကရေစီသရုပ် ဖေါ်ဆောင်ပုံတွေကို ကျုပ်တို့ပြည်သူအများက စောင့်ကြည့်ပြီး ရလာဒ်ကောင်းတွေကို မျှော်လင့်နေကြပါပြီ။ တရားနည်းလမ်းကျကျနဲ့ ဖြေရှင်းဆောင်ရွက်ပေးစေချင်ပါတယ် ။ စကားလက်လွန်သွားတဲ့ ဝန်မင်းတယောက်လည်း လေသံ နဲနဲပျော့လာပြီလို့  ထင်မိပါတယ်။ ဒါပေမဲ့ မြစ်ဆုံစီမံကိန်းကို လွှတ်တော်မှာ ဆုံးဖြတ်မယ်ဆိုတာလောက်နဲ့ မကျေနပ်နိုင်သေးပါဘူး ။ ဘာလို့လည်းဆိုတော့ ခု လွှတ်တော်ထဲမှာ ဝင်ရောက်ဆွေးနွေးခွင့်ရနေသူတွေ ရဲ့ ထက်ဝက်ကျော်မျှဟာ ပြည်သူ့ဆန္ဒအစစ်အမှန်နဲ့ ရွေးချယ်တင်မြှောက်ထားသူများ မဟုတ်ကြလို့ ပါပဲ။ (ဒါကိုလည်း သမ္မတကြီး အသိဆုံး ဖြစ်မှာပါ ၊ ကိုယ့်ကိုယ်ကိုယ်လိမ်ညာ နေသူဆိုရင်တော့ ဘာမှ မပြောလိုတော့ပါ )။

ဒီတော့ တတိုင်းပြည်လုံး ပြည်သူ့ အသံ အစစ်အမှန်ကို ဖြည့်ဆည်းပေးမ၊ဲ့ ဒီမိုကရေစီ အပြည့်အဝကို ဖေါ်ဆောင်ပေးမဲ့ သမ္မတကြီး အနေနဲ့  ဒီ မြစ်ဆုံစီမံကိန်းအတွက် ပြည်သူ့ ဆန္ဒခံယူပွဲ တရပ် ကျင်းပပေးစေချင်ပါတယ် ။ ဒီပြင်ဆင်နေရတဲ့အချိန်အတွင်းမှာလည်း စီမံကိန်းကြီးကို ရပ်ဆိုင်းပေးထားစေချင်ပါတယ် ။ ၂၀၀၈ နာဂစ်ဥပဒေ နဲ့  ၂၀၁၀ရွေးကောက်ပွဲ ကဲ့သို့  မဲလိမ်မှုတွေ မပါပဲ ပြည်သူ့ ဆန္ဒ အစစ်အမှန်နဲ့ အညီ ထွက်လာမဲ့ ရလဒ် အတိုင်း ဆောင်ရွက်ပေးစေချင်ပါတယ် သမ္မတကြီးရေ ။

အကျဉ်းချုပ်ပြန်ပြောရမယ်ဆိုရင်.....
-မြစ်ဆုံစီမံကိန်း ရဲ့ အစီရင်ခံစာ ၊ အကျိုးနဲ့ အပြစ်တွေကို ပြည်သူအများသိအောင် ဘက်မလိုက်ပဲ ထုတ်ပြန်ပေးပါ။
-မြစ်ဆုံစီမံကိန်း ဆက်လက် အကောင်အထည်ဖေါ်သင့်/မဖေါ်သင့်ဆိုတာ ကို ပြည်သူ့ ဆန္ဒ( အစစ်အမှန်) ဖြင့် ဆုံးဖြတ်ဖို့ အတွက် လုပ်ဆောင်ပေးပါ။
-ဖြစ်ပေါ်လာမဲ့ နောက်ဆက်တွဲ အပြစ်များ အတွက် ဘယ်ပုံဘယ်နည်း ဘယ်မျှ အာမခံချက် ပေးနိုင်မလည်း/ပေးမလည်းဆိုတာကို တိတိကျကျ ရှင်းလင်းဖေါ်ဆောင်ပေးပါ။


ဒါပေမဲ့ ဒီအချက်အလက်တွေ လုပ်စရာတပုံတပင်တွေ ကို အချက်တခုထဲနဲ့ ပြီးပြတ်အောင်လုပ်ဆောင်နိုင်ပါတယ် ။ ရှည်ရှည်ဝေးဝေး ပြောနေရတာ သမ္မတကြီးရဲ့ အဖိုးတန် အချိန်တွေ အလဟဿ ကုန်မစိုးလို့ ရှင်းရှင်းပဲပြောပါမယ်။

“မြစ်ဆုံဆည်စီမံကိန်းကြီးကို ချက်ချင်းရပ်တန့် ပြီး အကြွင်းမဲ့ဖျက်သိမ်းပေးပါ”။ နောက်တခါ ထပ်ပြောပါအုံးမယ် ။
“ မြစ်ဆုံဆည်စီမံကိန်းကြီးကို ချက်ချင်းရပ်တန့် ပြီး အကြွင်းမဲ့ဖျက်သိမ်းပေးပါ”

အကယ်၍များ .. အကယ်၍များ ပေါ့ ...ပြည်သူ့ ဆန္ဒ အစစ်အမှန် အတိုင်းသာ ဆောင်ရွက်ပေးခဲ့မယ်ဆိုရင် မြန်မာ့သမိုင်းမှာ နာမယ်ကောင်းနဲ့ အစဉ်အမြဲ ရှင်သန်နေမဲ့ ဗိုလ်ချုပ်အောင်ဆန်း နဲ့ထပ်တူ သမ္မတကြီးကို တမျိုးသားလုံးရဲ့ စစ်မှန်သော ခေါင်းဆောင်ကောင်းတယောက် အနေနဲ့ သမိုင်းစဉ်ဆက်မှာ မှတ်တမ်းရေးထိုးပေးကြမှာပဲ ဖြစ်ပါတယ် ။

သမ္မတကြီးနဲ့ တကွ မ တစ်ရာသားများအားလုံး... ၊ ဧရာဝတီ၊ မြန်မာပြည်ကြီး နဲ့တကွ မြန်မာပြည်သား အပေါင်းတို့အား အပြောနဲ့မဟုတ် အလုပ်နဲ့သက်သေပြပြီး အမှန်တကယ် ချစ်တတ်လာကြပါစေ ။
အဲ့သလို သာဆို “ကျွန်မတို့ ကလည်း သမ္မတကြီးကို ချစ်ပါတယ်ရှင်” လို့ နေ့ စဉ်ပြောဖို့ ၊ သမ္မတကြီး ကျန်းမာရွှင်လန်းပါစေ လို့ နေ့စဉ်ဆုတောင်းပေးဖို့  ဝန်မလေးပါဘူး ။

ကျေးဇူးတင်ပါတယ် ။ လူကြီးသူမ ကို ပြောတဲ့ စကားတွေ ရိုင်းပြသလို ဖြစ်သွားခဲ့မယ်ဆိုရင်လည်း ၊ ဘာကြောင့်လည်း ဆိုတာ နားလည်ပေးနိုင်မယ်လို့ ထင်ပါတယ်။ တတိုင်းပြည်လုံး ပြောင်သလင်းခါနေရပြီဖြစ်တဲ့ နိုင်ငံတော်ကြီးကို အုပ်ချုပ်နေသော သမ္မတကြီင်္း ဘဝဆက်တိုင်း ဆက်လက် မပြောင်ပါစေနဲ့ ။ (မျက်နှာမပြောင်စေဖို့) ဆုတောင်းပေးလိုက်ပါတယ် ။

သမ္မတကြီး ရဲ့ ငယ်စဉ်ဘဝ အမှတ်ရစရာ အဖြစ်၊ တခေတ်ထဲ မွေးဖွားလာခဲ့ကြတဲ့ ပြည်သူချစ်တဲ့ အနုပညာသည် ဒေါ်မြင့်မြင့်ခင် ရဲ့ “ မြစ်ကြီးဧရာဝတီ ”ဆိုတဲ့ သီချင်းလေးကို နားဆင်ရင်းနဲ့ ချမ်းမြေ့ နိုင်ပါစေ..



အောင်နက်ကြီးလည်း တတ်သပေါ့ကွယ်..

$
0
0
ဒီတခေါက်တော့ ရောဂါသည် ဖွားကိက သူများတွေလို ဆန္ဒန်ဆင်မင်းဇာတ်ခင်းပြီး ငိုချင်းလည်း မချလိုပါ။ တချို့တွေ ပြောသလို ဒါး ဒါးချင်း ။ ဒုတ် ဒုတ်ချင်း လည်း မဖြေရှင်းလိုပါ ။ အခြေအနေပေးတဲ့အတိုင်း ခွေးဇာတ်ခင်းပြမှာပဲ ဖြစ်ပါတယ် ။ ခွေးဇာတ်ခင်းတယ် ဆိုလို့  တမျိုးတမည်တော့ မထင်ကြစေလိုပါ ။ စာအကြောင်းပေအကြောင်း ၊ကျန်းမာရေးအကြောင်း၊ ဆေးအကြောင်း၊မပြောချင်လို့ မပြော ။ လူတွေအကြောင်းလည်း မပြော ချင်လို့ မပြော၊ ပြောချင်နေတာက ခွေးတွေအကြောင်း၊ ခွေးဇာတ်လမ်း ကို တင်ပြမှာဆိုတော့ ခွေးဇာတ်ခင်းတယ် လို့ ပဲ လွယ်လွယ်ခေါ်လိုက်ကြရအောင် ။


အရှင်မွေးတော့ နေ့ချင်း ဆိုသလို ကျွန်ုပ်ရဲ့ ဇာတ်လိုက်ကျော်ကြီး အောင်နက်တကောင် စိုင်ကော်လို့ ခြုံပေါ်ရောက်ရုံတင် မက ရွှေဘုံရွှေနန်းပေါ်ရောက်လာခဲ့ပါပြီ ။ ခွေးအောင်နက် ဆိုတာ အရင်ခေတ် .အဲလေ..အရင် စာမျက်နှာ ဟောင်းများ အပေါ်မှာ နေစရာမရှိ စားစရာ နတ္တိ ဂလေဂချေ အလေဝတော ခွေးဝဲစားလေး တကောင်ပါ ။ သူ့ အိမ်သူသက်ထား ခွေးမယားက အနုပ်စုတ် ဂုတ်စုတ် ဂုတ်ကျားမ ။ သားတော်မောင် မိုက်ခဲဖိုးလပြည့် နဲ့ သမီးတော် ခင်ကလျာထွန့် ထွန့် လူး တို့ ခွေးမိသားတစု မြို့ ပြင် ရပ်ကွက်တခုမှာ နုံချာချာဘဝ နဲ့ နေခဲ့ကြရတယ်ပေါ့ ။
ဒီလိုနဲ့ ကံဇာတာတက် လန်ကာထွက် လာတဲ့အချိန် အကြံအဖန်ကောင်းလှတဲ့ သူ့ ယောက်ဖတကောင် ရဲ့ စောင်မကြည့်ရှုမှုကြောင့် အာနာပါန မကျင့်ဖူးပေမဲ့ ဗေဒင် ယတြာ ဓါတ်ရိုက်ဓါတ်ဆင်တွေ တန်ခိုး ကြောင့် အောင်နက်ကြီးခမျာ အာဏာပါဝါတွေ ရရှိလာခဲ့ပါတော့တယ် ။

အောင်နက်ကြီးက ပညာသာမတတ်တာ၊ ဟန်အမူအရာကတော့ မှင်သေသေမို့  အကြောင်းမသိသူတွေ ကို ဟိတ်ဟန်တလုံးနဲ့ ရိုက်စားတတ်ပါသေးရဲ့ ။ ဟန်ကိုယ့်ဖို့ ၊ မဟုတ်ပေလား ။လူရိုသေ၊ရှင်ရိုသေ မတန်မရာ မပြောတာမို့ ၊ ခွေးရိုသေ ခြင်္သေ့ရိုသေဖြစ်အောင် သူ့ ရဲ့ အမည်နာမကို အရင်ပြောင်းကြဦးစို့ ရဲ့လို့  စဉ်းစားမိတယ် ။ ခွေးဝဲစား ကို အောင်နက် လို့  ခေါ်ရတာ အဆင်ပြေပေမဲ့ ခုလို မင်းစာရင်းဝင် ဖြစ်လာတော့လည်း၊ ပြည်တော်ကြီးရဲ့ ထုံးစံအတိုင်း အမည်ပြောင်းရတော့တာပေါ့ ကွယ်။ အထွဋ် အညွန့် ကို “ဇော်” တပ်ခေါ်ရမဟဲ့ ဆိုပြီး ၊ “မင်း”ဆိုးရာဇာ အဲ..မင်းစိုးရာဇာ နာမည်လေးလည်း ပါရလေအောင် သူ့ နာမည်ကို “ အောင်ဇော်နက်မင်း” လို့ ပြောင်းလိုက်တယ်ပေါ့ ။ ထို့အတူပဲ ဝန်ကတော်သေရင် တကျပ် ၊ ဝန်မင်းသေတော့ တမတ် ဆိုတဲ့ စကားအတိုင်း(ဆိုင် ဆိုင် မဆိုင်ဆိုင် ထဲ့ရေးလိုက်သည်) ၊ ဝန်ကတော်နာမယ် ကိုလည်း ဝန်မင်းထက် ပိုတန်အောင် ဂုတ်ကျားမ ကို လေဒီမစ်ရှဲလ်ဂုတ်ကျား လို့ အမည်တွင်စေလိုက်တယ် ။လမပြည့်ပဲ မွေးထားတဲ့ သားတော်မောင် ကတော့ ဆက်မိုက်မြဲမို့  “မိုက်ခဲလကွယ်” ပေါ့။ ကျပ်မပြည့်တဲ့ သမီးတော် ခင်ကလျာနုနုထွတ် ကလည်းခေတ်စားနေတဲ့ ဘာမှန်းမသိတဲ့ ရောဂါဆန်း နဲ့ အတူ နာမည်ပြောင်းချင်လှပါရဲ့ဆိုလို့  ရှကီရာဂါဂါထွန့်လူး လို့ အမည်ပြောင်းပွဲကြီးကို မိုးလုံးပြည့်မုသာဝါဒါ သတင်းစာထဲမှာ ခွန်နှစ်ရက်တိုင်တိုင်ထဲ့သွင်းကြော်ငြာမောင်းခတ်လိုက်ကြလေတယ်။ ပလို့ဂျိ ..

ဘဝင်လေဟပ်သွားပေတဲ့ ဇာတ်လိုက်ကျော်ကြီး အောင်ဇော်နက်မင်း တကောင် မှာ အရင်က အမြှီးကုပ် ဝဲကုပ် ပြီး အမှိုက်ပုံတိုးစားနေရသလောက် ခုတော့ တပြည်လုံးကို လုပ်ကျွေးနေရတဲ့ ပုံစံ နဲ့ ခေါင်းမော့လည်ကျော့ အမြှီး တထောင်ထောင်ဖြစ်လာရပြီပေါ့ ။ရထားတဲ့ ရာထူးက မဖြစ်ညစ်ကျယ်ရပ်ကွက် ထဲက ဖြတ်ညှစ်(၁)ဝံမင်း ပေါ့ကွယ် ။ရပ်ကွက်တိုင်းမှာ ဝံမင်းတစ်ပါးစီရှိကြလေတော့ အများနဲ့ မတူ တမူးပိုရှူချင်တဲ့ ဇာတ်လိုက်ကြီးက သူ့ အရပ်နဲ့ မဆိုင်လည်း ဝင်ပါချင်နေတဲ့ အကျင့်လေးက ပိုပြီးတိုးလာသတဲ့။ သူ့ အပိုင် အရပ်ထဲက ရေပုတ်မြောင်းကြီး ၂ ခု ကို ရေညှာအရပ်က ပိတ်ပြီး အထဲက ဖါးတပိုင်း ငါးတပိုင်း တွေ၊ ဓါတ်ထုတ်တတ်တဲ့ ငါးရှဥ့်တွေကို အရမ်းကာရော လိုက်ဖမ်းစေပြီး လက်ဝေခံနဲ့တဆင့် ရောင်းစားတဲ့ အပြင် ရေပုတ်မြောင်းက ထွက်လာတဲ့ အမိုးနီးယား ဓါတ်ငွေ့ တွေကိုလည်း အိမ်နီးချင်း ရပ်ကွက် ကိုလက်ညှိုးထိုးပြီး ရောင်းစားလိုက်သေးသတဲ့ ။ သို့ပေသော်လည်း စားသုံးသူတွေအတွက် စေတနာရှေ့ ထားပြီး သူ့ အတွက် ပွဲခ ၁၀% လည်း ခွဲဝေယူပါသတဲ့ ။ ခုအချိန်မှာ ခေတ်စားနေတဲ့ ၇၀း၂၀း၁၀ အချိုးအတိုင်းပေါ့ကွယ် ။ သူက ရေထဲက ထွက်တဲ့ အဟွာတွေသာ ရောင်းစားချင်တာ၊ “ဂဏန်း” ကိုတော့ မကျွမ်းရှာလေတော့ ဟိုအရပ်က လူလည်ကြီး..အဲ ..ခွေးလည်ကြီးများနဲ့ အဖွဲ့ ရဲ့ လိမ်ညာလှည့်ပတ်ခြင်းခံလိုက်ရတာကို မသိရှာပဲ အတွက်အပေးမှာတော့ စက်သူဌေး ဖြစ်နေတာပေါ့ ကွယ်..

“ကိုအောင်နက် ၊ ရှင့်မလည်း တနေ့ တနေ့ ဓါတ်ငါးတွေ ဖမ်းနေရတာနဲ့ မအားရပါလား။ကျုပ်တို့ အိမ်အတွက် ဟင်းစားလေးများ ချန်ပါအုံးလား တော်။အလှူလဖက်နဲ့ မျက်နှာလုပ်၊ ခြေရင်း ခေါင်းရင်းအိမ်တွေလည်း ဝေရတာ ပေါ့။”

“ မင်းဘာသိလို့ လည်းကွ ၊ ခုအချိန်မှာ ငါ့ထက်တတ်တဲ့ သိတဲ့ကောင် ဘယ်သူမှ မရှိဘူး ။
ငါ့အရပ်က အဲဒီရေမြောင်းကြီးကလည်း ထိန်းသိမ်းတဲ့သူမရှိလို့ ပျက်စီးနေတာ ၊ သူ့ ဖါသာ သူ စီးချင်သလို လျှောက်စီးနေတာပဲကွ ။ ငါနဲ့မဆိုင်ဘူး ။ ငါက စေတနာနဲ့လည်း မြောင်းထိပ်က ပိတ်ပေးရသေးတယ် ။ဘာမှားလို့လည်းဟ။ ရတဲ့ ဟာတွေလည်း ငါ့အိမ်မှာ ပိုနေလို့  ရောင်းစားတာ ကွ.. နေစမ်းပါအုံး မင်းကိုပြောရအုံးမယ်.. လူရှေ့ အဲ..ခွေးရှေ့ မှာ ငါ့ကို အောင်နက်လို့ မခေါ်နဲ့ ၊ ခွေးရိုသေ ကြောင်ရိုသေ ငါ့နာမည်“ အောင်ဇော်နက်မင်း” ၊ မှတ်ထား ”

”အင်းပါတော် ၊ကျုပ်ကလည်း ခု ၊ အိမ်ထဲမှာ ဘယ်သူမှ မရှိလို့  ရှင့်နာမယ်အရင်းကိုခေါ်တာ၊ အကျင့်ပါနေလို့ပါတော်။”
လေဒီမစ်ရှဲဂုတ်ကျား ခမြာ လင်တော်မောင် အရှိန်ကိုကြောက်ပြီး လေပြေထိုးလိုက်ရလေတော့တယ်။ နို့မို့ဆိုရင် ဘာပြောကောင်းမလည်း ကတ်ကတ်လန်ပြီး ပြန်ရန်တွေ့ လိုက်တာ ကြာပြီပေါ့ ကွယ် ။ ခုတော့ စိန်နားကပ်ကြီးပန်ရမလို သီချင်းလေး စိတ်ထဲမှာဆိုပြီး အောင်နက်ကြီးကို စကားနည်း ရန်စဲ အဆင်ပြေအောင် နေပြလိုက်ရပါလေတယ်တဲ့ကွယ် ။
........................................................................
“ကိုကိုမောင်မောင်အောင်ဇော်နက်မင်း... ရေ ။ အံမလေး ရှင့်နာမည်ကြီးခေါ်နေရတာ ကျွန်မ အသက်ထွက်တော့မယ်...ကအောင်နက်ရေ ကအောင်နက်ရဲ့ ဒီဘက်ခန လာစမ်းပါအုံး ”

“ စောစောစီးစီး ဘာဖြစ်နေပြန်တာလည်း ဒီမိန်းမတော့ တယ်လေ၊ ငါ့အလုပ်တွေ ရှုပ်နေရတဲ့အထဲ မင်းကတမှောင့်”

“ရှင့်မှာ ဘာအလုပ်များရှုပ်စရာ ရှိလို့တုံး ။ လက်ညိုးညွန်ပြီး ဟိုခွေးခိုင်းလိုက် ဒီခွေးခိုင်းလိုက် နဲ့ အချိန်ကုန်နေတာပဲဟာ။ ဒီမှာလာကြည့်ပေးအုံး ။ မီးဖိုထဲက ဂက်စ်အိုး ပျက်နေပြီ ။ အဝတ်လျှော်စက်လည်း မလည်တော့ဘူး။”

“ ဟ..မင်းက ဒါလေးတောင် မလုပ်တတ်ဖူးလားကွ ။ ဂက်စ်အိုးပျက်တာမဟုတ်ဖူး ဟ ၊ အထဲမှာ ဂက်စ်ကုန်နေတာ ။ မှန်းစမ်း ..ဒီ အဝတ်လျှော်စက်.... အာ.. မင်းကလည်း တုံးပါ့ ၊မီးမှမလာတာကြီး ဘယ်လည်မတုံးဟ။ မင်းလည်းခက်တာပဲ ။ ဘာမှ ငါ့လောက် မသိဘူး မတတ်ဘူး ”

“ဟမ်.. ကျုပ်က ဘာသိမှာတုံး ကဖိုးသိရဲ့ ၊ရှင်ပဲနေရာတကာ သိနေ တတ်နေတာလေ ။ သူများကြားရင် ရယ်စရာ ဖြစ်နေအုံးမယ် ။ ဖြတ်ညှစ်ဝံဂျီးအိမ်မှာ ဂက်စ် မရှိတာ ၊ဝံဂျီးရပ်ကွက်ထဲ မီးပြတ်တာ လေ”

“ အိုးးးး အဲဒါတော့ ငါ့အိမ်ပိုနေတယ် ထင်ပြီး ရောင်းစားထားမိတာကိုးကွ ။ငါပေသီးချ တွက်ကြည့် တုံးက ပိုနေပါတယ် ။ ငါသေသေချာချာ တွက်ထားတာပါကွ ၊ အတွက်မှားမစိုးလို့ ဟို အေဘီစီဒီ အဖွဲ့က ကောင်တွေကိုတောင် သန်း၂ ကောင်ပေးပြီး တွက်ထားခိုင်းလိုက်သေးတယ် ။ ”

“ကဲ..ဘယ်သူအတွက်မှားမှား အခုလောလောဆယ် ဘယ်လိုလုပ်ကြမလည်း ။တော်မြိုဖို့ ထမင်းဟင်းချက်ရအုံးမယ် ။ အဝတ်လျှော် မီးပူတိုက်ရအုံးမယ် ။”

“ လွယ်ပါတယ်ကွာ ။ဖုံးဆက်ပြီး ငါ့ ရုံးက အကောင်တွေ ကို လာပို့ခိုင်းလိုက် ။ ”

“ ဂက်စ်ကတော့ အိုးနဲ့ထဲ့လာလို့ရတာပေါ့ရှင့်.. ၊ ရှင့်မီးက ကွန်တိန်နာနဲ့ထဲ့လာလို့မှ မရတာကြီး ”

“ မင်းကလည်း တယ်အ သကိုး ။ အီးပီစီက အကောင်တွေ ကိုပြောလိုက် ။ ငါပြောတယ် လို့ မပြောနဲ့.. အဲ.ငါခိုင်းတယ် လို့ ပြော.. သွား ၊ မြန်မြန်”

အောင်နက်ကြီး စိတ်မရှည်တော့တာနဲ့ သူ့ လေဒီဂုတ်ကျားကို ဖိဟောက်နေပါလေရောတဲ့ကွယ် ။
............................................................................

“မောင်အောင်နက်ရေ ..ဟေး မောင်အောင်နက် ရှိသလား ဟေ့”

မနက်စောစော အိမ်ရှေ့ မှ အော်ခေါ်သံကြားလို့ အောင်နက်တကောင် မျက်မှောင်ကုပ်သွားမိတယ် ။ စိတ်ထဲမှာလည်း မကြည်လင်တော့ ။ ဒီအသံကြီး ဘယ်အချိန်ကြားကြား ဘယ်နေရာမှာကြားကြား အသည်းထဲ စွဲနေအောင်မှတ်မိနေရတဲ့ ယောက္ခထီးကြီး “အော်စတင်ဆော်ရှောက်ဖန်” မှန်း ပြေးမကြည့်ပဲ သိလိုက်တာပေါ့ကွယ် ။ယောက္ခထီးကြီးကလည်း ခေသူမဟုတ် ၊ ခေတ်ရေစီးကြောင်းနဲ့အတူ ရောဂါဆန်း ရနေတဲ့ ရောဂါသည် တယောက်မို့  နာမည်ပြောင်းခြင်းအမှုကို ပြုပြီးသား။ သာမာန်ခွေးဘဝက “ လေးလုံး” အမည်ကို ပြိန်းတယ်ဆိုပြီး အကြံအဖန်လုပ် တရန်ဆုပ် ဖို့  အဲ..တရုပ်ဆန်ဖို့ အထက်ဖေါ်ပြပါ အမည်သစ်နဲ့ အဆီရစ်နေသူပါပဲ ။

“ဟေ ။ မောင် အောင်နက် ဪ မေ့လို့  မောင်အောင်ဇော်နက်မင်း ရေ ။ မင်းဆီ တောင်းစရာ ရှိသေးလို့ လာတာပဲကွ။ လုပ်စမ်းပါအုံး ကားပါမစ်လေး ”အလကားရ သွားဖြဲကြည့် ကောင်းတာအကုန်ယူ အာဂလောက် အသံကြီးနဲ့ ပြောလိုက်သူကတော့ အောင်နက်ရဲ့  ယောက္ခထီင်္းကြီးပဲပေါ့ ကွယ်

“ ဟာ.. အဖေ ၊ ဒီကိစ္စ ကျွန်မယောကျာင်္းနဲ့ မဆိုင်ဘူးလေ ။ သူက ဖြတ်ညှစ်(၁) ဝံဂျီးပဲဟာ ၊ ဒါပေမဲ့ ခုလောလောဆယ်မှာတော့ ဖယောင်းတိုင်နဲ့ လက်နှိပ်ဓါတ်မီးဝံဂျီး အဖြစ်ပါ တွဲဘက် တာဝန်ယူနေရတာလေ အဖေရဲ့ ။သူ့ အလုပ်တွေက များကများ နဲ့ ။”
လေဒီမစ်ရှဲဂုတ်ကျားမ က သူ့ ယောကျာင်္း အမျက်တော်ရှမှာစိုးလို့ ကာကာကွယ်ကွယ် ရှောင်ပြော ပြောလိုက်တယ်တဲ့။

“ ဘယ်သူပြောလည်း ၊ငါနဲ့ မဆိုင်ဘူးလို့ ။ ဟေ့ဒီမှာ အောင်ဇော်နက်မင်း တဲ့ကွ ၊ တမင်း ထဲ ရှိတယ် ။ နှစ်မင်းရှိရင် တဂူထဲ မအောင်းဘူး ကွ ။ ငါ ခြင်္သေ့ ။ သိတယ် မလား ။ခုခေတ်မှာ ငါပဲတတ်တာ ။ ငါ့ထက်တတ်တဲ့သူ တောင် ငါ့လောက်မတတ်ဘူးကွ ။”အောင်နက်ကြီးက ဂုတ်ကျားမကို ဟိန်းဟောက်လိုက် သတဲ့ ။

ပြီးတော့မှ ယောက္ခကြီးဖက်လှည့်ပြီး “ ကဲ.. ပြောပါ အဖေ ၊ ကားပါမစ်က ရပါတယ်။ ၄၀ ကျော်နေတဲ့ အိုမင်းရွတ်တွ အဟောင်းတွေ အသစ်ပေးမလိုလို နဲ့ ဂွတ်စက္ကန်းဟန်းတွေသွင်းလာဖို့  ဂွင်ရိုက်ပြီးသား ပဲလေ။အရောင်းပြခန်းတွေလည်း ချိတ်ထားပြီးသား၊ စိတ်ချ အဖေရဲ့။ ဒီသတင်းကြောင့် ဒေါ်လှအပြားကြီးတောင် ဈေးတွေ တက်လာပြီ မဟုတ်လား ။ဟဲဟဲ ။ ကျွန်တော် သိပ်သိတာပေါ့ ။ဟဲဟဲ”
ယောက္ခမရှစ်ခိုးသွားမကျိုး ဆိုတော့၊ အောင်နက်ကြီး အတွက်“ ယောက္ခထီးဂွင်ထွင်၊ ရောဂါစင်” လို့ ပြောလို့လည်း ရမယ်ထင်ရဲ့။

သူ့ စကားကြောင့် ယောက္ခထီးကြီး ဆော်ရှောက်ဖန် တကောင် အူမြူးသွားတော့တယ် ။ သူ့ လက်ထဲမှာ အောက်ဈေးနဲ့ ဆွဲထားတဲ့ ၄၀ ကျော် အအိုကြီးတွေ တန်းစီလို့  နေပြီပဲဟာ ။ ၃၅၀၀ ပြ ဖို့လောက်ကတော့ မိုင်နာ တွေပဲလေ ။ ဒီတချီလည်း ဆော်ရှောက်ဖန်တို့ ဝဲစွဲ အုံးမယ် ။ အဲ.. ပျားစွဲ အုံးမယ်ပေါ့ ။ပိညှက်သွားရာ ဓါတ်ပါ ဆိုသလို သူ့ နာမယ်ရွေးတာမှန်သွားရခြင်း အတွက်လည်း မျက်နှာမှာ အဆီတဝင်းဝင်းနဲ့ ကြံဖို့ဖန်ဖို့ အကွက်ချပြီးသားပဲပေါ့ ။

.........................................................................

“ ကအောင်နက် ရေ ။ ရှင့် သားတော်မောင် ကို ဘာခိုင်းထားသတုံး ။ ကျုပ်သားလေး မတွေ့ တာတောင် အတော်ကြာနေပြီ ”
“ မင်းတို့ မိန်းမတွေ နေရာတကာ တယ်စပ်စုတာပဲ ။ ငါ တတ်လို့ ငါလုပ်နေတာ ငါ့သား ငါခိုင်းနေတာ ။ ဟိုမေး ဒီမေး မလုပ်နဲ့ ”
“ ရှင့် သား ကို ရှင်တယောက်ထဲ ပိုင်တယ် ထင်နေသလား ။ ကျုပ်ဗိုက်ထဲကနေ မွေးထားရတာ တော့်၊ ကျုပ်သားဘာလုပ်နေတယ်ဆိုတာ ကျုပ်လည်း သိထားရမှာ ပေါ့ “
“အေး ။ မင်းသိချင်ရင် ငါပြောမယ် ။ ဒီကောင့်ကို ဟိုမြောင်းပုတ်ပိတ်ပြီး ငါရောင်းစားထားတဲ့ နေရာမှာ ဟိုဘက်က ကန်ထရိုက် ဟောင်ကောင်သားတွေနဲ့ ရှယ်ယာလဲလုပ် ပွဲစားလဲ လုပ်ဖို့  ခိုင်းထားတယ်ကွ ။ နှစ်ဖက်ခွစားလို့ ရအောင်ပေါ့ ။ခွေးထီးပဲကွာ ဘယ် ရောက်ရောက် အမြီး မပျောက်ပါဘူး ။စိုးရိမ် မနေနဲ့ ”

“ ဟင် အဲဒီ ကန်ထရိုက်တွေက ဟောင်ကောင်ကနေလာကြတာလား ။”

“ မင်းကလည်း အတော်ပိန်းတာပဲ ။ ငါတို့ ထက် ပိုဟောင်တတ်တဲ့ အကောင်တွေမို့  ဟောင်ကောင်သား လို့ ခေါ်ကြတာကွ ။ ခုဆို နေရာတကာ သူတို့ အမျိုးတွေချည်းပဲ လေ။ သဟာကြောင့် ဒင်းတို့ ကို ဖါးတတ်ရင် မြိုးမြိုးမျက်မျက် စားရ ဝါးရတာပေါ့ကွာ ။ ”
အဲဒီအချိန်မှာ အောက်နက်ကြီးက ပီတိနှလုံး ဖုံးပြီးပြုံးဖြီးဖြီးကြီးနဲ့ ပေါ့ ကွယ်။

“ အေးပါတော် ကလူသစ်..အဲလေ ကလူတတ်ကြီး ၊ ရှင့်ကို ဒါကြောင့် ကျုပ်ကလည်း တနေ့တခြား....ခစ်ခစ်ခစ် ”
လေဒီမစ်ရှဲဂုတ်ကျားမကလည်း ခေသူမဟုတ်တော့ စိန်နားကပ် စိန်ခြေကျင်းတွေ မျက်စိထဲ မြင်ယောင်လာပြီး တခစ်ခစ် ပေါ့ ကွယ် ...။ နောက်ဆုံးမတော့ သားအကြောင်းမေးရင်းကနေ ကတော်တို့  ထုံးစံအတိုင် ရတနာစိန်ကျောက် ဇယ်တောက်လို့ ကစားချင်တဲ့အကြောင်းနဲ့ အဆုံးသပ် စိတ်ကူးယဉ်မိနေပါတော့တယ် တဲ့ကွယ်။

....................................................................

“ လေဒီ ရေ ၊ အိုးမိုင် လေဒီ ရဲ့ ။ ဘယ်ရောက်ပြီး ဘာတွေလုပ်နေတာလည်းကွဲ့ ”
အောင်နက်ကြိးတကောင် စိတ်ကောင်းဝင်နေချိန် စိတ်ကြည်နေချိန်တွေမှာ သူ့ ဂုတ်ကျားမကြီးကို ခုလို ပဲ သာယာပျော့ပြောင်း နှာဘူးလောင်းလေသံနဲ့ ခေါ်တတ် ကြည်စယ်တတ်လေသတဲ့ ။
“အို.. ကိုကို ဇော်နက်ရယ် ၊ ကျွန်မ ဒီအခန်းထဲမှာ ရှိနေတယ်လေ ။ ဘော်ဒါတွေ စုံနေတာနဲ့  ထုံးစံအတိုင်းပေါ့ ကိုကိုရယ် ”
ဂုတ်ကျားမကလည်း ဘယ်ခေလိမ့်မလည်း၊ကတော်တွေ စုမိတိုင်း ဝိုင်းတတ်ကြတဲ့ ပိုကာဝိုင်းကနေ မထပဲ ဒီကွေ့ ရောက်တော့ ဒီတက်နဲ့ လှော်တာ ကျွမ်းပြီးသားပဲမို့ ကနွဲ့ကရလေသံနဲ့ ပြန်ဖြေလိုက်လေတယ် ။
“ဪ.. အေးပါကွာ ၊ မင်းစိတ်ချမ်းသာရင် ပြီးတာပါပဲ။ ကဲ..အားလုံးပဲ စားရင်းသောက်ရင်း နဲ့ ဆက်ကစားကြပါဗျာ ။ ”
ခွေးကြီးခွေးကောင်း ခွေးဝံကတော် အပေါင်းတို့  ရှေ့ မှာမို့  အောင်နက်ကြီးမှာ မချိသွားဖြဲ နဲ့ အဆင်ပြေအောင် ဆက်ပြောနေရပါတယ် ။ အင်း ။ အထက်ကိုဖါးလို့  အောက်ကိုပြားအောင်လုပ်ရတဲ့ အထာတွေ နောကျေနေပြီပဲလေ ၊ဇော်အောင်နက်မင်းပဲ ဘာရမလဲ။

အောင်နက်ကြီးတကောင် သူ့ လေဒီကို စကားပြောဖေါ်ရှာမရတော့ ရှုမငြီးတဲ့ ချစ်သမီးဆီသွားပြီး အလာပ္ပ သလာပ္ပ ပြောဖို့ အတွက် ရှကီရာဂါဂါထွန့် လူး အခန်းဆီသို့  တက်လာခဲ့တယ် ။သမီးတော်အခန်းပေါက်ရောက်တော့ တံခါးကို ခေါက် ၊ ဘာသံမှ မကြားတာနဲ့ တံခါးကိုဖွင့်ပြီး ဝင် ။ အထဲမှာ ဘယ်ခွေးတကောင် ကြောင်တမြီး မှ မရှိ ။ဪ ။ သူငယ်ချင်းတွေ နဲ့ ကာရာအိုကေများသွားကြလေသလား ၊ စပါး( SPA) ထဲသွားပြီး အကြောအချဉ်လျှော့နေလေသလား ။ရှော့ပင်းစင်တာစုံအောင်ပတ်ပြီး တွေ့သမျှဝယ်နေကြလေသလား ။ အင်းလေ ငါရှာသမျှ သူတို့ အတွက်ပဲ ဟာ သုံကြပစေ ဖြုန်းကြပစေ ။ ဒီလောက်လေးများ ဘာအရေးလည်းပေါ့ ။ သမီးတကောင် ကျားတထောင် အဲလေ နွားတထောင် ပေမဲ့ စိတ်တော့ မပူလှ ။ မပူဆို သမီးတော် အနားမှာ ဘော်လီကပ် ..အဲ.. ဘော်ဒီကပ် ၂ယောက်က အမြဲ ရှိနေမင့်ပဲ ဟာ။

အဲသလိုနဲ့ စကားပြောစရာ မိန်းမ ကလည်း အနားမှာ မရှိ ။ သားတော် နဲ့ သမီးတော်တွေကလည်း အပြင်ထွက် လမ်းသလားနေကြတာနဲ့ အောင်နက်ကြီးတကောင်ထဲ ငေါင်စင်းစင်း ဖြစ်လာသမို့  အခန်းထဲက သူ့ ပန်းသီး လက်ပတုတ်လေး အသာဆွဲပြီး ဗီအိုင်ပီ အမြန်နှုန်းနဲ့ဆက်ထားတဲ့ အိမ်သာနတ်ကိုသုံးလို့ ခေတ်နဲ့အပြိုင် ကမ္ဘာ့ ရွာကြီးထဲ လည်ရအောင် အဖေ့ဘုတ် စာမျက်နှာထဲ ဝင်လိုက် ထွက်လိုက် နဲ့ ရွာလည်နေတာပေါ့ကွယ် ။ အဲသလိုနဲ့ ရုတ်တရက်

“အံမာလေး သောက်ကျိုးနဲ ၊ ငါ့ မျက်နှာကြီးထဲ ဝင်ဆဲသွားလိုက်ကြတာတွေ မနည်းပါကလား ကွယ်ရို့  ။”လို့ ထဟောင်မိလိုက်သတဲ့ကွယ်။
အဖြစ်ကတော့ ဒီလိုပါ ၊ အောင်နက်ကြီးရဲ့  ဖဘမှာ ရှိရှိသမျှ သူတွေ ဝင်ပြီး ရှစ်.. တွေ တထောကြီး ၊ မအေပေးပြီး နှမယူ၊ ..ချီးမြှင့်ဂုဏ်ပြုခြင်းခံရတဲ့ အကြောင်းကတော့ ငါသိ ငါတတ် ဘယ်သူ ဘာပဲပြောပြောလုပ်မှာပဲလို့ ခွေးရူးခွေးတမ်း ရမ်းမိခဲ့သမျှ ၊ မြင် မြင် သမျှ သူတွေကို ဖရင်းလုပ်ထားမိသမျှ ခုတော့ ပယ်ပယ်နယ်နယ် အတွယ်ခံလိုက်ရတာပဲ ပေါ့ကွယ်။

ဒီလိုနဲ့ အောင်နက်ကြီးတကောင် အမြှီးညပ်ခံနေရသလို အီလည်လည်ကြီး နဲ့ ပဲ ညနေစောင်းပါလေရော ။ ဝိုင်းနေကြတဲ့ မဒမ်ကတော် ဘော်ဘော်တွေ အဖွဲ့ လည်း အသီးသီး ပြန်ကြလေပြီရောပေါ့ ။ လေဒီဂုတ်ကျားကလည်း ရေမိုးချိုး အလှပြင်နဲ့ မပြီးနိုင်တော့။ မိုးကလည်း တစ တစချုပ်လာ ။ သားတော်မောင်တယောက်လည်း အပြင်မှာ သောက်လာတဲ့ အရှိန်ကြောင့် အိမ်လည်းပြန်ရောက် မှောက်လည်းမှောက် ။ သူ့ အခန်းသူဝင်သွားတော့ တော်ကီပွားချင်နေတဲ့အောင်နက် နေရခက်နေတယ်တဲ့ ။
သမီးတော် တယောက် အိမ်ပြန်မရောက်သေးပါလား ။သူမ လက်ကိုင်ဖုံးကိုဆက်တော့လည်း လူကြီးမင်းနှင့်သာ တွေ့ နေရ။ လေဒီဂုတ်ကျားမ ကိုမေးကြည့်တော့လည်း ဘာမှမသိ ။ ခက်တာပဲ ။မိုးကြီးတစတစ ချုပ်လာတာနဲ့ အမျှ အောင်နက်ကြီး ရင်တွေ တစတစ ပူလောင်လာတော့တယ် ။တညလုံး အိပ်မရ ။ သမီးလေး တယောက်ထဲမို့  ဖူးဖူးမှုတ်ချစ်ရလေတဲ့ ဖခင်မေတ္တာတော့ ရှိပါလေရဲ့ ။ ညသန်းကောင်ကျော်ပြီ မဖြစ်ချေဘူး လို့ သမီးတော် အိပ်ခန်းကို ဝင်ပြီး သေချာကြည့်တော့မှ စားပွဲပေါ်မှာ တင်ထားတဲ့ စာရွက်တရွက် တွေ့ လို့ ကမန်းကတမ်း ဖတ် အပြီး မှာ တော့...အောင်နက်ကြီးတကောင်လည်း အသားတွေ တဇတ်ဇတ်တုန် ၊ မျက်စိမျက်နှာပျက် ၊ဇက်ကြီးလိန် လို့ ၊ နေရာမှာတင် ဗိုင်းကနဲ လဲကျသွားရလေသတဲ့ကွယ်။

စာထဲမှာရေးထားတာလေးကတော့...
သို့  ချစ် ဒယ်ဒီနဲ့မာမီရှင့်
သမီး ချစ်သူ “ကိုပေါချောင်ကောင်း” နောက်ကို လိုက်သွားပါပြီရှင့် ။ သူနဲ့သမီး မေတ္တာမျှနေကြတာ ကြာပါပြီ။ ဒယ်ဒီ မိတ်ဆက်ပေးတဲ့ သဘောတူတဲ့ ဒယ်ဒီ့မိတ်ဆွေ ရေပုတ်မြောင်းပိတ် စီမံကိန်းက သဌေး “စတီဗင်ဖင်ရန်း” အသက်ကြီးကြီးကို သမီး မချစ်ပါဘူး ရှင့်။ သူတို့အလုပ်ဆီ ခေါ်လည်တုံးက တွေ့ ခဲ့ရတဲ့ မြောင်းတူးအလုပ်သမား ကိုအချောင် နဲ့ သမီးတို့ လူငယ်ချင်း မေတ္တာမျှနေတာကို ဒယ်ဒီတို့ သဘောမတူမှန်း သိတဲ့အတွက် ခုလို လိုက်သွားရတာပါ ။သမီးတို့ ချစ်ခြင်းကိုမခွဲပါနဲ့နော် ။ သမီးတို့ ကိုလိုက်မရှာပါနဲ့ ။
မှ/ ချစ်သမီးမိုက် ရှကီရာဂါဂါထွန့် လူး..

ဪ.. ခွေးတတ်ကြီး အောင်ဇော်နက်မင်းတကောင် သူ့ အတတ်သူစူး လို့ မတော်ချင်ပဲ တော်ရတော့မဲ့ တရက်သမုတ်၊ တရုပ်သမက်လေး ပေါချောင်ကောင်းရဲ့ ပြီတီတီ မျက်နှာပေးကို အခါခါ မြင်ယောင်ရင်းဖြင့် တောက်ခေါက်ရင်းနဲ့ တဥတည်းသော သမီးတော်အရင်းခေါက်လေးအား ယူကြုံးမရ နှမြောတသစွာ ဖြင့် နောင်တတွေ တလှေကြီးရလိုက်ချိန်မှာတော့ အရာရာဟာ နောက်ကျသွားခဲ့လေပြီပေါ့ကွယ်...

(ခုတလော ခေတ်စားနေတဲ့ ရောဂါဆန်းကြီးတခုရဲ့လှိုင်းကို အမှီလိုက်စီးရင်းနဲ့ ရေးမိရေးရာ ရေးလိုက်ပါတယ်။ တိုက်ဆိုင်မှုများရှိပါက တမင်တိုက်ဆိုင်မှုများသာဖြစ်ပါကြောင်း ..း))

ဤစာပိုဒ်ထက် အဆ တစ်ထောင်တစ်သောင်းမက ကောင်းမွန် ထိမိတဲ့ စာကဗျာကို ရှုစားလိုပါက ဤနေရာတွင်ဖတ်ရှုအားပေးနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

ခွေးတတ်ကြီးပုံအား ဂူဂယ်မှ ရှာပြီး ထပ်ဆင့်ဖျက်ဆီးထားပါသည်..

ထင်ယောင်ထင်မှား သူလှည့်စား...

$
0
0
ခုတလော ရွှေပြည်ကြီး ရဲ့  အကြောင်းများ၊ မြင်နေ ကြားနေ ဖတ်နေ ရတဲ့ သတင်းတွေ အတင်းတွေ ကြားထဲ ရွှေပြည်သူ ရွှေပြည်သား လူအများလည်း ပျော်ရွှင်ကြည်နူးလိုက်ကြ၊ စိတ်ချမ်းသာလိုက်ကြ၊ ဝမ်းနည်းကြေကွဲလိုက်ကြ၊ ဒေါသထွက်လိုက်ကြ၊ မကျေမနပ်ဖြစ်လိုက်ကြ နဲ့ မို့ မယ်ရီဂိုးရောင်း..ချားရဟတ်ကြီး စီးနေရသလို နိမ့်လိုက် မြင့်လိုက် စိတ်ဓါတ်တွေ တက်လိုက် ကျလိုက် ၊ရင်ဘတ်ထဲ ဟာကနဲ ဟင်ကနဲ ဖြစ်သွားလိုက်၊ အေးကနဲ နွေးကနဲ နဲ့ တနေ့ ထဲကို ဥတု သုံးပါးအပြောင်းအလဲတွေ ခံစားနေကြရသလိုလိုပါပဲ ။တချိန်ထဲ တပြိုင်ထဲမှာ ပူလိုက် အေးလိုက် ရာသီဥတု အပြောင်းအလဲ တွေ မြန်လွန်းတာကြောင့် လူအများမှာလည်း တုပ်ကွေးရာသီ နဲ့ အတူ တုပ်လိုက်ကြ ကွေးလိုက်ကြ ဖြစ်နေကြပြန်ပါတယ် ။ “လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းဝေးကြပါစေ ”လို့  မေတ္တာပို့ဝေ ပွားများနေသူများ ရှိသလိုပဲ ၊ လူအချင်းချင်းမှ မလှည့်ပတ်ရရင် အိပ်မပျော် စားမဝင်ဖြစ်တတ်သူများလည်း အများအပြားပါပဲ ။
လိမ်ညာ လှည့်စား တယ် ဆိုတဲ့ ဝေါဟာရ မှာ လိမ်ညာတာ(Lie) နဲ့ လှည့်စားတာ(Trick)ကို အတူတူ တွဲထားပေမဲ့ သဘောသဘာဝချင်းတော့ လုံးဝဥဿုံ တူလှတယ် မထင်မိပါဘူး။ကိုယ့်အယူအဆ ကိုယ်ပြောပြရရင်တော့ လိမ်ညာတယ်ဆိုတာက မရှိတဲ့အရာတခုကို ရှိသယောင်နဲ့ တဖက်သားကို အယုံသွင်း ကလိမ်စေ့ငြမ်းဆင် ကိုယ့်အတွက် ရသလို ရအောင် လုပ်ယူတာ ကြံဆောင်တာမျိုး ၊ လှည့်စားတယ် ဆိုတာ ရှိနေတဲ့ အရာတခုကို ထင်ယောင်ထင်မှား ဝိုးတဝါးဖြစ်အောင် ကြံဆောင်ပြီး လှည့်ပတ် သွားတာ မျိုး လို့  ထင်တာပဲ ။ဘယ်လိုပဲ ဖြစ်ဖြစ် လိမ်ညာ ဟန်ဆောင် လှည့်စား တယ် ဆိုတာ ဘယ်တခုမှ မကောင်းပါဘူးး။

ဒီလပိုင်း ရက်ပိုင်တွေ အတွင်းမှာ ကိုယ်တို့တတွေ လူတဦး ၊ အဖွဲ့ အစည်းတခု ရဲ့ လှည့်စားခြင်းကို ခံနေရတယ်လို့ ထင်ပါတယ် ။ သူ မလိမ်မညာပါဘူး ။ ပြောတော့ ပြောပါတယ် ။လုပ်တော့ လုပ်ပါတယ် ။ဒါပေမဲ့ အများ မျှော်လင့်တောင်းတနေသလိုမျိုး အပြည့် အဝ လုပ်မပေးခဲ့ပါဘူး ။ ပြောသလို မလုပ်ဘူးပေါ့ ။ ၆၃၅၉ ဂဏန်း အတိတ်စိမ်းပေးထားပြီး တကယ့် ဖွင့်ဂဏန်းက ၂၁၈ လိုလို၊၂၀၇ လိုလို ဖြစ်သွားတဲ့ လှည့်စားမှုတမျိုး ကျတော့ နားလှည့်ပါးရိုက်သလို မျိုးမို့  သိသိကြီးနဲ့ အောင့်သက်သက် ခံရခက်လှတယ် ။ဒုစရိုက် နဲ့ သုစရိုက် သမားတွေ အချိုးချကြည့်ရင် ဘယ်သူပိုများမလည်းဆိုတာ တွေးကြည့်ရုံနဲ့  သိသာပါတယ် ။ ထားပါတော့ ။ ဒါက သူတပါးက ကိုယ့်အပေါ် လှည့်စားချက်တွေ ။ခံရခက်ပေမဲ့လည်း ခံကြပေအုံးတော့ပေါ့ ။ အချိန်တန် နပိန်ကန် မယ် ဆိုတော့ ၊ နွားပိန်လေး လာကန်မဲ့ အချိန်ကိုပဲ မျှော်တလင့်လင့်နဲ့ စောင့်ကြပေရအုံးမယ်။

သူတပါး ကိုယ့်အပေါ် လှည့်စားသွားတော့ ခံရခက်ကြီးတဲ့ ။ ဒီလိုဆိုတော့ ကိုယ့် ဖာသာကိုယ် လှည့်စားနေကြတာများရော မရှိကြတော့ဘူးလား ၊ ခံရခက်ကြီး မဖြစ်ကြတော့ဘူးလား ။ ဟင့်အင်း ၊ မဖြစ်မိပါဘူး ။ ဘာလို့လည်းဆိုတော့ မသိလိုက်လို့ပေါ့ ။
တခါတရံတော့လည်း သိနေသားပဲ ၊ဒါပေမဲ့ ကိုယ့်ဟာကိုယ်လှည့်စားပြီး ကျေနပ်သလိုတောင် ဖြစ်နေသေးတယ် ။
နားရှုပ်အောင် ပြောလိုက်လို့ နားရှုပ်သွားမယ် ။ ဒီလိုပါ ။ ဥပမာ ပေးရရင် ၊ အလွန်ဝသော အမျိုးသမီးတယောက် တနေ့ တခြား ပို ပို ဝ လာ တယ် ။သူများတွေက ..ဟယ် ၊ မတွေ့ တာကြာပြီ ၊ နဲနဲ ပိန်သွားသလိုပဲ နော် ... ဆိုတော့ ကျေနပ်လို့ပဲ ။ကြည်နူးလို့ပဲ ။ ညာပြောမှန်း မြှောက်ပင့်ပြောမှန်း သိပေမဲ့ နဲနဲ တော့ ကျေနပ်မိသွားမှာပဲ ။ ( တချို့တလေကျတော့ ဒါ ငါ့ကို သက်သက် ရွဲ့ပြော စောင်းပြောနေတာပဲဆိုပြီး မကျေမနပ်ဖြစ်မိမှပါပဲ ) ။ ဒီတော့ သူ ဘာလုပ်သလည်း ။ ဝိတ်ချမယ် ..ဝိတ်ချမယ် ပေါ့ ...တချို့ စိတ်ဓါတ်ခိုင်မာသူတွေကတော့ မဖြစ်မနေ ဝိတ်ချလို့ ရတယ် ။တကယ်လည်း အောင်မြင်သွားတယ် ။( ပြတ်သားတဲ့ သူတွေများ ဘယ်လောက်ထိ ပြတ်သလည်း မပြောနဲ့ ၊ ပုပ်သွားတဲ့ အသီး၂လုံး နဲ့ ပျက်သွားတဲ့ ဂေါ်တပြား ကို ချက်ချင်းပဲ ပြတ်စဲပလိုက်တယ် ။ ဒါမျိုး စိတ်ဓါတ် သဘောကျလို့ မဆုံးဘူး )။ တချို့ ကျတော့ ပါးစပ်ကသာ ပိန်ချင်တယ်၊ ဝိတ်ချမယ် ပြောပြီး .. အင်း..ဇွဲမရှိတော့ ဘယ်လိုလုပ်ပြီး ဒီဝိတ်ကြီး ကျ ပါ့ မလည်း လေ ။ ဒီတော့ သူ့ ဟာသူပဲ စိတ်ဖြေတဲ့နည်း သုံးတယ် ။ကိုယ့်စိတ်ကိုယ် လှည့်စားပြီး ကျေနပ်လိုက်ကြတယ် ။ပြီးခဲ့တဲ့ တလ ကထက်စာရင် ၁ပေါင်လောက်ကျလာတာပဲလေ... တဲ့ ။ လွန်ခဲ့တဲ့ ၄ လ အတွင်း ၁၀ ပေါင် တက်လာတာကိုတော့ မသိကျိုးကျွန်ပြုထားလိုက်တော့ ဘယ်လောက် စိတ်ချမ်းသာဖို့ ကောင်းလည်းနော် ။ဒီတရက်တော့ စားချင်တာလေး ဆက်စားလိုက်အုံးမှ ၊ နောက်တော့မှ ချတာပေါ့ ..တဲ့ ။ (လွှတ်တော်တက်သူတွေထဲက ဒီစိတ်ဓါတ် ဘယ်နှစ်ယောက် ပါမလည်း ။ သိဘူး ၊ လာမမေးနဲ့  ) ဒီလိုပါပဲ ။ လောကကြီးမှာ နေတတ်ရင်ကျေနပ်စရာတွေပဲပေါ့ ။
ထားပါတော့ ။ ဒီဥပမာကလည်း သိပ် မကောင်းသလိုပဲ ။ပြောချင်တာလည်း ဒါရိုက်ဟစ် မပြောရဲ..အဲလေ.. မပြောချင်တော့တာမို့  ကိုယ့် ကိုယ်ကိုယ် လှည့်စားခြင်း ဆိုတဲ့ အကြောင်းအရာ ကို ပဲ ဆက်ကြရအောင် ။

Illusion “ အီလူးရှင်း”ဆိုတဲ့ ဝေါဟာရ ၊ မြန်မာလို အတိအကျ ပြောရတာတော့ ခက်သလိုပဲ၊ အနီးစပ်ဆုံးပြောရရင်တော့ “ထင်ယောင်ထင်မှားဖြစ်ခြင်း ”ပေါ့။ အဲ့လို ထင်ယောင်ထင်မှားဖြစ်အောင်ပြုလုပ်တဲ့သူကိုတော့ Illusionist လို့ခေါ်ပါသတဲ့ ။ မျက်လှည့်ဆရာ ပေါ့ ။ David Copperfield ဆိုသူကတော့ ကမ္ဘာကျော် illusionist သို့မဟုတ် magician တယောက်ပေါ့ ။ သူ့ အတတ်ပညာ မျက်လှည့်ပြကွက်တွေ ဟာ အံ့သြဘွယ်ကောင်းလောက်အောင် သေသပ်လှတာမို့ သူ့ ကို လူလိမ်လူညာ လို့  ဘယ်သူမှ မပြောနိုင်ကြဘူး ။ သူ့ ရဲ့ လှည့်စားမှု ပြကွက်တွေကိုတောင် ခံစားကြည့်ချင်လွန်းလို့  ငွေကုန်ကြေးကျခံပြီး ကြည့်ကြရတယ် ။သူဟာ လစ်ဘာတီ ရုပ်တုကြီးကို ပျောက်သွားအောင် လုပ်ပြနိုင်သတဲ့။ ဂရိတ်ဝေါကြီးကို ထိုးထွင်း လျှောက်ပြနိုင်သတဲ့ ။ ဒါကတော့ ချွင်းချက်တခုအနေနဲ့ ထားရပေလိမ့်မယ် ။ သူက ပညာရှင်ကြီးကိုး ။ဘယ်သို့ ဘယ်ပုံ လုပ်လိုက်သနည်းဟုတော့ ကျွန်ုပ် မသိ ။ အခွေတွေထဲမှာ ကြည့်ရတာတော့ အလွန်ကောင်းပေ၏။ သူ့အကြောင်း အသေးစိတ်သိလိုရင်တော့ အွန်လိုင်းမှာ ရှာကြည့် ။ဒီနေရာမှာတော့ သူ့ ရာဇဝင် ရှိလေ၏

သူ့ လို လျှမ်းလျှမ်းတောက် မဟုတ် ကမ္ဘာမကျော် ပေမဲ့ မြန်မာကျော်တဲ့ အီလူးရှင်းနစ် တွေလည်း မြန်မာပြည်မှာ တပုံကြီး ရှိ တယ် ။ ဧရာဝတီကြီးကို အသွင်ပြောင်းပြီး အိပ်ထောင်ထဲ ထဲ့ထားလိုက်တာတို့ ၊ နာဂစ်တုံးက အသက်မဲ့သွားတဲ့သူတွေ မဲ ထပြီးပေးကြတာတို့  ။ အဲ့လို စွမ်းဆောင်နိုင်ကြသူတွေ တပုံကြီးပါ ။ ဘာလို့ ကမ္ဘာမကျော်ကြတာလည်း ၊ ကိုယ့်ဦးနှောက် သေးသေးလေးနဲ့ စဉ်းစားလို့ကို မရဘူး ။

ဒါလည်း ထားလိုက်တော့ ဦးနှောက်သေးလို့  မစဉ်းစားချင်တော့ဘူး ။ ဒီတော့ ထင်ယောင်ထင်မှား မြင်တတ်တာတွေကိုပဲ ပုံလေးတွေနဲ့ ဥပမာ ပြ တော့မယ် ။ “မျက်စိအကြည်” အခံဓါတ် နဲ့  “အဆင်း” အတိုက်ဓါတ် တို့ တိုက်တော့ “ မြင်စိတ်” အပွင့်ဓါတ် ဖြစ်တယ်လို့  တရားသဘောမှာ ရှင်းပြထားတာ သိကြပါလိမ့်မယ် ။ လောကဓါတ် သိပ္ပံသဘောအရလည်း အရာဝတ္ထု တခုပုံရိပ်ဟာ ၊ အလင်း အမှောင် အပေါ်တည်ပြီး ၊ မျက်စိ မြင်လွှာပေါ် ကျရောက်လို့ ပုံရိပ်ကို မြင်ကြရတယ်လို့ သတ်မှတ်ထားကြပါတယ် ။ပုံရိပ်မှာလည်း ပုံရိပ်အစစ်နဲ့ ပုံရိပ်ယောင်ဆိုတာတွေ ရှိကြပါသေးတယ် ။ အဲဒီအထဲကမှ“Optical Illusions” ပုံရိပ်ယောင်တွေကို ဘယ်ပုံဘယ်နည်း မြင်ကြရသလည်း၊ ဘယ်လိုပုံနဲ့ မြင်ကြရသလည်း၊ ဘာကြောင့် မြင်ရတာလည်း ဆိုတာတွေကို စာအနေနဲ့ ရှင်းပြထားကြတာတွေလည်း အများကြီးရှိပေမဲ့ ရူပဗေဒ သဘောတွေကို သိပ်တော့ နားမလည်လှဘူး ။ ဒီတော့ ရုပ်ပုံလေးတွေ အနေနဲ့ ကြည့်ကြရအောင် ။ အပျင်းလည်းပြေ ပညာလည်းရ ပေါ့ ။ ဒါပေမဲ့ မျက်စိညောင်းမှာ တော့ သေချာတာမို့  တကြိမ်တခါထဲ နဲ့ အားလုံးကို မကြည့်ကြစေလိုပါ ။

ကဲ.. စ မယ်..။ ပုံတွေ မကြည့်ခင် မျက်စိကို အနားပေးတဲ့ အနေနဲ့ ခပ်ဝေးဝေးတနေရာကို ခဏလောက် အရင်ကြည့်လိုက်ပါ ။
ဒီပုံကတော့ ရုတ်တရက်ကြည့်ရင် လက်ဗွေရာတခု ။ သေချာကြည့်ရင်တော့ မိန်းကလေး ပုံရိပ် ပါ ။

အလားတူပါပဲ ။ လက်ဗွေရိပ် မှာ ခွေးရုပ်ပုံရိပ်ကို ထဲ့ထားတာပါ ။လွယ်ကူပါတယ် ။ ချက်ချင်း မြင်ရတယ် မဟုတ်လား။ မမြင်ရင်တော့ တခုခု ဖြစ်နေပြီ။း)

ဒါကတော့ စက်ဝိုင်းပုံ တွေကို အသေး အကြီး အဝိုင်းလိုက် ရစ်ပြီးထပ်ဆွဲထားတဲ့ အပေါ်မှာ စတုရန်းလေးထောင့်ပုံ မျဉ်းကြောင်းအဖြောင့်၎ချောင်း ။ ကြည့်ရင်း နဲ့ အလယ်မှာ နဲနဲ ကောက် ချိုင့် လာပါမယ် ။

အမဲရောင် အထစ်လိုင်းတွေ ပေါ်မှာ ဆွဲထားတဲ့ ကန့်လန့်ဖြတ် အပြာ လိမ္မော် အဝါ အဖြောင့်လိုင်းတွေကို ကြည့်နေရင်းနဲ့ လိုင်းဖြောင့်တွေပါ မြွေလိမ်မြွေကောက်လို့  တွန့် လာပါလိမ့်မယ် ။ အကောက်အကွေးတွေ ကြားမှာ ရှိနေရတဲ့ အဖြောင့် ဆိုတာကြီးခမျာမလည်း ကြာကြာတောင့်မခံနိုင်ပါဘူး။ပါတ်ဝန်းကျင် လွှမ်းမိုးမှုကြောင့် ပုံသဏ္ဍန်ပြောင်းတတ်တယ် ဆိုတာ သတိပြု စေချင်ပါတယ် ။ ( မည်သူ့ ကိုမျှ ရည်ရွယ်ခြင်းမဟုတ်ပါ ဆိုလျှင် မုသားစကား ဖြစ်ပေတော့မည်.. )

ဒီပုံကကိုတော့ နဲနဲ အချိန်ယူကြည့်ရပါမယ် ။( ကြည့်ဖူး မြင်ဖူးသူများလည်း ရှိပါမယ် ။ မြင်ဖူးသွားရင်တော့ မြန်ပါတယ် )။ အလယ်က အစက် ၄စက်ကို စက္ကန့် ၃၀ မျှ စူးစိုက်ပြီးကြည့်ပါ ။ ပြီးရင် ဗြောင်ဖြစ်နေတဲ့ အခန်း နံရံ သို့မဟုတ် မျက်နှာကျက် စတဲ့နေရာသို့  လွှဲပြောင်းပြီးကြည့်လိုက်ပါ ။ Jesus ပုံရိပ်ဟာ အာရုံမှာ ထင်လာပါလိမ့်မယ် ( အလားတူ ပုံတွေ အများကြီး ရှိပါသေးတယ်၊) ။ခေါင်းမူးသွားမှာစိုးလို့ တစ်ပုံပဲ ပြထားပါတယ်။

ဒီအောက်က ပုံတွေကတော့ ပန်းချီဆွဲသူရဲ့ စိတ်ကူးကောင်းပုံ လက်ရာမြောက်ပုံများကို ပြထားတဲ့ ပုံရိပ်တွေ ဖြစ်ပြီး သင့်မျက်စိ ဘယ်လောက် လျှင်သလည်း ဆိုတာ စမ်းသပ်လို့ ရပါတယ်။
။ ဆင်ပုံ နဲ့ အခြားတိရစ္ဆာန်တွေ ထပ်ပြီးဆွဲထားတာပါ ။ ဘယ်နှစ်မျိုး တွေ့ ရှိပါသလည်း ။ အကောင် ၆ မျိုးထက် ပိုတွေ့ သူများ တိတ်တိတ်လေး ပြောသွားကြပါအုံး..း)

ရုတ်တရက်ကြည့်ရင် သာယာလှပတဲ့ ကမ်းစပ်မှာရပ်နေကြတဲ့ ချစ်သူနှစ်ဦး ပေါ့ ။ သေချာကြည့်လိုက်ရင် ကလေး သန္ဓေသားပေါက်လေးတယောက်လည်း ရှိနေပါတယ်။

ရုတ်တရက်ကြည့်ရင် အဖိုးကြီးနဲ့ အဖွားကြီး မျက်နှာချင်းဆိုင်နေကြတဲ့ပုံ ။ သေချာကြည့်တော့ အတွင်းမှာ ထိုင်နေတဲ့ လူရွယ်၂ယောက် နဲ့ မတ်တပ်ရပ်နေသူတယောက် ရှိပါသေးတယ်။

3 D ပုံရိပ် တွေထဲက တခုပါ ။ ပန်းချီပညာရှင်တွေရဲ့ အံ့မခမ်း လက်ရာတွေကို နိုင်ငံရပ်ခြား တိုင်းပြည်များမှာ လူသွား လမ်းပေါ်မှာ ၊ပလက်ဖေါင်းပေါ်မှာ ဆွဲထားကြတဲ့ပုံတွေ မြင်ရတာကို အားကျမိပြီး ကိုယ့်ပြည် ကိုယ့်မြေ က နေရာကွက်လပ်ကြီးတွေမှာ ဒီလိုလက်ရာမျိုးတွေ ကိုယ်တိုင် ကိုယ်ကျ မြင်လိုစိတ်ပေါ်လာမိတယ် ။စိတ်ကူးထဲကို ပုံဖေါ်ရရင် .. ပြည်သူ့ လွှတ်တော်ရင်ပြင်တော်ကြီးပေါ်မှာ ထိတ်လန့်စရာ ချောက် ကမ်းပါးကြီးတွေ ချိုင့်ခွက်ကြီးတွေ ..ပုံရိပ်တွေ ဆွဲထားတာမျိုးပေါ့ ။ဒါမှ ပြောနေကျ လက်သုံးစကား၊ မကြာခဏ ကျခါနီး ဖြစ် ဖြစ်သွားတတ်တဲ့ ချောက်ကမ်းပါးဆိုတာကြီးကို ရွှေပြည်သားများ မျက်ဝါးထင်ထင် မြင်တွေ့ ဖူးရတော့မှာပေါ့။ ခုလောလောဆယ်မှာတော့ ကတ္တရာ လမ်းမတွေပေါ်က အော်ရီဂျင်နယ် 3D ဂလှိုင်ပေါက်ကြီးတွေ ကိုပဲကြည့်ထားလိုက်ကြပါစို့  ။)
အသူရကယ် ငရဲပြည် အဝီဇိ ၈ ထပ်ဆို ဒီထက် အပုံကြီး နက်မှာပဲ ပေါ့။ ဘယ်သူတွေ သွားကြမယ် မသိသလို သိသလို နဲ့ ကိုယ်မပါအောင် အားထုတ်ရအုံးမယ် ။ အချိန်မှ မှီပါတော့ မလား ။

ဒါကတော့ ၂ ခုစလုံးက ပုံရိပ်အစစ်တွေပါပဲ ။ အစစ်၂ခုကို ထပ်ပြီး စိတ်ကိုလှည့်စားလိုက်တော့လည်း တမျိုးတမည် ထင်ရတာပေါ့ ..း) ။

ဒီပန်းချီဆရာလည်း တော်ပါတယ်။ ဗမာပြည်ကြီးကိုချစ်လွန်းလို့  သူ့ နာမယ်ထဲ ထဲ့သုံးထားတဲ့ ဒီလူကြီး ။ သူ့ ပုံကို ဒီလိုလုပ်ဆွဲတော့လည်း ဘာမှ မပြောရှာဘူး။ တို့ပြည်ကြီးက ခေါင်းဆောင်ကြီးတွေပုံကိုလည်း ဒီလိုဆွဲပြီး လူရှေ့ မှာ ရပ်ပြလို့ ရမဲ့ အချိန် သိပ်မဝေးတော့ဘူး လို့  ထင်တာပဲ။ ခုတောင် ငြိမ်းချမ်းစွာ တန်းစီ လှည့်လည်ဆန္ဒ ဖေါ်ထုတ်လို့ ရတော့မယ် ဆိုတဲ့သတင်းကြားနေရပြီ ။“ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ကြမ်း”တဲ့။ အသေးစိတ်ကိုဒီမှာ ကြည့်လို့ ရပါတယ် ။အကယ်၍သာ ..အကယ်၍သာ ဒီဥပဒေကြမ်းကြီး အတည်ပြုပြီးသွားရင် .. ဘယ်သူ့ ပုံ ကို အရင်ဆွဲပြကြမလည်း ။ မော်ဒယ် လုပ်လိုသူများရှိပါက မတ်စိ ထားခဲ့ နိုင်ပါတယ်။ အခြေအနေပေးတဲ့ အခါ ဆက်သွယ် လို့ ရအောင် ပါ ။

Stereogram image အမျိုးအစားထဲက ပါ ။ ပုံရိပ်ယောင်တွေ ထဲမှာ သဘောအကျဆုံး အမျိုးအစား ပါ ။ကြည့်လို့  မထွက်ခင်ကတော့ ဘယ်လိုမှ ဆွဲဆောင်မှု မရှိပေမဲ့ ကြည့်လို့ မြင်သွားပြီးနောက်ပိုင်း အမြင်အာရုံထဲမှာ ပေါ့ပါးလွင့်မြောသွားသလိုခံစားရတယ် ။ ကြည့်နည်းက တော့ ဒီလို။ ပုံရဲ့ အပေါ်ထိပ်ပိုင်းက အနီရောင် အဝိုင်းစက် ၂ ခု ကိုသေချာ စိုက်ကြည့်ပါ ။သူ့ ကို အဝိုင်း ၃ စက် အနေနဲ့ မြင်လာရတဲ့ အခါမှာ အောက်ဖက်ရွှေ့ ပြီး တပုံလုံးကို ဖြန့်ကြည့်လိုက်တဲ့အခါ အဖေါင်းအမို့ အချိုင့်တွေ ထဲမှာ ရောင်စုံ ဝိုင်းလေးတွေကို စိုပြေစွာတွေ့ ရပါမယ်။

အပေါ်ကပုံနဲ့ အလားတူပါပဲ။

တကယ်လို့ ခေါင်းမမူးသေးဘူး ဆိုရင်တော့ ဒီပုံလေးကိုဆက်ကြည့်လိုက်ပါ ။ အရက်မူးသမားတွေရဲ့ အမြင်လိုပါပဲ ။ အရိပ် နှစ်ထပ် တွေ ဖြစ်နေ တယ် ပေါ့

ပုံတွေကြည့်ပြီး မျက်စိလည်း အတော်ညောင်းလောက်ပြီ ။ သင့်မျက်စိ တကယ်ပဲ ညောင်းသွားပြီလား ဆိုတာ ဒီအောက်က ပုံအနည်းငယ်ဆက်ကြည့်ပြီး စမ်းသပ်လို့ရပါတယ် ။
အစိမ်းရောင်စက်ဝိုင်းကြီးအလယ်တဲ့တဲ့မှာ ရှိတဲ့အပြာရောင်အဝိုင်းလေးကိုသေချာစူးစိုက်ကြည့်နေပါ ။ အပြာရောင် အဝိုင်းလေးက တဖြေးဖြေး သေးငယ်လာပြီး ပျောက်ကွယ်သွားမယ် ဆိုရင်တော့ သင့်မျက်စိ မောပန်းညောင်းညာနေပြီ ဖြစ်တာမို့  အနားပေးသင့်ပါပြီ။

တကယ်လို့ မမောသေး မညောင်းသေးဘူး ထင်ယောင်ထင်မှားတွေ ဆက်ပြီး မှား..အဲ.. ဆက်ပြီးကြည့်ချင်သေးသပ ဆိုရင်တော့ ဒီနေရာကို သွားကြည့် လို့  ရ ပါတယ် ။ခေါင်း မူး ၊ မျက်စိညောင်း၊ ဇက်ကျောတက်လာရင်တော့ သင့်တာဝန်သာ ဖြစ်ပါသည် ပေါ့ ။

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ ။
မိမိကိုယ်ကို လှည့်စားခြင်းလည်း ကင်းဝေးကြပါစေ ...

ကောင်းလိုက်ထှာ... ကောင်းပေစွ

$
0
0
ကြီးသူကို ရိုသေ၊ ငယ်သူကို သနား၊ ရွယ်တူကိုလေးစား ၊ဆိုတဲ့ စကားလက်ကိုင်ထားရမဲ့ အပြင် ၊မေတ္တာ ဂရုဏာ မုဒိတာ တွေ ပွားများနေနိုင်ကြမှ မင်္ဂလာ တရားနဲ့ ပြည့်စုံမယ် ဆို တော့ ဒီင်္တခါ ကောင်းတာလေးတွေပဲ တွေး မယ် ရေးမယ် လို့ စိတ်ကူးပါတယ် ။ ဒီတော့ မေ့ကွက်ကိုရှာ.. အဲ.. ကောင်းကွက်ကိုရှာဖို့ အနီးအနား ပတ်ဝန်းကျင် နဲ့ တမျှော်တခေါ် ကမ္ဘာတခွင် ကို အင်တာနက်ထဲကနေ လျှောက်ကြည့်ရင်းနဲ့ မြင်တွေ့ ရတာလေးတွေကို ပြန်ပြီး ဖေါက်သည်ချကြည့်ပါမယ် ။ အကောင်းမြင်ဝါဒလေးနဲ့ မုဒိတာ ပွားကြည့်ကြတာပေါ့ ။

ဦးစွာပထမ ကိုယ့်လတ်တလော စားဝတ်နေရေး ဖြေရှင်းပေးလို့ နေထိုင် နေရတဲ့ ဒီ နိုင်ငံ က ကိုယ်နဲ့တိုက်ရိုက် ပတ်သက်တဲ့ သတင်းလေး အတွက် ကောင်းချီးပေးပါရစေ။ စားဝတ်နေရေး ဆိုတဲ့ စကားလုံး အစီအစဉ် အတိုင်း စားဖို့ က အတော်လေး အရေးကြီးတယ် မဟုတ်လား ။စားကုန်သောက်ကုန် စရိတ်စကတွေလည်း ကမ္ဘာနဲ့ အဝှမ်း ဒီရေလို တရိပ်ရိပ်တက်နေကြတာ အားလုံးအသိပါပဲ ။ လစာတွေ သာ မတက်ရင်နေမယ် ။ စားသောက်ကုန်ဈေးနှုန်းတွေကတော့ တက်ပြီးရင်းတက်ပဲ ။
မနေ့ က သတင်းထဲ တွေ့ လိုက်တာ ကတော့ ဒီနိုင်ငံရဲ့ နွားနို့ ထုတ်လုပ်မှု အကြီးဆုံး ကုမ္ပဏီ ၃ ခု အား နွားနို့  ဈေးတွေကို ရုတ်တရက် မြှင့်လိုက်တဲ့ အတွက် 公平會 မှ ဒါဏ်ငွေ 3千萬元 ( အမေရိကန် ဒေါ်လာ နဲ့ ဆို ၁ သန်းခန့်  ) ချ တော် မူ လိုက် သတဲ့။ဒီနိုင်ငံရဲ့ ရာဇဝင်မှာ ပထမဦးဆုံး၊အပြင်းထန်ဆုံး ချမှတ်လိုက်တဲ့ ဒါဏ်ငွေ ပါ ။( 公平會 ဆိုတာက စားသုံးသူတွေဖက်မှ အာမခံပေးထားတဲ့ တရားမျှတမှု အဖွဲ့အစည်း တခုပါ Association of fair and judgement for customer လို့ ဘာသာပြန်ရမလားပဲ ။ ဘာပစ္စည်း မဆို ဈေးတက် ဈေးတင်တာကို ထိန်းကွပ်ပေးတဲ့ အဖွဲ့ ပေါ့ )။ ဈေး မြှင့် တာ ကလည်း နဂို တပုလင်း ၇၇ ကျပ်တန်ကို ၈၃ ကျပ်ဆိုပြီး ၆ ကျပ်ကြီးများတောင် ဈေးတင်လိုက်လို့ ပါတဲ့ ။ ရာခိုင်နှုန်း အားဖြင့် ပြန်တွက်တော့ ပစ္စည်း တခုကို ၇.၃ % မှ ၇.၉% ထိ တက် သွား တယ် တဲ့ ။
အခြေအနေ လိုအပ်ချက် တခုခုကြောင့် ဈေးတင်တယ်ဆိုရင်တောင် ၁-၂ % လောက်သာ တင်ရမှာ ဖြစ်ပြီး ခုလို ကုမ္ပဏီကြီး ၃ ခုက တပြိုင်နက်ဈေးတင်တယ် ဆိုတာ စားသုံးသူတွေ ကို နစ်နာ စေတဲ့ အတွက် ခုလို ဒါဏ်ရိုက်ရခြင်း ဖြစ်ပါသတဲ့။ တက်လိုက်တဲ့ဈေးတွေ ကို သင့်လျှော်သလို ခု ရက်ပိုင်းအတွင်း ပြန်ချပေးရ မယ် တဲ့ ။ မချသေးရင် ထပ်ပြီး ဒါဏ်တပ်အုံးမှာ တဲ့.. ။ ကောင်းလိုက်ထှာ ....။ စားသုံးသူတွေ ဖက်က စဉ်းစား အာမခံ ပေးတဲ့ ဒီလို အဖွဲ့ အစည်း ထိန်းကွပ် မှု တွေ ဖွားကိတို့  ရွှေနိုင်ငံကြီးမှာ ရှိနေရင် ဘယ်လောက်တောင် ကောင်းလိုက် မလည်း နော် ။ ဒီလို အသေးအမွှား ကိစ္စလေး အတွက် မုဒိတာ အကြီးကြီး ပွားလိုက်မိတယ်...။

နောက်တခု .. ဒီနိုင်ငံ အပြင်ဘက် မျှော်ထွက်ကြည့်မိလိုက်တော့ နိုင်ငံရပ်ခြားသတင်းများ အထဲမှ Hot News တခု ။ ... လစ်ဗျား ခေါင်းဆောင်ကြီး မွန်မာ ဂဒါဖီ ..မနေ့က ပဲ အသတ်ခံလိုက်ရပြီတဲ့၊ ကောင်းလိုက်ထှာ.....။ အို ..သူများ အသတ်ခံရတာ ဘာလို့ များ မုဒိတာ ပွားနေရတာလည်း လို့ တော့ မထင်လိုက်ကြပါနဲ့ အုံး ။ ဒီလူကြီး က သူ့ နိုင်ငံကို စစ်အာဏာသိမ်းပြီး အုပ်ချုပ်လာတာ ၄၂ နှစ်တောင်ဆိုတော့ သူ့ ရဲ့တိုင်းသူပြည်သားတွေကို ဘယ်လောက်များ အနိုင်ကျင့် ဖိနှိပ်ချုပ်ချယ် ထားသလည်း ဆိုတာ ရွှေမြန်မာများ ကိုယ်ချင်းစာကြည့်လို့ ရနိုင်ပါတယ် ။ ဗီဒီယို သတင်းတွေ ထဲမှာ မြင်နေရတာ က တိုင်းသူပြည်သား လူအများတို့ ရဲ့ ပျော်ရွှင်မှု ပေါ့။သူတို့တတွေ ပြုံးပျော်ပြီး ကခုန်နေကြတာ လမ်းမတွေပေါ်က နေရာတိုင်းလိုလိုမှာ ပါပဲ ။ လူတယောက်သေတာ ဘာလို့ လူ အများက ပျော်ရွှင်နေကြတာလည်း ဆိုတာကိုတော့ ရှင်းပြနေစရာတောင် မလိုဘူးလို့ ထင်ပါရဲ့။ အင်း.. ကောင်းလိုက်ထှာ ...။ ဖွားကိတို့  ရွှေနိုင်ငံကြီးမှာလည်း ဒီလို ပျော်ရွှင်စရာ ရက်ကလေးများ ရှိစေချင်လိုက်တာ ။ဒါပေမဲ့ ဒီလို သတ်ဖြတ်ပြီးမှ ပျော်ရမဲ့ အပျော်မျိုးတော့ မဖြစ်စေချင်ပါဘူး။ ဒီကိစ္စအကြီးကြီး အတွက် မုဒိတာ သေးသေးလေး ပွားလိုက်မိတယ် ။ ဒါပေမဲ့ သံဝေဂ တရား လည်း ရမိတာပေါ့ ။ အနိစ္စ ဒုက္ခ အနတ္တ ၊ ဘယ်အရာမှ မမြဲဘူး မဟုတ်ပါလား ။ ဝဋ်ဆိုတာလည်း နောင်ဘဝထိ မကူးဘူး ။လက်ငင်းကို ပြန်ဆပ်ကြရတာပဲ ။

နောက် တွေ့ မိတဲ့ ဗွီဒီယို ကလစ် ထဲမှာ - ၅နှစ်သမီးလေး က သူ့ အဖေ နှလုံးရောဂါထ လို့ အိမ်ထဲမှာ ဒုက္ခရောက်နေတဲ့အချိန် အရေးပေါ် 911 ဆီ ဖုံးဆက်ပြီးနောက် စကားမပြောနိုင်လောက်အောင် ဖြစ်နေရာမှာ ကလေးက လိုအပ်တဲ့ အချက်အလက်တွေ ပြောပြ အချိန်မှီ ကူညီ အကြောင်းကြားပေးလို့  သူ့ အဖေ အသက်ကို ကယ်တင်လိုက်နိုင်သတဲ့ ။ သူတို့တွေဆီမှာ ဒီအရွယ် ကလေးလေး ကအစ ပိုင်းခြား နားလည်နေကြပြီ ။ ဒါကိုကြည့်ပြီး သုံးသပ်မိတာကတော့ ကလေးတိုင်းလိုလို မှာ စူးစမ်းလေ့လာချင်စိတ်တွေ ၊ သူတို့တတ်တာကို လုပ်ပြချင်စိတ်တွေ ၊ အတုမြင် အတတ်သင်စွမ်းအားတွေ ရှိနေကြတယ် ။ အဲဒါကို ပါတ်ဝန်းကျင် အသိုင်းအဝိုင်းက သင့်တော်သလို သွန်သင်ပြသပေးရမယ်။ ထိန်းကျောင်း ပြုပြင်ပေးရမယ် ။ သူတို့လေးတွေရဲ့ စူးစမ်းချင်စိတ်လေးတွေကို ပိတ်ပင်မထားသင့်ဘူး ။ စိတ်ဓါတ်ကောင်းလေးတွေကို ရိုက်မချိုးသင့်ဘူး ။ ဒီလို သွက်လက်ချက်ချာတဲ့ ကလေးလေးတွေလည်း ဖွားကိတို့  ရွှေပြည်ကြီးမှာ အများကြီးရှိတာပဲ ။ ဒါ့ပေမဲ့ အဲလို ကမ္ဘာကျော်သွားအောင် ပြသနိုင်ဖို့  အခွင့်အရေးမျိုး မရှိကြတာများပါတယ်။ အနီးဆုံး ဥပမာ ပြောရမယ်ဆိုရင် ခုနေများ ရွာငယ်ဇနပုဒ် မီးမှိတ်တုပ်မှတ်တုပ်မလုပ်နိုင်တဲ့ နေရာမျိုး၊လူတွေနဲ့ အလှမ်းဝေး လယ်ကွင်းထဲက အိမ်တလုံးထဲမှာ လယ်သမားကြီး ဦးဘမောင် နှလုံးရောဂါထလို့ လဲနေပြီဆိုပါတော့ ၊ ဘေးက ရောင်ပေစူးလေးနဲ့ သွက်သွက်လက်လက် ၅ နှစ်သမီးလေး က သူ့ အတွက် ဘာလုပ်ပေးနိုင်ပါ့ မလည်း ။ ဆက် စရာ ဖုံး လည်း မရှိ ။ ဆက်လို့ ရတယ် ထားအုံး ။ ခုလိုဂရုတစိုက် ပြန်လည် ပြောကြား အကြံပေးမဲ့ ၊ အရေးပေါ်ကားနဲ့ လာခေါ်ပြီး ဆေးရုံတင်ပေးမဲ့သူတွေ ရှိပါ့မလား။ ဆေးရုံ မှာ ရော .. ရောဂါကုသဖို့  အခြေအနေရှိပါ့မလား။ အင်း.. အဲဒါကို တွေးမိတော့ ကောင်းလိုက်ထှာ.. ။ ရွှေပြည်ကြီးမှာလည်း ဒီလို အခြေအနေတွေ အမြန်ဆုံး ရောက်စေ ရှိစေချင်လိုက်တာ လို့  ကိစ္စသေးသေးလေး ကို ကြည့်ပြီး မုဒိတာ အကြီးကြီး ထပ်ပွားမိလိုက်တယ် ။
ဗီဒီယိုကလစ်လေး ဒီနေရာမှာ ရှိပါတယ်

ဆက်ပြီးတော့ ပြည်တွင်းထဲ မှ ၊ မုဒိတာပွားလို့ ရမဲ့ သတင်းဟောင်းလေးတွေ ရှာဖတ်ကြည့်မိတယ် ။ ပြီးခဲ့တဲ့ စက်တင်ဘာ လကုန်မှာ ရွှေပြည်ကြီးမှာ တိုးတိုးတိတ်တိတ်လုပ်နေရာမှ ဟိုးလေးတကျော်ဖြစ်သွားပြီး တိုင်းသူပြည်သားလူအများ ဆန္ဒ အရ ခေတ္တခဏ ( ၅နှစ်တာကာလ ) ရပ်ဆိုင်း ထားလိုက်တယ် ဆိုတဲ့ “ဧရာဝတီမြစ်ဆုံဆည်ရေအားလျှပ်စစ်စီမံကိန်းကြီး”အတွက် ဆုံးဖြတ်ချက်ကို လည်း ကောင်းလိုက်ထှာ လို့ ကောင်းချီးသြဘာပြုပါရစေ ။ ဧရာဝတီမြစ်တလျှောက် ဆောက်လုပ်နေကြတဲ့ အခြားသော ဆည်ကြီးများရဲ့ စီမံကိန်းတွေကိုပါ ရပ်ဆိုင်း( ဖျက်သိမ်း) ပေးလိုက်ရင် ဒီထက်ပိုပြီး ကောင်းလိုက်ထှာ ကောင်းလိုက်ထှာ ကောင်းလေစွ ကောင်းလေစွ လို့  သာဓု အခါခါ ခေါ်မိမှာပါ ။

ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့် နေ့မှာလည်း ယုံကြည်ချက်ကြောင့်အကျဉ်းချထားခြင်းခံနေကြရသူ ( နိုင်ငံရေးအကျဉ်းသား ဟူသော ရှေးက အသုံးအနှုန်း မသုံးကြတော့ပါ။ နိုင်ငံရေးအကျဉ်းသားများ တယောက်မျှမရှိပါ ဟု ပြတ်ပြတ်သားသား ကြေငြာထားပြီးကာမှ ဟိုးတနေ့ကပဲ နိုင်/ကျဉ်း ၆၀၀ မျှသာရှိပါတယ် ဟု မတော်တဆ ဖေါ်ပြသွားလို့ တောင် အံ့အားသင့်မိရသေး.. )များထဲမှ အနည်းအကျဉ်းမျှ ကို အမှန်တကယ်ပြစ်မှုကျူးလွန်ခဲ့သူ ရာဇဝတ်သားများ များစွာနှင့် အတူ သမ္မတကြီးမှ စေတနာဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ခြင်းအကြောင်းကိုလည်း ကောင်းပါ၏ ဟု မုဒိတာပွားမိပါတယ်။ အကယ်၍များ ကျန်ရှိနေသေးသော ယုံ/ကျဉ်း သမားများအားလုံးကို တယောက်မကျန်ရလေအောင် စေတနာစစ်မှန်စွာဖြင့် လွတ်ငြိမ်း ချမ်းသာခွင့် ပေးခဲ့ပါလျှင်၊ ကောင်းလိုက်ထှာ.. ကောင်းပေစွ ဟု သာဓု အကြိမ်ကြိမ် ခေါ်လိုက်ပါအုံးမယ်။

ကားအို ကားစုတ်လေးများကိုသာ စီးနင်းနေကြရတဲ့ တိုင်းသူပြည်သား လူအများတို့ အတွက် ကားကောင်း ကားသစ် ကားတပါတ်ရစ် ဂွတ်စက္ကန်းဟန်းတွေ စီးစေချင်တဲ့စေတနာ နဲ့  ကားသွင့်ခွင့် ပါမစ်တွေ ချပေးနေတယ် ဆိုတဲ့ သတင်းအတွက်လည်း ကောင်းလိုက်ထှာ လို့ မုဒိတာပွားမိတယ် ။ ကားဟောင်းတွေကို ပြန်အပ်ဖို့ စလစ်လေးတရွက် ရဖို့ အရေး ၃ရက် ၃ ည တိုင်တိုင် စောင့်စားနေကြရတဲ့ ကားအိုပိုင်ရှင် ပြည်သူများအတွက် ဒီထက် အဆင်ပြေ ချောမွေ့ အောင် ဆောင်ရွက်ပေးနိုင်ကြရင်ဖြင့် ပိုပြီး ကောင်းလိုက်ထှာ ပေါ့ ။

ကားသစ်တွေ လာတော့ မယ် ဆိုတော့ တမိုးတွင်းလုံးပစ်ထားလို့  ပျက်စီးနေတဲ့ ကျောက်ပေါက်မာ ဗလပွ ကတ္တရာ လမ်းတွေကိုလည်း တစ်ပါတ်ပဲခံခံ နှစ်ပါတ်ပဲခံခံဆိုသော နည်းလမ်းသစ်တွေ အသုံးပြုပြီး ပြန်လည် ပြင်ဆင် လမ်းခင်းပေးနေကြောင်း သတင်းတွေ ဖတ်လိုက်ရတော့လည်း ကောင်းလိုက်ထှာ ပေါ့ ။ ဒီထက်မက ကြာကြာခံ၊ အရည်အသွေးကောင်းမွန်တဲ့ လမ်း၊ ပလက်ဖေါင်းတွေ ။ ရေနှုတ်မြောင်းတွေ နဲ့သာ ဆိုရင် ဖြင့် သာလို့ တောင် ကောင်းပေအုံးမယ် လို့ ကြိုပြီး ကောင်းလိုက်ထှာ ကောင်းပေစွ လို့  မုဒိတာ ဆင့်ပွား ပွားထားလိုက်ပါသေးတယ် ။

ကျန်းမာရေးအတွက် ကိုယ်ထူကိုယ်ထ စေတနာ ၊ အခမဲ့ ဆေးပေးခန်းများ ၊ ပညာရေးအတွက် စေတနာ ဘုန်းတော်ကြီးစာသင်ကျောင်းများ၊ စာဖတ်ခန်းများ ။ လူမှုရေး အတွက် နာရေးကူညီမှု အသင်းများ၊ ဘိုးဘွားရိပ်သာများ ..စသဖြင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေး တည်ထောင် ဖွင့်လှစ်လုပ်ဆောင်ပေးနေကြသူများ အကြောင်း မြင်ရ ကြားရ တာမို့လည်း ကောင်းလိုက်ထှာ ဟု အကြိမ်ကြိမ် သာဓုခေါ်မိပါသေးတယ် ။ အကယ်၍များ ခေတ်မှီဆေးရုံသစ်ကြီးများ မှာ ဆေးအပြည့်အစုံ ၊ ဆရာဝန် ဆရာမ ကျန်းမာရေးဝန်ထမ်း အပြည့်အစုံ တွေ ဖြင့် ပြည်သူ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက် ။ ကျောင်းသူ ကျောင်းသားများ အဖို့  အမှန်တကယ် အသုံးကျမဲ့ အသက်မွေးဝမ်းကြောင်းမှု ခေတ်မှီနည်းပညာရပ်များအတွက် ဘတ်ဂျက်ငွေတွေ ကို တိုးမြှင့်သုံးစွဲပေးလိုက်မယ် ဆိုရင်လည်း ကောင်းလိုက်ထှာ ကောင်းပေစွ ဟု အခါခါ ကောင်းချီင်္းပေးဖို့ အဆင်သင့်ပါပဲ ။

ပင်စင်စားကြီးတွေ အတွက် ပင်စင်လစာငွေ တိုးမြှင့်ပေးဖို့ သတိတရ ဆောင်ရွက်ပေးလိုက်တဲ့ အတွက်လည်း ကောင်းလိုက်ထှာ ပေါ့ ။ အဲဒါထက်ပိုပြီး ၊အခြေခံစားသောက်ကုန်တွေကို ဈေးကျအောင်လုပ်ပေးလိုက်ရင် ..အကယ်၍များ ဆန် တစ်ပြည် ကို ၁၀၀ ကျပ်၊ဆီ တပိသာ ၁၂၀ ကျပ် ။ ကြက်တပိသာ ၁၅၀ ကျပ် စသဖြင့်. အဲ့လိုလေးများ ဈေးချပေးလိုက်နိုင်မယ် ဆိုရင်..ဆိုရင်.. လခတွေ မတိုးပေမဲ့လည်း အရေးမကြီးပါဘူး၊ လူအများ စိတ်ချမ်းသာစွာနဲ့ ဝဝလင်လင် စားသုံးကြရမှာမို့ .. ကောင်းလိုက်ထှာ ကောင်းလေစွ လို့  အားရပါးရကြီးကို ပြောအုံးမှာ ။

ကဲ.. ဖတ်မိကြားမိသတင်းတွေထဲက ကောင်းနိုးရာရာသတင်းကောင်းလေးများကို ခုလို မုဒိတာပွားမိလိုက်ရတာ ဘယ်လောက်တောင် ကြည်နူးစရာ ကောင်းမိပါသလည်း နော် ။ သင်တို့လည်း ကြံဖန်ပြီး မုဒိတာပွားများကြည့်လိုက်ကြပါ လား ။ စိတ်ချမ်းသာ စေရမယ် လို့  အာမ အကြီးကြီး ခံလိုက်ပါရဲ့ ..

နှလုံးနာတယ် ၊ နှလုံးပုပ်တယ်...

$
0
0
လူတယောက်ရဲ့ မြတ်နိုးစရာအရာ တွေကို အသည်း နှလုံးနဲ့ တင်စားခေါ်ဝေါ်လေ့ရှိသလို ၊ မုန်းတီး ရွံရှာဘွယ်ရာတွေကိုတော့ အော့နှလုံးနာတယ် ။ အသည်းနာတယ် ဟု ပြောဆို သုံးနှုန်းလေ့ရှိကြပါတယ် ။ အဲဒီ အသည်းတွေ နှလုံးတွေမှာလည်း ခံစားချက်တွေ ရှိကြပါတယ် ။ ခု ပြောချင်တာကတော့ နှလုံးနာရတဲ့ အကြောင်းတွေပါ ။ အော့နှလုံးနာတာတော့မဟုတ် ။ တကယ့် နှလုံးသားလေး နာရခြင်း ပါ ။နှလုံးနဲ့ သွေးကြော ၊ သွေးလှည့်ပတ်ခြင်းစနစ် ဟာ လူတယောက် အသက်ရှင်သန်နေရေးအတွက် မရှိမဖြစ် အရေးကြီး ပါတယ်။ နှလုံးခုန်ရပ်၊ အသက်ရှုရပ် သွားခြင်းကို သေဆုံးခြင်း လို့  သတ်မှတ်ထားကြပါတယ် ။ ဒီတော့  အသက်ရှင်နေဖို့အတွက် နှလုံး မှန်မှန်ခုန်နေဖို့ လိုပါတယ် ။
ဒီလိုအရေးကြီးလှတဲ့ နှလုံးနာခြင်းအကြောင်းကို ရေးပြချင်တာကတော့ လွန်ခဲ့တဲ့ ရက် အနည်းငယ်က ဘလော့ဂါ မိတ်ဆွေတယောက်က အွန်လိုင်းမှာ မေးလာလို့ ပါ ။ နှလုံးနာပြီး ပုတ်တဲ့ အခါ ဘာဖြစ်လို့ ပေါင်မှာဆေးသွင်းကြည့်ရတာလည်း၊ နှလုံးနဲ့ ပေါင်နဲ့ ဘယ်လို ဆက်စပ်နေတာလည်း။ ဆရာဝန်ကတော့ ခွဲခိုင်းနေတယ် ၊ ခွဲရမလား မခွဲရဘူးလား၊ မခွဲရင် ဘယ်လိုဖြစ်လာနိုင်လည်း။ ခွဲပြီးရင် ပြန်မဖြစ်တော့ဘူးလား။ အစရှိတဲ့ မေးခွန်းများ အတွက် ၊ မသိသေးသူများ သိလိုသူများ အားလုံး သိစေရန် မျှဝေရေးသား မိပါတယ်။ အခြေခံ အကြောင်းအရာများကိုသာ အလွယ်တကူ နားလည်စေလိုတဲ့ အတွက် ၊ ဆေးဘက်ဆိုင်ရာ ပညာရပ်များကို တတ်သိနားလည် ကျွမ်းကျင်ပြီး သူများ အတွက် မရည်ရွယ်ပါ ။

နှလုံးရဲ့  အရေးကြီးပုံ --
နှလုံးရဲ့  အဓိက တာဝန်ကြီးက တော့ ခန္ဓာကိုယ်အတွက် လိုအပ်နေတဲ့ အောက်စီဂျင်ဓါတ်၊ အဟာရဓါတ်တွေ ကို သွေးသန့်  အနေနဲ့ လိုတဲ့နေရာရောက်အောင် နဲ့ မလိုအပ်တဲ့ ကာဘွန်ဒိုင်အောက်ဆိုက်၊ နဲ့ အညစ်အကြေးတွေကို သွေးညစ်အနေနဲ့ စွန့်ထုတ်တဲ့နေရာတွေဆီသို့ သယ်ယူပို့ ဆောင်ပေးနေတဲ့ ယာဉ်ကြီးနဲ့တူပါတယ် ။ အဲဒီယာဉ်ကြီး လည်ပါတ်နိုင်ဖို့  အတွက်လည်း သူ့ အတွက် စွမ်းအင် လောင်စာ အောက်စီဂျင်ဓါတ် လိုအပ်ပါတယ် ။နှလုံးကြွက်သားအတွက် သွေးကြောတွေလည်း အတားအဆီးမရှိလည်ပတ်စီးဆင်းနေမှ ကျန်းမာတဲ့ နှလုံးအနေနဲ့ ရှိနေမှာဖြစ်ပါတယ်။ ကျန်းမာတဲ့ နှလုံး ဖြစ်ဖို့  စည်းချက် မှန်ကန်တဲ့ နှလုံးခုန်ချက်၊ လုံလောက်တဲ့ နှလုံးသွေးညှစ်အား၊ သန့်စင်တဲ့ သွေးပမာဏလုံလောက်မှု အစရှိတာတွေလည်း လိုအပ်ပါတယ်။

တည်ဆောက်ပုံ----
ကြွက်သားထူ အခန်း ၄ ခန်း ရှိပြီး ဘယ်ဘက် ညာဘက် တခြမ်းစီ မှာ အပေါ်အောက် တခန်းစီ ရှိကြတယ်။ အပေါ်ခန်းနဲ့ အောက်ခန်းကို တံခါးဖွင့်ပိတ်သလို အဆို့ ရှင် များနဲ့ ကာရံထားတယ် ။ညာအပေါ်ခန်းမှာ နှလုံး ဆီသို့  ဝင်လာတဲ့ သွေးပြန်ကြောမကြီး နဲ့ ဘယ်အောက်ခန်းမှာ နှလုံးမှ ထွက်သွားတဲ့ သွေးလွှတ်ကြောမကြီး ရှိတယ် ။နှလုံးကြွက်သားများအတွက် အောက်စီဂျင် သယ်ပို့ပေးတဲ့ နှလုံးသွေးကြောမကြီးဟာလည်း ဘယ်အောက်ခန်း အထွက် ဝ နားမှာ ရှိတယ်။



နှလုံး နဲ့ သွေးလှည့်ပါတ်စနစ်။

နှလုံးရဲ့ ဘယ်အောက်ဖက်ခန်းမှ သန့်ရှင်းတဲ့သွေးတွေကို ရင်ခေါင်း နှလုံးသွေးလွှတ်ကြောမကြီးမှ တဆင့် ဦးခေါင်း ခြေ လက် ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းများသို့  ပို့ဆောင်ပေးပြီး ၊ သွေးညစ်တွေကိုလည်း သွေးပြန်ကြောများမှ အဆင့်ဆင့်ဖြတ်သန်းကာ နှလုံး ညာဖက် အပေါ်ခန်း အောက်ခန်းများသို့ ပြန်လည် စီးဆင်းစေတယ် ။ ထို သွေးညစ်တွေကို အဆုပ်သွေးလွှတ်ကြောမှ တဆင့် အဆုပ်သို့  ပို့ ပေးပြီး သွေးသန့် ဖြစ်အောင် လဲလှယ်စေတယ်။ အဲဒီသွေးသန့် တွေကို အဆုပ်သွေးပြန်ကြောမှ တဆင့် နှလုံး ဘယ်အပေါ်ခန်းသို့  ပြန်ပို့ဆောင်ပေးတယ် ။ အဲဒါကို သွေးလှည့်ပါတ်စနစ်လို့ ခေါ်ပါတယ်။

ပုံမှာပြထာသလို နှလုံးမှ နေပြီ ခန္ဓာကိုယ်တခုလုံးသို့  သွေးသန့် တွေ သယ်တဲ့ လမ်းကြောင်း ( သွေးလွှတ်ကြော- အနီရောင် ချယ်ထားသည် ) နဲ့ သွေးညစ်တွေသယ်တဲ့ လမ်းကြောင်း ( သွေးပြန်ကြော - အပြာရောင်ချယ်) တွေ ရှိပါတယ်။သွားတဲ့ လမ်းကြောင်းတလျှောက် မပိတ်ပဲ မကျဉ်းပဲ ပုံမှန်ရှိနေရင် သွေးလည်ပတ်စီးဆင်းမှု ဟာချောမွေ့ ပြီး အဆင်ပြေနေတာပေါ့ ။ဘာမှ ရောဂါ လက္ခဏာ မပြတတ်ပါဘူး ။ဒီပုံထဲက အတိုင်း ခြေ လက် မှာ ရှိတဲ့ သွေးကြောတွေကနေ တဆင့် လိုက်သွားရင် နှလုံးသားဆီသို့ ရောက်တာ မို့ ၊ နှလုံးအတွင်းမှာ စစ်ဆေးမှု ပြုလုပ်လိုတဲ့အခါ ခြေ လက် သွေးကြောတွေမှာ ပိုက်တပ်ပြီး ဆေးဓါတ်မှန်ရိုက်နိုင်ပါတယ် ။

အကယ်၍ နှလုံးကြွက်သားတွေမှာ သွေးကောင်းကောင်း မလျှောက်၊ သွေးကြောကျဉ်း/ ပိတ် ပြီး အောက်စီဂျင် မလုံလောက်ရင် Myocardial Ischemia လို့ခေါ်ပါတယ်။ ဒီထက် ပို၍ အခြေအနေဆိုးပြီး အောက်စီဂျင်ပြတ်လပ်သွားတဲ့ အချိန်မှာ နှလုံးအောင့် နှလုံးနာခြင်း( Angina) နှလုံးပုပ်ခြင်း ( Myocardial Infarction) အစရှိတာတွေ ဖြစ်လာတတ်ပါတယ် ။အဲဒါကို Heart Attack ရတယ် လို့  အများက ခေါ်ဆို ကြပါတယ် ။ Atherosclerosis လို့ခေါ်တဲ့ နှလုံးသွေးကြော ကျဉ်းစေ ပိတ်စေတဲ့ အကြောင်းတွေ အများကြီးရှိပါတယ် ။ ရေမြောင်းထဲမှာ အမှိုက်တွေ ပိတ်သလိုပဲ နှလုံးသွေးကြောနံရံမှာ အမှိုက်နဲ့ အလားတူတဲ့ အဆီတွေ( အများအားဖြင့် ကိုလက်စထရော (Cholesterol) နဲ့ .ထရိုင်ဂလစ်ဆရိုက် (Triglyceride ) တို့ ကြောင့် ပိတ်ရတာ များပါတယ် ။ ဒီ့အပြင် lipoproteins ခေါ် အဆီဓါတ် ထဲမှ VLDL,LDL အစရှိတဲ့အဆီဟာ ကိုလက်စထရော သွေးအဆီခဲ ခြင်းကို ပိုမိုဖြစ်စေတဲ့ ဆိုးသော အဆီဓါတ်ဖြစ်တယ်။ HDL ဟာ အဆီခဲခြင်းကို လျော့နည်းစေတဲ့ ကောင်းသော အဆီဓါတ် ဖြစ်ပါတယ် တချို့ ကြတော့လည်း thrombus လို့ခေါ်တဲ့ သွေးခဲလေးတွေ ကြောင့် ပိတ်တတ်ပါတယ် ။ ဒါ့အပြင် ဆီးချို ၊ သွေးတိုး၊ ဆေးလိပ်သောက်ခြင်း တို့ကြောင့်လည်း သွေးကြောနံရံ ကျဉ်းပြီး ပိတ်လာတတ်ပါတယ် ။

လူအများ ပြောနေကြတဲ့ Heart attack ဆိုတာ...
နှလုံးကြွက်သားသွေးကြော ရဲ့ ၅၀ မှ ၇၀ % လောက် ကျဉ်းသွား ပိတ်သွားခဲ့ရင် သွေးလျှောက်မှု လည်း နဲပါးလာပြီး လေ့ကျင့်ခန်း သို့မဟုတ် လှူပ်ရှားမှု နဲနဲပြင်းထန်လိုက်တာနဲ့ နှလုံးမှာ လိုအပ်တဲ့အောက်စီဂျင် အပြည့်မရတော့ပဲ ရင်ဘတ်အောင့်လာတတ်ပါတယ် ။ အဲ့ဒီ အောင့်တဲ့ Chest pain ခေါ် Angina မှာလည်း ပုံသဏ္ဍန် အမျိုးမျိုးရှိတတ်ပါတယ်။ ရင်ဘတ်တခုလုံး ပြုတ်တူနဲ့ ဆွဲညှစ်ခံရသလိုမျိုး ၊ ဇောချွေးပြန်တဲ့အထိ အောင့်တတ်ပါတယ် ။ ရင်ဘတ် အပြင် လည်ပင်း မေးရိုး လက်မောင်း ကျောပြင် တို့ မှာပါ တွဲပြီးအောင့်တတ်ပါတယ် ။ တချို့ လည်း အတိအကျ ပြောလို့ မရပဲ အစာအိမ်နာသလိုပုံစံမျိုးနဲ့ နာတတ်ပါတယ်။ နှလုံး သွေးကြောပိတ်တဲ့ နေရာနဲ့ ဆိုင်ပါတယ် ။ တချို့ကျတော့ လည်း အောင့်ခြင်း နာခြင်းမျိုးမရှိပဲ နဲ့ နှလုံးကြွက်သား ပုပ်သွားတတ်ပါတယ် ။

အမေရိကန်နိုင်ငံမှာ တနှစ်မှာ လူ တသန်းလောက် Heart Attack ရတတ်ကြပြီး ၄ သောင်းလောက် အသက်ဆုံးရှုံးကြရပါတယ် ။ ဒါကြောင့် နှလုံးရောဂါ ထ လာရင် ပေါ့ပေါ့ဆဆ မနေပဲ ကုသမှု ခံယူသင့်ပါတယ် ။ နှလုံးသွေးကြောမှာ ကျဉ်းပြီး ပိတ်ပြီး သွေးမလျှောက်ပါက မိနစ် ၂၀ မှ ၄၀ မိနစ် အတွင်း သွေးပြန်လျှောက်အောင် ပြုလုပ်ပေးရပါမယ် ။ မပြုလုပ်နိုင်ပါက နှလုံးကြွက်သားပုပ်ခြင်း စတင်ဖြစ်လာနိုင်ပါတယ် ။ ဒီထက်ကြာကြာအချိန်ဆွဲ ထားရင်တော့ ၆ နာရီမှ ၈ နာရီ ကြာသွားပါက သွေးမလျှောက်တဲ့ နေရာမှ နှလုံးကြွက်သားများ လုံးဝ အပြီးတိုင် ပုပ်သွားပြီ ဖြစ်ပါတယ် ။ ပြန်မကောင်းနိုင်တော့ပါ ။ ထိုနေရာရှိ ကြွက်သားများမှာ အနာရွတ်ဖြစ်ကျန်ခဲ့မှာ ဖြစ်ပြီး aneurysm ကြွက်သားပွလာကာ နောင်တချိန်တွင် ပေါက်ထွက်သွားနိုင်ပါတယ် ။


သင် သို့မဟုတ် သင့် အိမ်သား မိတ်ဆွေ များ၊ ရုတ်တရက် နှလုံး အောင့်လာပြီဆိုပါတာ့ ဘာလုပ်နိုင်မလည်း ။
-လေဝင်ထွက် ကောင်းတဲ့နေရာမှာ ငြိမ်သက်စွာ အနားယူရပါမယ် ။ တင်းကျပ်နေသော အဝတ်အစားများကို ဖြေလျှော့ပေးပါ ။
-အလွန်အမင်းနာနေပါက နှလုံးသွေးကြောချဲ့တဲ့ ငုံဆေး ( Nitroglycerine ,NTG ,Nitrostat) အစရှိတာကို လျှာအောက်မှာ ထားပြီး ငုံပေး ရပါမယ် ။ ဒီငုံဆေးကိုလည်း တကြိမ်မှာ အများကြီး မငုံသင့်ပါဘူး ။ သွေးပေါင်ကျစေနိုင်ပါတယ်။ အထူးသတိပြုရန် -ငုံဆေးကို မိမိဘာသာ တကြိမ်လျှင် တပြားနှုန်းဖြင့် ၃ကြိမ်ထက် ပိုပြီး အသုံးမပြူသင့်ပါ ။
ငုံဆေးရဲ့ ဘေးထွက် ဆိုးကျိုးတွေမှာ ခေါင်းကိုက်၊ခေါင်းမူး၊ ပူရှိန်း( flushing)၊ ပျို့ အန် ခြင်း အစရှိသဖြင့် ၊ အလွန်ဆိုးဝါးပါက သတိလစ်ခြင်း။ ဆေးမတည့်လျှင်အနီကွက်ထွက် ယားယံ ခြင်း စသဖြင့် ။
-၅ မိနစ်မျှခြားပြီး တတိယ အကြိမ် ဆေးငုံပြီးပေမဲ့ ရင်ဘတ်အောင့်တာ မသက်သာရင်တော့ ဆေးခန်း ဆေးရုံ သို့  အမြန်သွားပြီး ကျွမ်းကျင်သူ ဆရာဝန်များ၏ စမ်းသပ် ကုသ မှုကို ခံယူသင့်ပါတယ် ။

ဘာတွေကို ဘယ်လို စမ်းသပ်စစ်ဆေး မလည်း။-------

ရင်ဘတ်အောင့်လို့ ဆေးရုံ ဆေးခန်းသွားတဲ့ အခါ ၊ ရှိနေတဲ့ ပစ္စည်းကရိယာ ပေါ်မူတည်ပြီး စမ်းသပ်ပေးနိုင်တာ အဆင့်ဆင့်ရှိပါတယ် ။ အဲဒါတွေကတော့ -
၁- ECG ( EKG ) - ဂရပ်လိုင်းများ ဆွဲကြည့်ပြီး နှလုံးကြွက်သား အောက်စီဂျင် ပြတ်လပ်မှု ရှိ မရှိ ၊ နှလုံးပုပ်ခြင်း ရှိ မရှိ ကို ခန့်မှန်းနိုင်ပါတယ်။
၂- Cardiac Enzyme ( CPK< LDH,CK-MB , Troponin Test စသဖြင့် သွေးဖေါက်ပြီး စမ်းသပ်လို့ ရပါတယ် ။နာရီပိုင်း အလိုက် ပြောင်းလဲ မှု တွေ ကြည့်ပြီးအမှန်တကယ် နှလုံးကြွက်သား အောက်စီဂျင် ပြတ်မှု ရှိ မရှိ။ ရောဂါ ပြင်းထန်မှု ၊ အသုံးပြုတဲ့ ဆေးကို တုန့်ပြန်မှု ကောင်း မကောင်း သိနိုင်ပါတယ်) ။
၃-Cardiac Echo - ultrasound နဲ့ အလားတူပါတယ် ။ နှလုံးကြွက်သားပုပ်တဲ့နေရာကို တွေ့ နိုင်ပါတယ်။
၎--angiogram ဆေးဓါတ်မှန်ရိုက်ပြီး နေရာအတိအကျ နဲ့ ပြင်းထန်မှုကို သိနိုင်တယ်။
ပေါင်ရင်း သို့မဟုတ် လက်မောင်း သွေးကြော မှ တဆင့် ဆေးထိုးပြီး နောက် နှလုံးအား ဗွီဒီယိုမှန်သားဓါတ်မှန်ရိုက်ကြည့်ပါက နှလုံးသွေးကြော ပိတ်မှု အခြေအနေကိုတိကျစွာ သိနိုင်ပါတယ် ။(Cardiac Catheterization )လို့ခေါ်ပါတယ်၊

-ကျဉ်း၍ ပိတ်နေ တဲ့ သွေးကြော အား ချဲ့ ပြီး stent ခေါ် ဇကာပိုက်ပြွန် ထဲ့ခြင်း ပုံ

။ နှလုံး သွေးကြောကျဉ်းခြင်း / ကြွက်သားပုပ်ခြင်းတို့  ဖြစ်ပြီ ဆိုပါက ဆက်လက်၍ လုပ်ဆောင် ကုသရာတွင်
- နှလုံးသွေးကြောချဲ့သော ဆေးများဖြင့်ကုသခြင်း အပြင် ၊
-CoronaryAngiogram and Stenting လို့ခေါ်တဲ့ ၊ကျဉ်းနေတဲ့နှလုံး သွေးကြောများကို ဘောလုံးငယ်ဖြင့် ပြန်ချဲ့ခြင်း ၊ ပိတ်နေတဲ့နေရာကို ပြန်ပွင့်အောင် လုပ်ပြီး ပြန်ပိတ် မသွားအောင် ဝါယာမျှင် ဇကာကွက်ပါတဲ့ ပြွန်ချောင်းလေး ထဲ့သွင်းထားခြင်း၊ အစရှိတဲ့ ကုသမှုမျိုး ပြုလုပ်ပေးနိုင်တယ် ။ ဒီနေရာမှာဗီဒီယို ကလစ် ကြည့်နိုင်ပါတယ်
ဒီနည်းလမ်းက ပိုမို လွယ်ကု အဆင်ပြေပါတယ်။ အသက်အရွယ် အလွန်ကြီးသောသူများ အတွက် ဒီနည်းကို ပိုပြီး အသုံးပြုကြပါတယ်။
၅-Atherectomy - ပိတ်နေတဲ့ ဂျီး( အဆီဖတ် ၊ ထုံးဓါတ်ဖတ် များကို ခွာချ ဆေးကြော နိုင်တယ်။

တချို့  ပြင်းထန်သော သွေးကြောပိတ်/ကျဉ်း မှု များ မှာ အထက်ပါနည်းတွေ နဲ့ ကုသလို့ မရတော့လျှင် ရင်ခေါင်း ကိုခွဲပြီး နှလုံးသွေးကြောလမ်းလွှဲရန်၊ အခြား နေရာမှ သွေးကြောများဖြင့် အစားထိုးခွဲစိတ်ကုသခြင်း (Coronary Artery Bypass Graft Surgery (Heart Bypass Surgery, CABG ) ကို ပြုလုပ်နိုင်ပါတယ် ။ များသောအားဖြင့်တော့ လူနာရဲ့ ပေါင် သို့ မဟုတ် ခြေသလုံး သွေးပြန်ကြော တစိတ်တပိုင်းဖြင့် အစားထိုးပါတယ်။ ခွဲစိတ်မှု အကြီးစား ဖြစ်တဲ့အတွက် အသက်အရွယ်အလွန်ကြီးနေသူများအတွက် အဆိုပါနည်းကို အသုံးပြုခြင်း သိပ်မရှိကြတော့ပါ ။

အချိန်မှီ စစ်ဆေး ကုသမှု များဖြင့် သက်သာနိုင်ပေမဲ့ ကံအကြောင်းမလှ သူများ အဖို့တော့ အသက်ဆုံးရှုံးရမှုတွေလည်း ရှိပါတယ် ။ ဒါကြောင့် ကာကွယ်ခြင်းသည် ကုသမှုထက် ပိုကောင်း၏ ဆိုတဲ့ အဆိုကို လက်ကိုင်ထားရင် အချိန်ကုန် ငွေကုန် လူပင်ပန်းခြင်းတို့မှ သက်သာစေမှာမို့ ကာကွယ်ခြင်း ကို အလေးထားသင့်ပါတယ်။
ဒီရောဂါ ဖြစ်စေတဲ့ အကြောင်းရင်းတွေကို ရှောင်ရှား နိုင်ရင် ကာကွယ်နိုင်ပြီပဲ ဖြစ်ပါတယ် ။

ဒါကြောင့် ရှောင်သင့် ဆောင်သင့်တဲ့အချက်တွေ ကို ကြည့်လိုက်ရအောင် ။

-အဆီဓါတ်( ဆိုးတဲ့ ကိုလက်စထရော LDL ,VLDL၊ ထရိုင်ဂလစ်ဆရိုက်) များပြားတဲ့ အစားအစာကို ရှောင်ပါ -ဥပမာ ဂျုံ သကြားဓါတ်များသော အဆီအဆိမ့် အချို များ။ ပြည့်ဝဆီများသော- နို့ နှင့်နို့ ထွက်ပစ္စည်းများ ။တိရစ္ဆာန် အဆီများ။
-ကောင်းတဲ့ ကိုလက်စထရော (HDL) များတဲ့ အစာများ ရွေးချယ်စားသုံးပါ ။ HDLကြွယ်ဝတဲ့ အစာများ ဥပမာ -
သံလွင်ဆီ( Olive Oil)၊ canola oil and grapeseed oil ။ အိုမီဂါ ၃ ဓါတ် ပါတဲ့ ငါးအဆီများ ။ သစ်အယ်သီး သစ်ချသီး သစ်ကြားသီး အစရှိတဲ့ အခွံမာ အစေ့များ။ မုယော Oatmeal နဲ့ အမျှင်များသော အစားအစာများ၊ ဟင်းသီးဟင်းရွက်စိမ်း ၊ ပဲ ၊အရည်ရွှမ်းသစ်သီးများ ကို ရွေးချယ်စားသုံးပါ
-ဆေးလိပ် အရက် ကို ရှောင်ပါ ။
-ဆီးချို ၊ သွေးတိုး ကို ထိန်းပါ ။
-အားကစား လေ့ကျင့်ခန်း ကိုယ်လက်လှုပ်ရှားမှု များ အချိန်မှန် လုပ်ပါ ။စိတ်တည်ငြိမ်မှု ရအောင် ။ စိတ်ဖိစီးမှူ နဲအောင် ကျင့်ပါ ။

ဒါဆိုရင် အသက်လည်းရှည် အနာလည်းကင်း ငွေကုန်လည်းသက်သာစေမှာ ဖြစ်ပါတယ် ။

စကားချပ်။ ။ Coronary angioplasty and stents ပိုက်ထဲ့ပြီးကုသဖို့ အတွက် ကျပ်ငွေ ၂၅ သိန်းမှ သိန်း ၃၀ မျှ ကုန်ကျမှာ ဖြစ်ပါတယ် ။( ပြည်ပတွင် သွားရောက် ကုသမယ်ဆိုရင် ဒီထက်မကပဲ သိန်းရာကျော် ကုန်ကျမည် ဟု ပြောဆိုသံကြားရပါတယ်။) ။ ဖြစ်လာနိုင်တဲ့ ကောင်းကျိုး ဆိုးကျိုးများကို မခွဲစိပ်မှီ ဆရာဝန် ထံ သေချာ မေးမြန်း စုံစမ်းပါဟု လည်း အကြံပေးလိုပါတယ် ။

Ref:
http://www.innerbody.com/image/cardov.html
http://www.medicinenet.com/cardiac_catheterization/article.htm
http://emedicine.medscape.com/article/155919-overview#a0101
http://www.ehow.com/list_6021848_foods-rich-hdl.html

အမှားကြီးမှားခဲ့ပြီးမှ...

$
0
0
“ပျက်အစဉ်၊ ပြင်ခဏ” ဆိုတဲ့ စကား ဟာ အမျိုးမျိုး အဓိပ္ပါယ်ဖေါ်ယူလို့ရနေသလိုပါပဲ ။ပျက်စီးနေတဲ့ အရာတခု ကို ဒီအတိုင်းထားလိုက်ရင် ဘယ်လိုမှ ပြန်မကောင်းလာနိုင် ။ပြုပြင်ယူလိုက်မှပြန်လည်ကောင်းမွန်လာနိုင်မယ် လို့  ဆိုလိုရင်း ဖြစ်ပေမဲ့ ၊ တချို့ က မှားယွင်းစွာ နဲ့ တမျိုးတွေးတတ်ကြတယ် ။ အစဉ်အမြဲ ပျက်နေတဲ့ အရာတခုဟာ ၊ ပြင်လိုက်တော့လည်းခဏပဲ ခံ သတဲ့ ။“ သေချင်တဲ့ကျားတောပြောင်း ”ဆိုတဲ့ စကားနဲ့ ဆန့်ကျင်ဘက် “ တရွာမကောင်း သူကောင်းမဖြစ် ” ဆိုတာလည်း ရှိသေးတယ် ။ ဘယ်ဟာ မှန်တယ် ၊ ဘယ်ဟာမှားတယ် လို့ တထစ်ချ မှတ်ယူထားလို့ မရတဲ့ အရာတွေ ရှိနေတတ်ပါတယ် ။ အခြေအနေ အချိန်အခါနဲ့လိုက်ပြီး ပြောင်းလဲ ယူဆရမဲ့ အခေါ်အဝေါ်တွေ များစွာရှိနေပါသေးတယ်။ ဒီအချိန်မှာ ဒီစကားက မှန်နေပေမဲ့ နောင်တချိန်ကျတော့ မှားနေတတ်ပါတယ်။


“ မမှားသောရှေ့ နေ ၊ မသေသော ဆေးသမား ” ဆိုရာမှာလည်း ယခု ပြောပြမဲ့ ဒီအဖြစ်လေးကိုကြည့်ပြီး မမှားသော တရားသူကြီး ၊ မသေသော ဆေးသမား ” လို့ ပဲ ပြောင်းပြီး ပြောရတော့လေ မလား ..။
ကြေကွဲစရာကောင်းတဲ့ တကယ့်အဖြစ်လေးပါ ။ ဇာတ်ကြောင်း ပြန်ပြော ရမယ် ဆိုရင် လွန်ခဲ့သော ၁၅ နှစ် ဆိုတဲ့ အတိတ်ကာလက ဆိုပြီး အစပျိုးရပါလိမ့်မယ် ။

၁၉၉၇ ခုနှစ် နွေလယ်ကာလ အတိအကျ ဆိုရရင်သြဂုတ် လ ၁၃ ရက်နေ့ ။ ထိုင်ဝမ်နိုင်ငံ ထိုင်ပေမြို့ရဲ အကျဉ်းစခန်းတခု မှာ အသက် ၂၁ နှစ်အရွယ် လေတပ်သားလေး Chiang Kuo-ching ( 江國慶 )ကို မုဒိန်းမှု ၊ လူသတ်မှုနဲ့ သေဒါဏ် အပြစ်ပေးခဲ့ကြပါတယ် ။ သူဟာ သာမန် အလယ်အလတ် စီးပွားရေး လုပ်ငန်းရှင် မိဘနှစ်ပါးမှ မွေးဖွားလာတဲ့ သားအငယ်ပါ။ သူ့ ကို ထိုင်ဝမ်နိုင်ငံရဲ့ အထွဋ်အမြတ် နေ့ ထူးတခုဖြစ်တဲ့ ၁၀ ရက် ၁၀လ အမျိုးသားနေ့ မှာ မွေးခဲ့တာမို့  သူ့ နာမယ် ကိုတောင် မောင်အမျိုးသား 江國慶 ဆိုတဲ့ အမည် ရွေးချယ် မှည့်ဆို ခဲ့တာပါ ။ သူ့ ကို စွဲချက်တင်တဲ့ အမှု ကတော့ ၊ ၁၉၉၆ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့ က ဖြစ်ပွားခဲ့တဲ့ ၊ ထိုင်ပေမြို့ သအမ်း ရပ်ကွက် လေတပ်စခန်းတခု တပ်တွင်း သက်သာချောင်ချိရေးဆိုင် အနားရှိ ရေမြောင်းထဲမှာ ၅နှစ်အရွယ် မိန်းကလေးတယောက်အလောင်းကို တွေ့ ရပြီး မုဒိန်းကျင့် အသတ်ခံထားရတဲ့ အထောက်အထားတွေ စစ်ဆေးတွေ့ ရှိရပါတယ် ။ ဒီ အမှု နဲ့ ပါတ်သက်ပြီး မသကာင်္သူ ၄ ဦး ကို ဖမ်းဆီး စစ်ဆေးခဲ့ကြတယ်။ ၄ ဦးထဲမှာ 江國慶 လည်း ပါတယ်ပေါ့ ။ မုသားစစ်စက် နဲ့ စစ်တဲ့ အခါမှာ ကျန်တဲ့ ၃ ဦးက လွတ်သွားပြီး 江國慶 တယောက်သာ မုသားစစ်စက်ကို မကျော်လွှားနိုင်ခဲ့ပါဘူး ။ အဲဒါနဲ့ တာဝန်ရှိတဲ့ စစ်ဆေးရေး အဖွဲ့ ကလည်း သူ့ ကို အမျိုးမျိုး ညှင်းပန်း နှိပ်စက်ပြီး နောက်ဆုံး မခံနိုင်တဲ့ အဆုံး တပ်သားလေး က ဝန်ခံလိုက်ရပါတော့တယ် ။

ဒီကြားထဲ မှာ ထောင်ဝင်စာ လာတွေ့ တဲ့ သူ့  မိဘ ၂ ပါးကိုတော့ ဒီကိစ္စမှာ သူ အပြစ်မရှိကြောင်း၊ သူ မုဒိန်းမကျင့် လူမသတ်ခဲ့မိကြောင်း အကြိမ်ကြိမ်ပြောဆိုခဲ့တယ် ။ သူ့ မိဘ ၂ ပါးကလည်း သူ့ သား မှာ အပြစ်မရှိကြောင်း စွဲစွဲမြဲမြဲ ယုံကြည်ခဲ့ကြတယ် ။

江國慶ရဲ့ နောက်ဆုံးနေ့ ရက်

ဒါပေမဲ့လည်း ဒီအမှု ကို စစ်ဆေးလာတဲ့ တလျှောက် တခြား သံသယဖြစ်စရာအကြောင်းများ ရှာမတွေ့ ။သူသာလျှင် တရားခံ အစစ်အမှန် ဟုဆိုပြီး ၁၉၉၆ /၁၂လ/၂၉ ရက်နေ့ မှာ စစ်ခုံရုံး မှ တရားသူကြီး က သူ့ ကို သေဒါဏ်ချမှတ်ခဲ့တယ် ။ အယူခံတွေ ဝင်ပေမဲ့လည်း ရှုံးနိမ့်ခဲ့တယ် ။ နောက်ဆုံးမှာ တော့ ၁၉၉၇/၈/၁၃ ရက်နေ့မှာ သူ့ ကို သေနတ်ဖြင့် ပစ်သတ်ပြီး သေဒါဏ်အပြစ်ပေး စီရင်ခဲ့ပါတယ် ။သူဟာ နောက်ဆုံးအချိန်ထိ သူ့ မိဘ နှစ်ပါးကို ပြောသွားခဲ့တဲ့စကားကတော့ သူပြစ်မှု မကျူးလွန်ခဲ့ဘူး ဆိုတာပါပဲ။

ဒီလိုနဲ့ပဲ ကျန်ရစ်ခဲ့တဲ့ သူ့ မိဘ နှစ်ပါးဟာ သားအတွက် စိတ်မကောင်ခြင်းကြီးစွာ ဖြစ်ရတဲ့ အပြင် ၊အရှက်ကြီးရှက်ရပြီး လူတော သူတော့ မတိုးဝံ့ ၊ အလုပ်အကိုင် တိတိကျကျ လုပ်ကိုင်လို့ မရပဲ မျက်နှာငယ် စွာနဲ့ သူတို့ ရဲ့ ဘဝ နေဝင်ချိန်များကို ဖြတ်သန်းခဲ့ရတယ် ။ ဒါပေမဲ့ သူတို့သား မှာ အပြစ်မရှိဘူး ဆိုတာကိုတော့ ယုံကြည်လျှက်ပါပဲ ။ဒီတပ်သားလေးရဲ့ ဖခင်ဟာ သားရဲ့ နာမယ်ဆိုးနဲ့ အဖြစ်ကို မချိတင်ကဲခံစားရင်းနဲ့ပဲ မနှစ်က ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ရပါတယ် ။ သူ မသေခင် မှတ်တမ်းစာအုပ်ထဲမှာ ရေးမှတ်ထားတာက သူ့သားကို မတရားသေဒါဏ်ချခဲ့တဲ့ စစ်ခုံရုံးတာဝန်ရှိသူ ၁၈ဦးနာမယ်တွေနဲ့အတူ ၊ တန်ပြန် ခံစားရပါစေ ဆိုတဲ့ စာတမ်းတခုအပါအဝင် ပါပဲ ။

မကောင်းမှုသည် ဆိတ်ကွယ်ရာမရှိ ဆိုတဲ့စကားက မှန်လွန်းလှပါတယ် ။ မိန်းကလေးငယ် ၂ ဦး သေဆုံးခဲ့ရတဲ့ အလားတူ လူသတ်မှု ရဲ့ တရားခံ Hsu Jung-chou (許榮洲)ဆိုသူကို ဒီနှစ် ၂၀၁၁ ခုနှစ် နှစ်ဦးပိုင်းမှာ ဖမ်းဆီးမိရာ မှ ၊ DNA စစ်ဆေးရင်းနဲ့ အထက်ပါ လေတပ်သားလေးရဲ့ အမှု မှ တရားခံ အစစ်ဟာ (許榮洲) ဖြစ်တယ် ဆိုတာ သိရပါတော့တယ် ။

အဲဒီအချိန် မတိုင်မှီ လပေါင်းများစွာကတည်းက အမှုကိုပြန်စစ်ဆေးပေးဖို့  လေတပ်သားလေးရဲ့ မိဘနှစ်ပါးကတောင်းဆိုထားခဲ့ကြပေမဲ့ ၊ အယူခံ ဝင်ရင်း နဲ့ မရေမရာပဲ အချိန်တွေ ကုန်နေခဲ့ရပါတယ်။ ဒီတော့မှ နောက်ကြောင်းပြန်ပြီး လွန်ခဲ့တဲ့ ၁၅ နှစ် ခန့်က အဆိုပါလူသတ်မှု ကို အစအဆုံးပြန်လည်စစ်ဆေးခဲ့ကြတယ် ။ အဲဒီအချိန်ကျမှ အရင်ကအမှုစစ်ခဲ့တာ အဓိကျတဲ့ တချို့နေရာတွေမှာ မှားယွင်းခဲ့ကြောင်း ၊ ဥပမာ အချင်းဖြစ်ပွားရာမှာ တွေ့ ရှိခဲ့ရတဲ့ သက်သေခံပစ္စည်း သွေးစများ၊ စက္ကူစမှာ ပေကျံနေတဲ့ သုတ်ရည်ဟာ နှာရည်ပြစ်ပြစ်ဖြစ်နေကြောင်း ၊ DNA စစ်ဆေးချက်မှာလည်း လိမ်ညာ ပြင်ဆင်ရေးသားထားကြောင်းကို စစ်ဆေးတွေ့ ရှိရတယ်။ ဒါကြောင့် ဒီအမှုမှာ တရားခံအစစ် ဟာ လေတပ်သားလေး 江國慶 မဟုတ်ကြောင်း အဖြေထွက်လာပါတော့တယ် ။
သား၊ ခင်ပွန်းတို့၏ဓါတ်ပုံများနှင့် အတူ တွေ့ရသော ကျန်ရစ်သူ မိခင်အိုကြီး...

ဒီလို မှားယွင်းစွာ တရားစီရင်ချက်ချခဲ့လို့ အပြစ်မဲ့ တပ်သားတဦး အသက်ဆုံးရှုံးခဲ့ရတဲ့ သတင်းပေါ်ထွက်လာပြီးနောက် လူအများ က ထိုင်ဝမ်နိုင်ငံရဲ့ ဟာကွက် များစွာ ရှိနေတဲ့ တရားစီရင်ရေး ကို ပြစ်တင်ဝေဖန်ခဲ့ကြတာ ပြင်းပြင်းထန်ထန်ပါပဲ ။ လက်ရှိ သမ္မတကြီင်္း မာယင်းကျို ကိုယ်တိုင်ပဲ 江國慶 ရဲ့  ကျန်ရှိနေတဲ့ မိခင်အား အိမ်တိုင်ယာရောက်သွားရောက် တောင်းပန်ပြီး သေဒါဏ်အပြစ်ပေးခံလိုက်ရသူရဲ့ အမှတ်တရ ဓါတ်ပုံ ရှေ့ မှာလည်း တောင်းပန် ဆုတောင်း ခဲ့ပါတယ် ။ ထို့ အတူ ဒီအမှုကို စီရင်ချက်ချခဲ့တဲ့အဖွဲ့ ခေါင်းဆောင် (ထိုစဉ်အခါက လေတပ် စစ်ဖက်ဆိုင်ရာ စုံစမ်းစစ်ဆေးရေး အဖွဲ့ (air force counterintelligence official ) အကြီးအကဲ Ko Chung-ching (柯仲慶)ဆိုသူက သွားရောက် တောင်းပန်တာကိုတော့ သူ့ မိခင်က လက်မခံခဲ့ပါဘူး ။
မှုခင်း ဖြစ်စဉ် အကျဉ်းချုပ် ။ လူသတ်တရားခံ အစစ် ပုံ ၊ ဝန်ချတောင်းပန်နေသော လက်ရှိသမ္မတကြီး၏ ပုံ တို့ ပါဝင်သည်။....


ပြီးခဲ့တဲ့လ ၂၀၁၁/၉/၁၃ ရက်နေ့ မှာ မှ လေတပ်သား 江國慶 မှာ ပြစ်မှု ကျူးလွန်ခဲ့ခြင်းမရှိကြောင်း နိုင်ငံတော် တရားရုံးချုပ်မှ တရားဝင် ထုတ်ပြန်ကြေငြာခဲ့ပါတယ် ။သေဆုံးသွားပြီ ဖြစ်တဲ့ သားရဲ့ စင်ကြယ်မှု ၊ မတရားသေဒါဏ်ပေးခံရမှုတွေကို ၁၅နှစ် အကြာ မှာမှ ဖေါ်ပြနိုင်ခဲ့ပါတော့တယ်။

၂၀၁၁/၁၀/၂၁ ရက်နေ့ မှာ တော့ နိုင်ငံတော်ရဲ့ မှားယွင်းစွာ ပြစ်မှူစီရင်ခဲ့မှု ၊ မှားယွင်းစွာ သေဒါဏ်ပေးခဲ့မှုတွေ အတွက် လျော်ကြေးငွေ ထိုင်ဝမ်ငွေ一億三百一十八萬五千元- သန်းပေါင်း ၁၃၀ ကျော်( အမေရိကန်ဒေါ်လာ 4.3 million US$ ) ) ခန့်ကို ကျန်ရစ်သူ မိခင်ဖြစ်သူအားပေးအပ်ခဲ့ပါတယ်။

အဆိုပါ လျော်ကြေးငွေဟာ ထိုင်ဝမ်နိုင်ငံရဲ့ သမိုင်းမှာ အများဆုံး ဖြစ်တဲ့ နိုင်ငံတော်လျော်ကြေးပေးမှု ဖြစ်ပါတယ် ။
ဒါပေမဲ့ သေဆုံးခဲ့သူ သားအတွက် ခံစားခဲ့ရတဲ့ မိခင်မှာ ဖြေမဆည်နိုင်ပါဘူး ။ ကွယ်လွန်သွားပြီဖြစ်တဲ့ သူ့ခင်ပွန်း နဲ့ သားတို့ အား နောက်ဘဝအထိ နာမယ်ဆိုးတခု ကပ်ငြိမသွားစေပဲ စိတ်ဖြေဖျောက်နိုင်ဖို့ နဲ့ မှားယွင်းခဲ့တဲ့ တရားစီရင်သူတွေ အား သင့်တော်တဲ့ အပြစ်များပြန်လည် ခံစားရစေလိုကြောင်း ပြောခဲ့ပါတယ်။

ခုတော့ အမှု မှန် ပေါ်ပေါက်လာခဲ့ပါပြီ ။ ဒါပေမဲ့ အပြစ်မဲ့ သေဆုံးခဲ့ရတဲ့ တပ်သားလေးရဲ့အသက်ကို ဘယ်လောက်ပဲများပြားလှတဲ့ ငွေကြေးပမာဏနဲ့မှ အစားထိုး လဲလှယ်လို့  ရမှာ မဟုတ်ပါဘူး ။သူကိုယ်တိုင် နဲ့ မိဘနှစ်ပါးရဲ့ ကျဆင်းခဲ့ရတဲ့ ဂုဏ်သိက္ခာ ၊ ပျက်ခဲ့ရတဲ့ မိသားစု ဘဝ ကိုလည်း အစားထိုး အသစ်ပြန်ဖြစ်စေလို့ မရနိုင်တော့ပါဘူး ။

ဒီအကြောင်းနဲ့ပါတ်သက်ပြီး တိုင်းသူပြည်သားတွေ အချင်းချင်း ဆွေးနွေးပြောဆိုနေကြတဲ့ အဓိက အချက်တခုကတော့ နိုင်ငံတော်ရဲ့ များပြားလှတဲ့ လျော်ကြေးငွေ အတွက်ပါပဲ ။ နစ်နာသူ ရသွားတာကို မနာလို လို့ ပြောနေကြတာမျိုးတော့ မဟုတ်ပါဘူး ။ ဒီငွေတွေကို ဘယ်ကနေ ထုတ်ပေးတာလည်း ။ နိုင်ငံဘဏ္ဍာဆိုတာ က နိုင်ငံသားတွေ ဆီက ကောက်ယူထားတဲ့ အမြတ်ခွန် အခွန်ငွေတွေသာ ဖြစ်တဲ့ အတွက် ၊ တရားစီရင်တဲ့ သူများရဲ့  မှားယွင်းမှု အတွက် ဘာအကြောင်းကြောင့် ပြည်သူ့ အခွန်ငွေကို အသုံးချရသလည်း ဆိုတဲ့ အကြောင်းတရပ်ပါပဲ ။ အမှားပြုမိသူ စစ်ဖက်ဆိုင်ရာ တာဝန်ရှိသူတွေကို လည်း အရေးယူ ဆောင်ရွက်သင့်ကြောင်းလည်း ပြောဆိုနေကြပါတယ် ။
မှားယွင်းစွာပြစ်ဒါဏ် ချမှတ်ခဲ့သူ တာဝန်ရှိ သူ စစ်ဘက်ဆိုင်ရာအကြီးအကဲများ .....

ဒီလို အမှားကြီးမှားခဲ့ ပြီးခါမှ ဘယ်နည်း ဘယ်ပုံ တောင်းပန် အလျော်ပေး ပေမဲ့ လူတဦးရဲ့ ဘဝ နှင့် အသက် ဆိုသည်မှာ ပြန်လည် အစားထိုး၍ ရတော့မည် မဟုတ် ဟုသာ ထင်မှတ်မိပါတော့တယ်။
---------------------------------------------------------------------------------------------------------------
ဒီ အဖြစ်မှန် သတင်းကို ကြားလိုက် ဖတ်လိုက်ပြီးတဲ့နောက် စိတ်ထဲမှာ တွေးစရာ အတွေးတွေလည်း အများကြီး ရှိလို့လာပြန်ပါတယ် ။ ကိုယ့်တိုင်းပြည်နဲ့ နှိုင်းယှဉ်မိတဲ့ တူညီမှု နဲ့ ကွာခြားမှု များ အကြောင်းပါ ပဲ ။

တူညီချက်များ -
-စစ်ဖက်ဆိုင်ရာ တရားစီရင်ရေးဆိုတာ.. ၊ လိုရာဆွဲပြီး ပြီးစလွယ် ပြု ၊ တရားခံ အစစ်အမှန် ဟုတ် မဟုတ်က အရေးမကြီး ။ အမှု မြန်မြန် စစ်ပြီး ရေးသာ အဓိက ၊ တသွေး တသံ တမိန့် ထဲ ။ပြောသလိုလုပ် ပြန်မပြောနဲ့ ။
-တရားခံ စစ်ရာမှာ နည်းမျိုးစုံသော ညှင်းပန်းနှိပ်စက်မှု များ ပြု ပြီး အတင်းအကျပ် ဖြောင့်ချက်ပေးစေခြင်း ။
- လိမ်ညာ လှည့်စားသောနည်းမျိုးစုံဖြင့် သက်သေနှင့် သက်သေခံ ပစ္စည်း များကို လိုချင်သလို ပြောင်းလဲပြုလုပ်ခြင်း ။
( ယခုအခါတွင် ဤမျှ တင်းမာမှုများ မရှိတော့ ၊ )

-ကွာခြားချက်များ
-အမှားကို ဝန်ခံ တောင်းပန်ခြင်း ။( ကျွန်ူပ်တို့တိုင်းပြည်တွင် စစ်အာဏာရှင်များ မှားမြဲမှားနေကြသော်လည်း ဘယ်သောအခါတွင်မျှ တောင်းပန်ခြင်း မရှိခဲ့ )
- အများအတွက် အတတ်နိင်ဆုံး ပြန်လည် ပြုပြင် ပြီး လိုအပ်သည်ကို လျှင်မြန်စွာဆောင်ရွက်ပေးခြင်း။(ကျွန်ုပ်တို့ တိုင်းပြည်တွင် ပျက်အစဉ် ပြင်မရ ဟူသော စကားဖြင့်သာ ဖြေသိမ့်ရပါမည် )
- နစ်နာမှုများအတွက် မျှတ လုံလောက်စွာ လျော်ကြေးပေးခြင်း ။ (အမေရိကန်ဒေါ်လာ ၄.၃ သန်းဆိုသည်မှာ သာမန်လူတန်းစားများအတွက် တသက်စာမက..၁၀ သက်စာပင် ဖူလုံလောက်သည် ။ ကျွန်ူပ်တို့တိုင်းပြည်တွင် စစ်အာဏာရှင်များကြောင့် အသက်ဆုံးရှုံးရသူများစွာ ရှိခဲ့သော်လည်း .... လျော်ကြေး..လျော်ကြေး... လျော်ကြေး...
ဪ ... မျှော်မနေပါနဲ့ ဝေးမှ ဝေး ..)
ပြီးခဲ့သော ရက် အနည်းငယ်က ပခုက္ကူရေဘေးတွင် သေဆုံးခဲ့ရသူများအတွက် လူကြီးတဦးလျှင် ကျပ်ငွေ တစ်သိန်း၊ ကလေးတဦးလျှင် ကျပ်ငွေ ငါးသောင်း လျော်ကြေးပေးသည် ဟု သတင်းကြားမိပါသည် .. လူတဦး၏ အသက် တန်ဘိုးသည် ဆန် ၃ အိတ်ဘိုးမျှသာ ရှိပါကြောင်း ..သို့ပါသော်လည်း တသက်နှင့်တစ်ကိုယ် မကြုံစဘူး လျော်ကြေးဟူ၍ ရလိုက်သော ထိုငွေ အတွက် ဝမ်းသာရမလို ဝမ်းနည်းရမလို ဖြစ်နေကြရပါကြောင်း.. )

ကိုးကား ။ ။
http://www.jrf.org.tw/newjrf/RTE/myform_detail.asp?id=3319
http://tw.nextmedia.com/applenews/article/art_id/33773753/IssueID/20111028#
http://zh.wikipedia.org/zh-tw/%E6%B1%9F%E5%9C%8B%E6%85%B6%E6%A1%88

မျက်ဝန်းထဲမှာ အဖြေရှာ... ။

$
0
0
စနေ တနင်္ဂနွေ ပိတ်ရက် အားလပ်ရက် မှာ ပေါ့ပေါ့ပါးပါး လေးပေါ့ ။ အမြဲတမ်း မပေါ့မပါးကြီး ဖြစ်နေရတာ လူလည်းပင်ပန်း စိတ်လည်းပင်ပန်း တယ်မဟုတ်လား ။ တကယ်ဆိုရရင်တော့ ဘလော့ ထဲ မှာ စာရေးခြင်း ကို ပျင်းရိ ငြီးငွေ့  နေတဲ့ အတွက် ပို့ စ်တွေ ဆက်မရေးဖြစ်တော့တာ ။ ဘလော့လည်ခြင်းကိုလည်း သိပ်မလုပ်ဖြစ်တော့တာ ပါ ။ ဒီထက်ပိုမှန်ကန်စွာ ဆိုရမယ်ဆိုရင်တော့ ဖဘ လို့  ဆိုနေကြတဲ့ မျက်နှာစာအုပ် ပေါ်မှာပဲ အချိန်တွေ ကုန်နေမိလို့ ပါ ။ အရင်ကတော့ ဂိမ်းတွေ သည်းသည်းမဲမဲ ကစားတယ် ပေါ့ ။ ခုတော့ နဲနဲ အမြင်မှန်ရလာလို့  ဂိမ်းတွေနဲ့ အချိန်သိပ်မဖြုံးတော့ပါဘူး ။ လူမှုရေးကွန်ယက် ဆိုတဲ့အတိုင်း အဲဒီကွန်ယက်ကြီးထဲက တဆင့် ကမ္ဘာ့သတင်း မြန်မာ့သတင်း ပေါင်းစုံကို ဟိုဝင် ဒီထွက် ဖတ်မိ ခြင်း ၊ မိတ်ဆွေ အပေါင်း အသင်းများ နဲ့ လတ်တလောအကြောင်းအရာ အမြင်များ ဖလှယ်ခြင်း ၊ နောက်ပြောင်ခြင်း၊ အစရှိတာတွေနဲ့ အချိန် ကုန်တာ များပါတယ် ။ ကဲ..စကားကြော ရှည်နေတာနဲ့ လိုရင်း မရောက်တော့ဘူး ။ ပေါ့ပေါ့ပါးပါး ဖြစ်အောင်ပဲ ဆက်လက်ရှုစားကြတာပေါ့ ။


မျက်လုံးချင်းဆုံရင်ခုန်ရမဲ့ အရွယ် မှာတော့ တယောက်မျက်နှာ တယောက်ကြည့်ကာ နဲ့ ဒိန်းတပ်တပ် ဖြစ်လေ့ရှိကြတယ်။ အဲဒီအရွယ်ကနေ လွန်မြောက်လာကြတော့ မျက်ဝန်းထဲမှာ အဖြေရှာတတ်လာကြတယ် ။ တဦးနဲ့ တဦး စပြီး တွေ့ စုံ သိကြွမ်း ကြသူများ ဘယ်နေရာကို စပြီး ကြည့်လေ့ရှိကြသလည်း ။ လူတိုင်းတော့ အလေ့အကျင့်ခြင်း တူကြမယ် မဟုတ် ။ တချို့ က ခြေထောက် ကို စပြီးကြည့်တတ်ကြတယ်။ တချို့ ကျတော့ ခန္ဓာကိုယ် အချိုးအဆက် ကိုယ်လုံးကိုယ်ပေါက် ၊ တချို့ ကျ မျက်နှာပေါက်၊ တချို့ ကျ အဝတ်အစား အပြင်အဆင် စသဖြင့် ကြည့်တတ်ကြတယ် ။ တချို့ ကျ အထက်စီးကနေ မတူသလို မတန်သလို မျက်နှာပေးမျိုးနဲ့ တဖက်သားကို ကြည့်တတ်ကြတယ်။သန်ရာ သန်ရာ အကျင့် တမျိုးစီ ရှိတတ်ကြတာပေါ့ ။

ဘယ်နေရာကိုပဲကြည့်ပြီး အဓိပ္ပါယ် ဖေါ်ဖေါ် မျက်ဝန်းထဲက အရိပ် ကို တော့ လိမ်ညာ ဟန်ဆောင် ဖုံးကွယ်ထားလို့ မရစကောင်းပါဘူး ။ မျက်ဝန်း ဆိုတာ စိတ်ရဲ့ သဏ္ဍန် ကို ဖေါ်ဆောင်ပြလေ့ရှိကြတယ် ။ မျက်လုံးများမှတဆင့် ထိုသူ မှာ -စိတ်တည်ငြိမ် ရင့်ကျက်သူ၊ ဖြောင့်မတ်သူ ၊ စိတ်ထား ကောက်ကျစ်သူ ၊ စိတ် ဂဏာမငြိမ်သူ စသဖြင့် ခွဲခြား ကြည့်မြင်လို့ ရနိုင်ပါတယ်။

တချို့များ လူကဲခပ် သိပ်တော်ကြတယ် ။ လူတယောက်ကို ကြည့်လိုက်တာနဲ့ သူ့ ဝမ်းထဲမှာ အူ ဘယ်နှစ်ခွေ ရှိသလည်းဆိုတာကိုတောင် အတပ်သိ တယ်ဆို ပဲ ။ အဲသလောက်ကြီးကတော့ လွန်တာပေါ့ လို့ ပဲ ပြောရမလို။
အဲဒီတော့ မလွန် ရလေအောင် ကိုယ့်မျက်ဝန်းရိပ်ပဲ ကိုယ်ပြန်ကြည့်ကြတာပေါ့ ။ကဲ.. စကြည့်ကြမယ် ။

တကယ်လို့ သင်ဟာ ကုမ္ပဏီကြီး တခုနဲ့ ပတ်သက်နေတဲ့သူတယောက် ဆိုကြပါတော့ ။ သင် ဟာ အဲဒီ ကုမ္ပဏီကြီး မှာ ဘယ် အဆင့်အတန်း ဖြစ်ပါသလည်း ဆိုတာ ခန့် မှန်းကြ ရအောင်.။အပေါ်မှာ ပြထားတဲ့ ပုံတွေ ထဲကနေ သင့်မျက်ဝန်းရိပ်နဲ့ ထပ်တူညီမယ် ထင်ရတဲ့ ပုံတပုံကို ရွေးလိုက်ပါ ။ နံပါတ် (၁) မှ နံပါတ်(၆) ထိ တခု ပဲ ရွေးပါ ။( ခွေးနဲ့ နှိုင်းရက်လေခြင်းလို့ တော့ မထင်ကြစေလိုပါ ။ )
----------------------------------------------------------------------------

သေချာ ရွေးပြီးပြီ ဆိုရင်တော့ အောက်တပုံ ကို ဆက်ကြည့်လိုက်ကြတာပေါ့ နော် .။ နဂိုက တရုပ်စာသားတွေနဲ့ ရေးထားတာမို့  အဆင်ပြေအောင် ဘာသာပြန်ပေးထားပါတယ် ။ မှန်တာရှိ ဝန္ဒာမိ ပါ ။း))

-(၁)သူဌေးကြီး - မင်းတို့ ဘာတွေလုပ်နေသလည်းဆိုတာ ငါအကုန်သိနေတယ် ၊ အလုပ်ကောင်းကောင်း လုပ်ကြ ဟေ့ ဆိုတဲ့ စူးရှရှ မျက်နှာပေး အကြည့်။

-(၂)အထွေထွေ မန်နေဂျာ - ငါ မျက်နှာရအောင် သူဌေးကိုဖါးအုံးမှ ပဲ ဟူသော အကြည့်မျက်ဝန်း။

-(၃)မန်နေဂျာ -အောက်ကကောင်တွေကို မျက်လုံးဒေါက်ထောက်ပြီး ကြည့်ထားမှ ၊ အပေါ်က မန်နေဂျာကြီး ကိုလည်း အလိုက်သိအုံးမှ ဟဟဟ ... အကြည့်။

-(၄)Secretary ဘောစိရဲ့ စက်ကပ်ကျေး-သူဌေး စိတ်မကွက်ရအောင် ပြာယာခပ်ပြီး စီစဉ်ပေးနေရတဲ့ ရှပ်ပြာပြာ မျက်ဝန်းရိပ် ။

-(၅)ရိုးရိုး ဝန်ထမ်း အလုပ်သမား- ခိုင်းတာလုပ် ၊ ကြုံရင် ရေသာခို ၊အချိန်တန် လခ ယူရုံပဲ ။ အချိန်ရှိခိုက် လုံ့ လစိုက်စွာ ငိုက်မြည်းနေတဲ့ မျက်ဝန်းလေး။

-(၆)အလုပ်သင် - ဘုမသိ ဘမသိ ဟိုဟို ဒီဒီ ရဲ့ အဟောက်ခံ မျက်ဝန်းလေး ။

ကဲ ..သင့် ရဲ့ အလုပ်ခွင် မှာ သင် ဘယ်အဆင့်ရှိနေလည်း ။ မှန် / မမှန် တော့ သင်ကိုယ်တိုင်ပဲ သိပါလိမ့်မယ် ။

မိတ်ဆွေ အားလုံး နံပါတ် (၁) ဖြစ်ကြပါစေ ။ ဤ ဒီစာရေးသူ ခမျာမတော့ တန်ရာတန်ရာ နံပါတ် (၅) မျှသာ ဖြစ်ပါကြောင်း အသိပေး ဝန်ခံအပ်ပါတယ် ။ တကယ်ပါ ။ ခုတလော ဖဘကြီးထဲ အချိန်ကုန် အိပ်ရေးပျက်တာများလာတော့ နံပါတ် (၅) အဆင့်သာ ရှိပါတော့တယ် ။

တရုပ်တွေရဲ့ အကြည့် မျက်ဝန်းရိပ်ကို ပုံဖေါ်ထားတဲ့ တရုပ်အတွေး ပုံလေးတခုကို ပြန်လည် မျှဝေလိုက်တာပါ ။
ချစ်မိတ်ဆွေ များအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ ..။

ရေဆုံးမြေဆုံး ..

$
0
0
ပြောပြန်ရင်လည်း ဖွားကိ လွန်ရာကျမယ် ။ ဒါပေမဲ့ ပြောချင်လွန်းလို့  ပြောလိုက်မိပြန်တယ် ။ ထုံးစံအတိုင်း သူတို့အကြောင်းတွေ မပါရင်မပြီးသမို့  မတီးပဲနဲ့ မြည်မှာလေမှာလား လို့ ရယ်ပေါ့ ။ မတန်မရာတွေ မနှိုင်းကောင်း နှိုင်းကောင်းတွေ နှိုင်းကြည့် နေချင်လာတာ မို့ လည်း ၊ နှိုင်းလို့ ယှဉ်ကာ ဆိုလိုက်မိပါတယ် ။ “ကူညီပါရစေ”၊ ကူညီပါရစေ လို့ ဆိုင်းဘုတ်ကြီးတွေ တွေ့နေရတဲ့ နေရာမှာ ဘယ်လိုကူညီနေတာပါလည်း ။ ဒါမှမဟုတ် အကူအညီတောင်းရမှန်း မသိကြသေးလို့လား ၊ အကူအညီ တောင်းစေလိုလို့  ရေးထားကြတာလား ။ တခုခုတော့ တခုခုပါပဲ။

ဒီနေ့  တီဗီသတင်း တခု ကြည့်မိလို့  ပြန်ဖွချင်တာပါ ။ အကြောင်းအရာကတော့ ခေါင်းကြီးပိုင်းသတင်းစဉ် ထဲ မပါဝင်တဲ့ မထူးဆန်းတဲ့ ရိုးရိုးသတင်း တပုဒ်ပါ ။ထိုင်ပေမြို့ နဲ့ မနီးမဝေး ရှင်းကျွမ်း (新莊區 ) ဆိုတဲ့ မြို့ နယ်တခု က ရေချောင်း ထဲမှာ ရုပ်ပျက်ဆင်းပျက် ပုတ်ပွနေတဲ့ လူသေအလောင်း တခု ကို ဒီလဆန်းပိုင်းက တွေ့ ရှိ ခဲ့ပါ သတဲ့ ။ လူသေအလောင်းတွေ့ တာများ ဆန်းသလားပေါ့ ။ နေ့ တိုင်း လူသေမှူ လူသတ်မှူ တွေ ဖြစ်နေတဲ့ နိုင်ငံတခုမှာ ဒီသတင်းက ဘာမှ မထူးဆန်းပါဘူး ။ ပြီးတော့ ဒီနိုင်ငံမှာ ရေချောင်း ရေမြောင်း ပင်လယ်ထဲစီးဝင်တဲ့ မြစ်ချောင်းငယ်တွေ ကျွန်းလေးတွေ များလွန်းတော့ တနေရာရာ မှာ ရေကူး ရေနစ်ရင်း မြောလာတဲ့ သက်မဲ့ ပုဂ္ဂိုလ်တွေလည်း မကြာခဏပေါ်ထွက်လေ့ ရှိတယ်လေ။ ဒီလို ပုဂ္ဂိုလ်တွေ ပေါ်လာရင် သက်ဆိုင်ရာနယ်က ရဲ အပိုင် စား တွေ ခေါင်းစား ရတဲ့ အချိန်ပေါ့ ။ တရုပ်တို့ ရဲ့  ထုံးစံအရလည်း သက်မဲ့ပုဂ္ဂိုလ်တွေကို ပူဇော်ပသရတဲ့ ကိစ္စများစွာ ရှိနေသေးတော့ ဒီအယူအတိုင်း သွားလမ်းဖြောင့်အောင် လုပ်ပေးကြမဲ့ အိမ်သား ဆွေမျိုးတွေ သိဖို့ ၊ တိုင်တည်ရှစ်ခိုးဖို့ လိုအပ်တယ် ။ ဒီတော့ သူ့ အိမ်သူပြန်ရောက်ဖို့  အရေးကြီးတယ် တဲ့ ။
ခုကိစ္စ မှာ မပေါ်သင့်တဲ့ ပုဂ္ဂိုလ် ပေါ်လာတော့ သူ့  အိမ်အပြန်လမ်းကို တွေ့ အောင်ရှာပေးရတော့မယ် ။ ရက်ပေါင်းများစွာ ရေစိမ်နေရတဲ့ အဆိုပါ ရုပ်ဆင်းမပေါ်ပဲ တကိုယ်လုံး ပုတ်ပွ ပျက်ယွင်းနေတဲ့ အဆိုပါ ပုဂ္ဂိုလ် ရဲ့ မြင်ရသလောက် အပြင်ပန်းကိုကြည့်ပြီး ခန့်မှန်းခြေ အသက် လူလတ်ပိုင်း အမျိုးသား တယောက် ဆိုတာက လွဲ ရင် တခြား သက်သေအထောက်အထား၊( မှတ်ပုံတင်တို့ ၊လိုင်စင်တို့ ၊ခရက်ဒစ် ကဒ်တို့  ၊ ဟန်းဖုံးတို့  ) ဘာမှ ရှာမတွေ့ ဘူး ဆို တော့ သက်ဆိုင်ရာ မြို့ နယ် ရဲသား ကြီး ငယ် တွေ ကွိုင်တက် ပြီပေါ့ ။ဘယ်ကနေ ဘယ်လို ဘဲဥ အစရှာရမလည်း။
ဒါပေမဲ့ ကံကောင်းချင်တော့ အဲ့ဒီပုဂ္ဂိုလ် ရဲ့ ဘောင်းဘီအိပ်ကပ်ထဲမှာ သော့တံ၃ချောင်းပါတဲ့ သော့တွဲတစ်တွဲရှာတွေ့သတဲ့ ။ ဒါနဲ့ပဲ ဒီသော့တွဲကိုပဲ သဲလွန်စထားပြီး နေရပ်ရှာပုံတော် ဖွင့်ကြပါသတဲ့ ။ သော့တွဲမှာ ရေးထားတဲ့ သော့လုပ်တဲ့ဆိုင်ရဲ့ နာမည်ကြော်ငြာ အရ သော့ဆိုင်ရှိတဲ့ မြို့နယ် အပိုင် က ရဲတွေကို အကြောင်းကြားပြီး ပူးပေါင်း ရှာဖွေကြတယ်တဲ့ ။ မြို့ နယ် တခုအတွင်းမှာ အိမ်ခြေပေါင်း ထောင်သောင်းချီနေတော့ ဘယ်လို လုပ်ကြမလည်း ။ ရဲစခန်းမှာ လူပျောက်တိုင်ချက်ဖွင့်ထားတဲ့ အယောက် ၂၀၀ ကျော်ခန့် သူတွေနဲ့နီးတဲ့ အိမ်တွေကနေ စပြီး ခြေရာခံကြ တယ် ။ အိမ်တိုင်းရဲ့  တခန်းဝင် တခန်းထွက် တံခါးမကြီးတွေ ကို ၊ ရှိတဲ့ သော့ ၃ ချောင်း နဲ့ လိုက် ဖွင့်ကြည့်ကြတယ် ။ သူများအိမ်ပေါက် လိုက်ဖွင့်နေရတော့ သူခိုးဂျပိုးထင်မှာလည်းစိုးရသေးတော့ ဆိုင်ရာ ရပ်ကွက်လူကြီးတွေ ကိုလည်း အကြောင်းကြားထားရတာပေါ့ ။ဒီလိုနဲ့ ရှိသမျှ အခန်းတွေကို ဇွဲမလျှော့ပဲရှာလာလိုက်တာ ၈ ရက်တိတိကြာတဲ့ နေ့ မှာ ကွန်ဒို တိုက်ကြီးအခန်းတခုရဲ့ သံတခါးမကြီး ကို ဖွင့်လို့ ရသွားတယ်တဲ့ ။ အဲ့ဒီ တံခါး တချပ် ပွင့်သွားတဲ့ အချိန်မှာ ရဲသားလေး 王閔男 Wang က အတိုင်းမသိ ဝမ်းသာ သွားပါသတဲ့ ။ဒါပေမဲ့ အိမ်ထဲမှာတော့ ဘယ်အိမ်သားတွေမှ ရှိ မနေပါဘူး ။ နောက်မှ သိရတာက အဆိုပါပုဂ္ဂိုလ် က တခြားမြို့ ကနေ ပြောင်းရွှေ့ ပြီးနေထိုင်တဲ့ အိမ်ငှားတယောက်ဖြစ်တယ်လို့ အိမ်ပိုင်ရှင် ကဆိုပါတယ်။မိဘတွေ မသိအောင် မိန်းမတယောက်ယူထားပြီး လင်မယား ၂ယောက်ပဲနေကြတယ်တဲ့ ။ ဘယ်လိုပဲ ဖြစ်ဖြစ် နောက်ဆုံးတော့ သူ့ ရဲ့ မိဘမောင်နှမတွေကို အကြောင်းကြား ပြီး DNA စစ်ဆေးချက် လုပ်ကာ အတည်ပြုပေးလိုက်နိုင်ပြီ ဖြစ်ပါတယ် ။သေဆုံးသူ ရဲ့ အိမ်ကိုရှာတွေ့ ရုံနဲ့ သူတို့  အလုပ်တာဝန်တွေ မပြီးသေးပါဘူး ။ ဒီအမှုဟာ ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့ ရိုးရိုးလူသေမှုလား၊ လူသတ်မှုလားဆိုတာလည်း ဆက်ပြီး ရေဆုံးမြေဆုံးလိုက်ကြအုံးမှာပါ ။
( ဒီအကြောင်းလေးရဲ့ မူလသတင်းကိုဒီနေရာမှာကြည့်နိုင်ပါတယ် )။ သူတို့ရဲတွေ က ဘာမှန်းမသိတဲ့ သာမာန် ရုပ်အလောင်းတခုအတွက် ဘာလို့ များ ရေဆုံးမြေဆုံး လိုက်လံရှာဖွေနေကြတာလည်း ။တာဝန် သိတယ်လို့ပဲ ပြောရမလား။
ဒီပုံလေးကို ဂူဂဲလ်အကူအညီနဲ့ ရှာဖွေယူသုံးထားပါတယ် ။
-------------------------------------------------------------------------
ဪ.. “သူ့ ဆန်စား ရဲမှ” ဆိုတဲ့အဓိပ္ပါယ်ကို နောက်တမျိုး ထပ်ဖွင့်ချင်မိသွားတယ်။ သူ့ ဆန်စားတဲ့ ရဲတွေမှ၊ တကယ့်ရဲတွေပါလား.. လို့ ပေါ့ ။ ရဲသားကြီးက ကိုလှရွှေ လူဆိုးဖမ်းဖို့ တာဝန်ကြေ ဆိုတဲ့ ငယ်စဉ်က သင်ကြားခဲ့ဖူးတဲ့ စာပုဒ်လေး တပိုဒ် ကိုလည်း အမှတ်တမဲ့ သတိရလိုက်မိပြန်တယ် ။ဒါကြောင့် သူ့ ဆန်စားပြီး မရဲတဲ့ ရဲတွေ အကြောင်းကို ပြန်ပြီး အမှတ်ရ ဇာတ်ကြောင်းပြန်ချင်လာမိတယ် ။ ယုံချင်ယုံ မယုံချင်နေ တရုပ်တန်းဈေးက တကယ့် အဖြစ်လေး လို့  ပြောလို့ရတဲ့ ကိုယ်တွေ့ ဇာတ်လမ်းလေးတခုပေါ့ ။ ဒီလို ..ဒီလို....

ဖွားကိ တို့ ငယ်စဉ်အခါကတည်းက နေလာခဲ့တဲ့ ရပ်ကွက်ကလေးတခု ။ နာမယ်နဲ့ မလိုက်အောင် အမည်ပေးထားတာလား၊ နာမည် စီး နေတာကြောင့်များလား တော့ မသိ ၊ ရန်မကင်း တဲ့ “ရန်ကင်း” ပါတဲ့ ။ သူခိုးကတော့ အင်မတန်ပေါတာပဲ ။သူခိုးတွေကလည်း နေ့တိုင်းညတိုင်း နားရက် မယူ အိုဗာတိုင်တောင် ဆင်းလို့  ရတဲ့ ရပ်ကွက်မို့ ထစ်ကနဲဆို ဟိုအိမ်က ပါသွား၊ ဒီအိမ်က ပါသွားပေါ့ ။သူခိုးခမျာလည်း သူ့ ဝမ်းပူစာ မနေသာလို့  သူများ လို အိပ်ကောင်းခြင်း မအိပ်ရပဲ လူတွေ အိပ်နေချိန်မှာမှ ထပြီး ခိုးရရှာသကိုး ။ လူရှေ့  သူရှေ့  ဟိတ်ဟန်တလုံးနဲ့ မျိုးမျိုးမြက်မြက်လေး ခိုးစားလို့ ရတဲ့ ခေတ်သစ် စောရသူခိုးတွေကို သူတို့ လည်း အားကျရှာမှာပါပဲ ။ ဒါပေမဲ့ ကုသိုလ်ကံ အကျိုးပေးပုံခြင်း မတူကြလေတော့ ရေနံ၊ဂက်စ်၊ကျွန်းသစ်၊ကျောက်မျက်၊လယ်ယာ တွေ ခိုးဖို့ အကြောင်းကံ မလှမပ မို့ ထမိန်စုတ်၊ဖိနပ်စုတ်၊ အိုးခွက်ပန်းကန် အပဲ့အရွဲ့ လေးတွေပဲ ရသလောက် သယ်ရရှာတာပေါ့ ။

ဒီလိုနဲ့ ဖွားကိ တို့  အိမ် လည်း ဒီမွဲချာချာ သူခိုးလေးတွေ ရဲ့ လက်က ဘယ်လွတ်ပေလိမ့်မတုံး ။ ကောင်းတဲ့ အရာတွေသာ မဲနှိုက်လို့ မပေါက် ပဲ ရှိရင် ရှိမယ် ။ သူခိုး ပြစ်ကွင်း မဲလိပ်ထဲမတော့ အမြဲပါ တတ်တယ် ။ အိမ်မှာ သွယ်ထားတဲ့ ရေပိုက် တို့ ၊ ကားပစ္စည်းတို့ ၊ ခြံထဲ လှန်းထားပြီး ညကျ မရုတ်မိတဲ့ အဝတ်တို့၊ အပြင် မှာ ထားမိတဲ့ ဖိနပ်တို့ ဆိုတာ ပျောက်နေကြပဲ ။ တရက်ကျတော့ ကိုယ်တော်ချောက အရဲစွန့်ပြီး အိမ်ထဲ ဝင်ဖို့ထိ ကြိုးစားလာပါလေရော ။အိမ်တံခါးကို မကျွမ်းကျင်စွာ ကလိပြီးဖွင့်နေတော့ အသံပလံတွေ ထွက်ရော ။ ဒီတော့ အအိပ်ဆပ်တဲ့ အဖေနဲ့ အမေတို့ က အရင်နိုးတယ် ။ ပြီးတော့ တအိမ်သားလုံးနိုးလာကြတယ်၊ နောက်ဆုံးမတော့ အဲဒီ သူခိုးလေးကို အရှင်လတ်လတ် ဖမ်းမိပါလေရော ။ ဒါနဲ့ပဲ သူခိုးကို ထွက်မပြေးအောင် ဝိုင်းထားပြီးအဖေက ရဲစခန်းကို ဖုံးဆက် အကြောင်းကြားတယ် ။ ခြံအမှတ် ဘယ်လောက်မှာ သူခိုး မိထားပါတယ် ၊ လာ ဖမ်း ပါ ပေါ့ ။

ဒါပေမဲ့ ဟိုဘက်က ပြန်ပြောတဲ့ “ ဟုတ်ကဲ့ ၊ အခုလောလောဆယ် ကျွန်တော်တို့မှာ လာစရာ ကားမရှိလို့ လူကြီးမင်းတို့ ပဲ ရဲစခန်းထိ လာပို့ ပေးပါ ခမျာ ”ဆို တဲ့ . စကားတခွန်းကြောင့် ဖုံးဆက် အကြောင်းကြားတဲ့ အဖေ့ခမျာ ငိုရမလို ရယ်ရမလို ဖြစ်သွားရပါတယ် ။တခုဖြစ်နိုင်ချေရှိတာကတော့ အဲဒီခေတ်အခါတုံးက “ကူညီပါရစေ” ဆိုတဲ့ ဆောင်ပုဒ်လေး မရှိသေးတာကြောင့်လည်း ဒီရဲတွေမှာ ကူညီရမဲ့ အသိစိတ် မရှိသေးတာ ဖြစ်ရမယ် ။ ဒါနဲ့ အဖေလည်း ဒီသူခိုးကို ဘယ်လိုလုပ်ရမလည်း ၊ သူတို့ ပြောတဲ့ အတိုင်းပဲ ကိုယ်တော်ချော ကို ကားပေါ်တင်ပြီး ၊ ဆိုင်းမတီး ဗုံမတီး ပဲနဲ့ ရဲစခန်းဆီသို့  ကိုယ်တိုင်ကိုယ်ကျ သွားပို့ ပေးလိုက်ရတယ် ။ ဒါက ပထမဦးဆုံးအကြိမ် သူခိုးဖမ်းပွဲပေါ့ ။

နောက်တော့ သိပ်မကြာဘူး ။ ၂ လ လောက်ပဲ ခြားမယ် ၊ မိပြန်ပြီ သူခိုး တယောက်၊ ဒီတခါလည်း အိမ်က ယောကျာင်္းသားများနဲ့ အိမ်နီးချင်းတွေအကူအညီနဲ့ ဝိုင်းဖမ်းလိုက်ကြတာပေါ့ ။ မှတ်ဥာဏ်ကောင်းတဲ့ အဖေက သူခိုးမျက်နှာစေ့စေ့ကြည့်ပြီး ပြောပါတော့တယ် ။ “ဟာ ..ဒီ ခွေးသူခိုး ။အရင်တခါလည်း မင်းပဲ မဟုတ်လား ” ဆိုပြီး အော်တော့တာပေါ့။သူခိုးခမျာ လူမိတော့မှ မျက်နှာငယ်လေးနဲ့ နောက်မလုပ်တော့ပါဘူးအန်ကယ်ရယ်၊ ဘာညာသရကာ သနားစဖွယ် တောင်းပန်ပေါ့ ။ဇာတ်လမ်းမေးကြည့်တဲ့အခါ ပထမတခါ က သူ့ကို ရဲစခန်းမှာ တညထားပြီး ဘာမှမလုပ်ပဲ ပြန်လွှတ်ပေးလိုက်တဲ့ အကြောင်းသိရတယ် ။ ဒီတော့ ဘာပြောကောင်းမလည်း ၊ အိမ်က အကိုတွေရော အိမ်နီးချင်းတွေ ပါ တခါထဲ ဝိုင်းပြီး သမ လိုက်ကြတာ ၊ သူခိုးခမျာ ဖူးယောင်လို့ ပေါ့ ။ အမေကတော့ မိန်းမသားဆိုတော့ ခြေလွန်လက်လွန်ဖြစ်မှာ စိုးရိမ်တယ် ။ ဘေးကနေ မလုပ်ကြနဲ့ ဘာညာ အော် ပေါ့၊ ရဲစခန်းပဲ သွားပို့ လိုက်ကြပါ လို့ ပြောတယ် ။ ဒါပေမဲ့ အဖေက လုံးဝ မတားဘူး၊ အေးဆေး ထိုင်ကြည့်နေတယ် ။ အိမ်က ယောကျာင်္းသားများ ဆွမ်းကြီးလောင်းလို့  အားရ ၊ အဲ..ခြေကုန်လက်ပန်းကျပြီး မောကုန်ကြတော့မှ သမဝါယမပွဲကြီး လက်စသပ်တော့တယ် ။ပြီးတော့မှ အဖေက သူခိုးကိုပြောတယ် ။မင်း နောက်တခါထပ်လာရင်ဒီထက်နာမယ် ၊တဲ့ ။ ဒါပဲပြောပြီး သူခိုးကို ပြန်လွှတ်ပေးလိုက်ပါတော့တယ်။ အဲဒီညကများ လိုက်ဗ်ရှိုးကြည့်နေရသလိုပဲ .. ကောင်းမှကောင်း။ သူခိုးပြန်ထွက်သွားတော့မှ အဖေ့ကိုမေးကြည့်တယ် ။ ဘာလို့ ရဲစခန်းသွားမပို့ တာလည်း ဆိုတော့ ၊ သွားပို့ လို့ ရော ဘာထူးမှာလည်း သမီးရယ် ၊ အဖေ့ကား ဓါတ်ဆီကုန်ပြီး အလုပ်ရှူပ်တာပဲ အဖတ်တင်မယ် ၊ ဟိုရောက်တော့လည်း ပြန်လွှတ်ပေးမဲ့ အတူတူ မှတ်လောက်သားလောက်အောင် ဆုံးမလိုက်တာပဲ ကောင်းပါတယ်.. တဲ့။ ဪ ။အဲလိုအချိန်မှာတောင်မှ အဖေက ဈေးကောင်းနေတဲ့ ဓါတ်ဆီအလဟသဖြစ်မဲ့ အရေး ထဲ့တွက်နေလိုက်သေးသကိုး။ ဒါပေမဲ့ ဒီနည်းက အတော်လေး အသုံးဝင်သွားတယ် ။ဘာလို့ လည်း ဆိုတော့ အဲဒီနောက်ပိုင်းမှာ အဆိုပါ သူခိုးလေးကို ထပ်မတွေ့ ရတော့ဘူးလေ ။

ဒါပေမဲ့ တခါတလေ တော့ သူခိုးကပ် တယ်။လစ်ရင် တံချုတံနဲ့ ဆွဲဖို့  အစီအစဉ်ရှိတယ်နဲ့တူပါတယ် ။ ခြံထဲထိတော့ မဝင်ရဲတော့ဘူး၊ ခွေးလည်းမွေးထားတယ် ။ သူခိုးမျက်စိကျမဲ့ ပစ္စည်းတွေဆိုလည်း လက်လွတ်စပယ် ပစ်မထားတော့ဘူး ဆိုတော့ သူလည်း တွက်ခြေ မကိုက်တော့လို့  မလာတာပဲ ဖြစ်မယ် ။တခြား ခြံတွေ လှည့်ပတ်ခိုးတဲ့သတင်းတော့ ကြားရတယ် ။ငယ်ငယ်တုံးက သူခိုးဖမ်းပွဲလေးကို ပြန်ပြီး အမှတ်တရ ရေးလိုက်ရင်း ဆက်စပ်မိတာ လေးပါ ။ဒါဟာလည်း သူခိုးရန်ကို ကိုယ်ထူကိုယ်ထ ကာကွယ်ခြင်း နဲ့ ဖြေရှင်းခြင်းနည်း တမျိုးပေပဲပေါ့ ။ ခိုးမှု အသေးအဖွဲလေးများတော့ ရဲစခန်းထိသွားအပ်မနေနဲ့ ။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ထိထိရောက်ရောက် အဲလိုဖြေရှင်းလို့ ရတယ် ။
---------------------------------------------------------------------
ခုခေတ်၊ အပြောင်းအလဲတွေ ဖြစ်နေပြီဆိုတဲ့ သန့်ရှင်းတဲ့ နိုင်ငံတော်ကြီး ထူထောင်နေပြီပြောကြတဲ့ အခါသမယ မှာတော့ ကူညီပါရစေ ..တွေလည်း ပြောင်းလဲ နေလောက်ပြီလို့ ထင်ပါတယ် ။ ကားနဲ့ ဒရွတ်တိုက်ဆွဲခေါ်သွားတဲ့ ရုပ်ရှင်ဆန်ဆန် လူသတ်ပွဲတွေ ။ဒါးတဝင့်ဝင့် နဲ့ မျက်နှာဖုံးစွပ်လူသတ်သမားတွေ ကိုတောင် ရက်ပိုင်းအတွင်း ဖမ်းမိနေပြီ ဆိုတော့ တိုးတက်လာတဲ့သဘောပဲပေါ့ ။ ဒါဆိုရင် အရင်ခေတ်ကတည်းကခုခေတ်ထိ လက်သည်မပေါ်သေးတဲ့ ပဟေဠိ ဆန်ဆန် ဒေါ်လာများစွာ ရတနာများစွာ အတွက် နဲ့ ငါးလောင်းပြိုင် ဒိတ်ဒိတ်ကြဲ လူသတ်မှုကြီးလည်း လက်သည်ပေါ်ဖို့ ရာ ကို မျှော်လင့်ချက် လေး ထားလို့ ရနေသေးတယ် ပေါ့ ။ ဟို အပေါ်ဆုံးကဇာတ်လမ်းထဲကလို သဲလွန်စ သော့တွဲတတွဲလောက်များ ရှိရင်၊ ဒါမှ မဟုတ် ရဲသားလေး Wang လို စိတ်ဓါတ်မျိုးရှိနေကြရင်၊ ရေဆုံး မြေဆုံး လိုက်မယ် ဆိုရင် ..“ မတရားမှု ဟူသည် ဆိတ်ကွယ်ရာမရှိ ”ဆိုတဲ့စကားကို အမှန်တကယ် လက်ခံမိမှာပါ ။

အဟောင်းပြီးတော့ အသစ် ....

$
0
0
အချိန်တွေ ရာသီတွေ တရွေ့ ရွေ့ ပြောင်းလဲ လာနေလိုက်ကြတာ ၂၀၁၁ ခုနှစ်လည်း တစတစဟောင်း၍လာလေပြီ ။ ဖြစ် ပျက် သံသရာမှာ လည်နေကြရတဲ့ သဘော အရ အချိန်တန်တော့လည်း သူ့ ခမျာ နှစ်သစ် ဖြစ်လို့ မှ ဘယ်လောက်မှ မကြာ .. ၃၆၅ ရက် (သို့မဟုတ်) ၁၂ လ ဟူသော ကာလ အကြာမှာ အနိစ္စသဘောနဲ့ ဟောင်းနွမ်းကာလ အဖြစ် သတ်မှတ်ခံရပါတော့မယ် ။Sweet December လို့ တင်စားခေါ်ဝေါ်လေ့ရှိကြတဲ့ ဒီဇင်ဘာရဲ့ နောက်ဆုံးတရက် ကို ကျော်ဖြတ် အပြီး၊ အတိတ် ၊ ပစ္စုပ္ပန် ၊ အနာဂါတ် ၊ ပါးပါးလျလျလေးများသာ ခြားနားနေကြတဲ့ အချိန်တိုလေးအတွင်းမှာ အရာရာဟာ မြဲနေနိုင်စွမ်းမှ မရှိတာမို့  နေရစ်ခဲ့ရတော့မဲ့ ၂၀၁၁ အတွက် ..အတိတ်ကို ပြန်ဖေါ်ပြီး စဉ်းစားဆင်ခြင်မိတဲ့ အရာများထဲမှ မှတ်မိသလောက် ချရေးကြည့်ချင်လာတဲ့ အတွက် ဒီစာတပုဒ် ဖြစ်လာရပါတယ် .. ။

၂၀၁၀ ခုနှစ် ကုန်ဆုံးတော့ ၂၀၁၁ နှစ်သစ်ကိုလည်း လူအများ ပျော်ပျော်ပါးပါး နဲ့ ကြိုဆိုခဲ့ကြ ၊ နှစ်သစ်ဆုမွန်များတောင်းခဲ့ကြပါတယ် ။အများစုက နှစ်သစ်မှာ မျှော်လင့်ချက်သစ်များစွာ နဲ့ ကျန်းမာ ချမ်းသာ လန်းဖြာကြစေကြောင်း ၊ ကမ္ဘာတဝှမ်း အေးချမ်းသာယာ ဘေးဘယာကင်းကွာကြစေဖို့  ဒေသအလိုက် ရိုးရာအလိုက် ဆုတောင်းပွဲ နှစ်သစ်ကြိုဆိုပွဲတွေ ကျင်းပလေ့ရှိကြတယ် ။ဆုဆိုတာလည်း တောင်းတိုင်းပြည့်တတ်တဲ့ အမျိုးမှ မဟုတ်လေတော့ ၊ အကောင်းနဲ့အဆိုး ဒွန်တွဲနေတတ်တဲ့ သဘောသဘာဝလည်း ရှိနေတတ်တော့ နှစ်စဉ် နှစ်တိုင်း မှာ မြေငလျှင် ၊ ရေဘေး ၊ လေဘေး၊ မီးဘေး၊ အစရှိတဲ့ ကြိုတင်မှန်းဆလို့မရတဲ့ သဘာဝ ဘေးအန္တရာယ် များစွာ မကောင်းတဲ့ ဘေးဆိုး ကပ်ဆိုးအမျိုးအမျိုး လည်း ကြုံတွေ့ ရလေ့ရှိတယ်။

၂၀၁၁ - ဒီတနှစ်အတွင်း ဖြစ်ခဲ့တဲ့ သဘာဝဘေးဆိုးတွေထဲမှာ မြေငလျှင်၊လေပြင်းမုန်တိုင်း ၊ဆူနာမီရေလှိုင်း၊ ရေကြီး ၊ မြေပြို ၊အစရှိသဖြင့် အမျိုးပေါင်းစုံလင်စွာ ရှိခဲ့တယ် ။ အဲဒီကပ်ဘေး တွေထဲမှာ ကြောက်မက်ဘွယ်ရာ သေဆုံးပျက်စီးခဲ့ရတဲ့ အချို့ ကပ်ဘေးဆိုးကြီးတွေကို ပြန်ပြောင်း လေ့လာလိုက်မယ် ဆိုရင် - ၂၀၁၁ မတ်လ ၁၁ ရက်နေ့ က ဂျပန်နိုင်ငံ ဖူကူရှီးမားမြို့ မှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၉ဒသမ၁ ရှိ ငလျှင် နဲ့ နောက်ဆက်တွဲ ရိုက်ခတ်လိုက်တဲ့ ဆူနာမီလှိုင်းလုံးကြီးတွေကြောင့် လူပေါင်း ၁၅၀၀၀ ခန့် မျှ အသက်ဆုံးရှုံးခဲ့ရပြီး ပျောက်ဆုံး ပျက်စီးမှု ပမာဏ ၊သန်းပေါင်းများစွာ အပြင် ဓါတ်ရောင်ခြည်ဘေးသင့်တဲ့ အန္တရာယ် ရဲ့ နောက်ဆက်တွဲပြသနာများစွာကို နှစ်ပေါင်းအတန်ကြာခံစားကြရမှာ ဖြေရှင်းကြရမှာ ဖြစ်ပါတယ်။ တူရကီနိုင်ငံမှာ အောက်တိုဘာလ ၃ ပါတ်အတွင်း ၂ကြိမ် လှုပ်သွားတဲ့ ၊ ၇.၂ ပြင်းအားရှိ ငလျှင်ကြောင့်လည်း လူ ရာပေါင်းများစွာ သေဆုံးခဲ့ရတယ် ။
ဒါ့အပြင် ၂၁၀၀ ဇန္နဝါရီလ ၁၁ ရက်နေ့ က ဘရာဇီးနိုင်ငံ Rio-de-Janeiru မှာ တိုက်ခတ်ခဲ့တဲ့ လေပြင်းမုန်တိုင်း နဲ့ မြေပြိုမှု များကြောင့် လူပေါင်း ၁၀၀၀ ကျော် သေဆုံးခဲ့ရပြီး ပျက်စီးမှု တွေ အများအပြားရှိခဲ့တယ်။
ထို အတူပဲ သြစတြေးလျနိုင်ငဲ ကွင်းစလန်း ပြည်နယ် နဲ့ ထိုင်းနိုင်ငံ များမှာလည်း ရေလွှမ်းမိုးမှု များ အကြီးအကျယ် ဖြစ်ခဲ့ပြီး အသက် အိုးအိမ် စည်းစိမ် များစွာ ဆုံးရှုံးခဲ့ရတယ်။ ဒီ သတင်းတွေ အတွက် ကြားရသူအပေါင်းမှာ လည်း စိတ်မကောင်းခြင်းများစွာ ဖြစ်ခဲ့ရတယ် ။ ဒါတွေကတော့ သဘာဝ တရားကြီး ဖေါက်လွဲဖေါက်ပြန်ဖြစ်လို့  မမျှော်လင့်ထားတဲ့ ဆိုးကျိုးတွေပေါ့။

ကမ္ဘာကျော် ပန်းသီးကုမ္ပဏီရဲ့ ဥက္ကဌ Steve Jobs လည်း နှစ်အနည်းငယ်ကြာ ကင်ဆာဝေဒနာခံစားရပြီး နောက် အောက်တိုဘာလ ၅ ရက် နေ့ မှာ သူချစ်တဲ့ အလုပ် နဲ့ ကုမ္ပဏီကို ရာသက်ပန်ခွဲခွာသွားခဲ့တယ် ။ ဒီင်္အတွက်လည်း တကမ္ဘာလုံးမှာ ရှိတဲ့ သူ့ ကို လေးစား ချစ်ခင် အားကျ သူ သန်းပေါင်းများစွာ မှာ ဝမ်းနည်းကြေကွဲ ခဲ့ရတယ် ။ အင်တာနက် နဲ့ ကမ္ဘာ့သတင်းတွေ အရ ၊ ပန်းသီးတလုံးရဲ့  ဖမ်းယူ ဆွဲဆောင်မှု မှာ အံ့မခန်းလောက်အောင်ကိုပဲကြီးမားလှကြောင်း မျက်ဝါးထင်ထင် သိလိုက်ရတယ် ။ ရှားရှားပါးပါးဖြစ်တဲ့ လူတော် လူကောင်း တယောက် ဆုံးရှုံးရခြင်း အတွက် ဖြေမဆည်နိုင်ကြတဲ့ အဖြစ်တခုပါ ။

ဒါပေမဲ့ ဒီ ၂၀၁၁ မှာပဲ နာမည်ကြီး တချို့ လူတွေရဲ့  ကျရှူံး ၊ သေဆုံး တဲ့ သတင်းများ ထွက်ပေါ်လာတဲ့အခါ ကမ္ဘာ့ လူသား အတော်များများ က ဝမ်းမြောက် ပျော်ရွှင်ခဲ့ကြတယ် ။ ဥပမာ တချို့  ပြန် ကောက်နှုတ်ပြရမယ်ဆိုရင် အီဂျစ်နိုင်ငံကို နှစ်ပေါင်း ၃၀ ကျော် ၊ တဦးထဲ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့တဲ့ သမ္မတ မူဘာရက် ( Hosni Mubarak) ကို ၊ အံ့သြဘွယ်ကောင်းလောက်တဲ့ အင်တာနက် တော်လှန်ရေးနဲ့ အစပြု တော်လှန်ခဲ့ကြတာမှာ ၂၀၁၁ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့မှာ အောင်မြင်စွာ ဖြုတ်ချပြစ်နိုင်ခဲ့ကြတယ် ။ တူနီးရှား တော်လှန်ရေးကို အတုယူပြီး အောင်မြင်မှု ရခဲ့လိုက်တယ်။

နောက်တယောက် အကြမ်းဖက်သမားကြီးကတော့ အယ်ကိုင်ဒါးခေါင်းဆောင် အိုစမာဘင်လာဒင်(Osama bin Laden) ၊ အာဖဂန်နီစတန် နိုင်ငံ ဆိုတာ သူ့ ကြောင့် နာမည်ကြီးခဲ့တာ ၊ ကောင်းသတင်းတော့ မဟုတ် ၊ အကြမ်းဖက် ဖျက်ဆီးရေးလုပ်ငန်းပေါင်းများစွာကို နှစ်ပေါင်းများစွာ ဦးဆောင် ညွှန်ကြား လုပ်ဆောင်ခဲ့တဲ့ သူ့ လုပ်ရပ်တွေထဲမှာ 911 ဆိုတဲ့ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် ဖေါက်ခွဲဖျက်ဆီးမှုများကြောင့် ကမ္ဘာ့ လူသား များစွာ ၊ အထူးသဖြင့် အမေရိကန်ပြည်သူတွေရဲ့  အကြမ်းဖက် ရန်သူ တော်ကြီး ဖြစ်ခဲ့ရသူတယောက် ၊ သူ့ ရဲ့  အရှောင်ကောင်း အပုန်းကောင်းမှုကြောင့် ၁၀ နှစ်တာမျှ မြေလှန်ရှာခဲ့ရတဲ့ ဘင်လာဒင်တယောက်လည်း နောက်ဆုံးမတော့ ဇာတ်သိမ်းခြင်းမလှပစွာနဲ့ ဇာတ်သိမ်းခဲ့ရတယ် ။ အဲဒီ နေ့  ၂၀၁၁ ခုနှစ် မေလ ၂ ရက်နေ့ မှာတော့ သူ့ လက်ချက်နဲ့ အသက်ဆုံးခဲ့ကြရသူတွေရဲ့ ကျန်ရစ်သူ ဆွေမျိုး မိတ်သင်္ဂဟများစွာ အတွက် မင်္ဂလာနေ့တနေ့ လိုပဲ ပြောစမှတ်ဖြစ်ခဲ့ရတယ် ။ အတုန့် အလှည့် ဆိုတာ ရှိစမြဲမို့  ပုထုဇဉ်သားများအနေနဲ့ ဒီလိုပျော်ရွှင်နေခဲ့ကြတာကို မှားတယ် လို့ လည်း မဆိုနိုင်ပါဘူး ။

ကျန်ပါသေးတယ် ၊ လူဆိုးကြီးတယောက် ။ သူ ကတော့ လောလောလတ်လတ် နောက်ဆုံးမှာ လောကကြီးနဲ့ အဆက်ဖြတ်ခံလိုက်ရသူ အာဏာရှင်ကြီးတယောက် ၊ လစ်ဗျားနိုင်ငံရဲ့ အရှင်သခင်ကြီး မူမာကဒါဖီ (Muammar Gaddafi) ပါပဲ ။ အာဏာကို မလွတ်တန်း ဆုပ်ကိုင်ထားခဲ့သူ ၊ ကဒါဖီ တယောက်၊ သူနှိပ်စက်ညှင်းပန်းခဲ့သလို ပြန်ပြီး ဝဋ်လည်တယ် လို့ တောင် ပြောရမလို ၊ သွေးရူးသွေးတန်း အော်ဟစ်ခဲ့ရပြီးနောက် လူရှေ့ သူ ရှေ့ မှာ အသေမလှ ခဲ့ပါဘူး ။

နောက်တဦးကတော့ မြောက်ရူး..(ပြောချင်ဇောနဲ့ မှားသွားတာ ခွင့်လွှတ်ပါ..) ၊ မြောက်ကိုရီးယားနိုင်ငံရဲ့ ခေါင်းဆောင်ကြီး ကင်ဂျုံအီ(Kim Jong-il)၊ မကြာသေးခင်ကာလ ဒီဇင်ဘာ ၁၉ ရက်နေ့ မှာ နှလုံးရောဂါနဲ့ ဘဝတပါးသို့ ကူးပြောင်းသွားတဲ့အခါ အနူမြူလက်နက်ဆန့်ကျင်နေကြတဲ့ ကမ္ဘာတဝှမ်းမှ လူအများက တရန်အေးပြန်ပြီပေါ့လို့ ဝမ်းမြောက်နေကြချိန်မှာ ထူးထူးဆန်းဆန်း ငိုချင်းချနေကြတဲ့ သူ့ တိုင်းသူပြည်သားလူအများကို မြင်လိုက်ရတဲ့အခါတော့ ဝမ်းနည်းရမှာလား ဝမ်းသာရမှာလား ရယ်လို့ ဝေခွဲမရဖြစ်မိပြန်ပါတယ်။

ဒီလို အနိဌာရုံတွေ အပါအဝင် နာမည်ကြီးသူတွေရဲ့ အနိစ္စသဘောတွေကို ပြန်ပြောင်းတွေးတောမိတဲ့အခါမှာတော့ ဗုဒ္ဓဘာသာဝင်တို့  သက်ဝင်ယုံကြည်ကြတဲ့ ကံ၊ ကံ၏အကျိုးဆိုတာ ကို ပိုပြီး နားလည် သဘောပေါက်မိသွားတယ် ။ အတိတ်ဘဝက ပြုခဲ့တဲ့ ကုသိုလ် အကုသိုလ် ဆိုတာ ဘယ်လိုမှ ရှောင်လွှဲမရနိုင်တာမို့  မိမိကိုယ်တိုင်လည်း လက်ရှိဘဝမှာ ကောင်းသောအမှုကိုသာ ပြုဖို့  သတိဝင်မိတယ်။

၈ နှစ်ကျော် ဖြစ်ပွားခဲ့တဲ့ အီရတ်စစ်ပွဲကို ဒီဇင်ဘာလ ၁၅ ရက်နေ့ မှာ အမေရိကန်နိုင်ငံမှ အဆုံးသပ်လိုက်ပြီဖြစ်တဲ့ အတွက် ငြိမ်းချမ်းမှုအလားအလာကောင်းတခု အနေနဲ့ မင်္ဂလာရှိတဲ့ နှစ်တနှစ်တော့ ဖြစ်ပါတယ် ။

ဝေးဝေးလံလံ ကမ္ဘာကြီးနဲ့ချီပြီး စဉ်းစားနေရလောက်အောင် ကိုယ်တိုင်က ဘယ်လောက်များ ကြီးကျယ် ခန်းနားနေတာမို့လည်း လို့  အသိဝင်လာတဲ့ အခါ နီးနီးနားနား ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံ ရဲ့ဒီတနှစ် အဖြစ်အပျက်တွေထဲမှ စိတ် ချမ်းသာ ဘွယ် ကောင်းသတင်းများကိုသာ ဆက်လက်စဉ်းစားလိုက်ပါအုံးမယ် ။ အကောင်းဘက်ကို ဦးတည်ပြီး ပြောင်းလဲလာနေပြီ ဖြစ်တဲ့ အတွက် ကောင်းသတင်း လေပြေ လေညှင်းများကိုသာ ရွေးချယ် စမြုန့်ပြန်ပါ့မယ် ။ ဖေါ်လံဖါးလို့ ဆိုချင်က ဆိုကြပါလေတော့ ....း)။

ဒီတနှစ် အတွင်းမှာ မြန်မာပြည် အတွက် လုပ်ဆောင်နေကြတဲ့ အရာများ အတွင်း ကျေနပ်စရာအကောင်းဆုံးတချက်ကတော့ သန့်ရှင်းတဲ့ အစိုးရလို့ အမည်ပြောင်း ဖေါ်ဆောင်ပေးမဲ့ သမ္မတကြီးရဲ့  သက်ညှာစွာ ကိုယ်ချင်းစာနာမှု အဆုံးအဖြတ်များပါ ။
ဦးဆုံးကတော့ မြန်မာပြည်ကြီးနဲ့ တိုင်းသူပြည်သားများရဲ့ မိခင် မြစ်ကြီး ဧရာဝတီ အတွက် ဆုံးဖြတ်ချက် ချပေးမှု ပါပဲ ။သူဟာ၊ နှစ်ပေါင်း ၅၀ နီးပါး ထင်ရာစိုင်းခဲ့တဲ့ အာဏာရှင်အုပ်ချုပ်မှုတွေ အဆက်ဆက် က လျှစ်လျှူရှုခံနေခဲ့ကြရတဲ့ ပြည်သူလူထုတွေရဲ့ အသံ ၊ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမဲ့၊ ငြိမ်ဝပ်ပိပြားစွာ ခေါက်ရိုးကျိုး နေခဲ့ကြရတဲ့ ပြည်သူတွေရဲ့ ဘဝကို နားလည်စာနာတတ်လာတဲ့ သမ္မတကြီး၊ နိုင်ငံခေါင်းဆောင်ကောင်း တယောက် အနေနဲ့ ယူဆပြီး လူအများ တဖြေးဖြေး လက်ခံလာနိုင်မဲ့ သမ္မတကြီး တဦးလို့ ပြောချင်ပါတယ် ။ သူ့ ဂတိအတိုင်း တည်အောင် လုပ်ဆောင်ပေးမယ်လို့ လည်း မယုံတဝက် ယုံတဝက် နဲ့ ယုံကြည်ထားလိုက်မိပါတယ် ။

ဒါ့အပြင် ပြည်ပရောက် မြန်မာနိုင်ငံသားများအတွက် အခွန်ငွေလွတ်ကင်းမှုအား ၂၀၁၂ နှစ်သစ် ၊ တစ်ရက်နေ့ မှစပြီး ဖေါ်ဆောင်ပေးတော့မှာမို့ လည်း ဝမ်းမြောက်မိတယ် ဆိုရင် လွန်မယ်မထင်ပါ ။ ဆင်းရဲသားတိုက်ဖျက်ရေးစီမံကိန်းဆိုတာ နှစ် ၅၀ အတွင်း တကြိမ်တခါမှ မကြားဖူးမိလို့ အံ့သြဘွယ်ရာ စီမံကိန်းကြီးအား အောင်မြင်စွာ အကောင်အထည်ဖေါ်နိုင်ဖို့ လည်း မျှော်လင့်တကြီးရှိနေမိတယ် ။ ကမ္ဘာမှာ နောက်တန်းကျ ကျန်နေခဲ့ပြီဖြစ်တဲ့ ကဏ္ဍပေါင်းစုံ ဘက်စုံမှာ တိုးတက် ဖွံ့ ဖြိုးဖို့  ၊ အထူးသဖြင့် ကျန်းမာရေး ၊ ပညာရေး ၊ စီးပွားရေး အစရှိတဲ့ အခြေခံ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့  စဉ်းစားပေးလာတဲ့ အတွက်လည်း ဝမ်းသာမိရတယ် ။ ရန်ကုန်မြို့ကြီးကို ခေတ်မှီတိုးတက်အောင်၊ စင်ကာပူမြို့ ကြီးလိုဖြစ်အောင်၊ခေတ်မှီ မိုးပျံတံတားကြီးတွေ၊ MRT ရထားတွေ နဲ့ သက်သာလွယ်ကူစွာ ခရီးသွားလို့ ရအောင် ဆောက်လုပ်ပေးဖို့  အစီအစဉ်များလည်း ရှိနေပြီဆိုတာ သိရလို့ လည်း ရှေ့ ပြေး အနေနဲ့ ဝမ်းမြောက်မိလိုက်ပါသေးတယ် ။ဘာလို့လည်းဆိုတော့ အရင်ခေတ်စနစ်အခါများမှာ လူကြီးမင်းများဦးနှောက်ထဲတောင် ထဲ့သွင်းမစဉ်းစားပေးခဲ့ကြတာကြောင့်ပါပဲ ။အပြုသဘောကို လားရာတူစွာ ပူးပေါင်းလုပ်ဆောင်ကြပါစို့ ။ တကယ်လုပ်မယ်ဆို တကယ်အောင်မြင်ဖြစ်မြောက်ရမှာမို့  အချိန်လေးပေးပြီး စောင့်ကြည့်ကြပါအုံးစို့ ။ ။စေတနာမှန်ရင် နှစ်ဦင်္းနှစ်ဖက် အကျိုးများစေမှာမဟုတ်ပါလား။

တိုင်းပြည်တပြည် အေးချမ်းသာယာဖို့ အတွက်ဆိုတာ စစ်မက်ဖြစ်ပွားခြင်းများ ကင်းဝေးဖို့လည်းလိုအပ်ပါတယ် ။ကိုယ့်လူမျိုး နိုင်ငံသားအချင်းချင်း နှစ်ပေါင်းများစွာ တိုက်ခိုက်နေကြရတဲ့ စစ်ပွဲများလည်း ငြိမ်းအေးကြဖို့  လမ်းစပျိုးလာတာမို့ လည်း ၊အမှန်တကယ် ဖေါ်ဆောင်သက်ဝင်လာဖို့ မျှော်လင့်မိပြန်ပါတယ်။

လာမဲ့ ၂၀၁၂ ဇန္နဝါရီလ ၄ ရက် နေ့ ( လွတ်လပ်ရေးနေ့ ) နဲ့ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့  ( ပြည်ထောင်စုနေ့ ) တွေ မှာ ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားကြရသူများကို လွတ်ငြိမ်းချမ်းသာခွင့်များပေးမယ် ဆိုတဲ့ သတင်း တခုဟာလည်း မင်္ဂလာရှိတဲ့ နှစ်ကူး လက်ဆောင်တခုလိုပါပဲ ။ (ကြားရတဲ့အတိုင်း အမှန်တကယ် ဖြစ်လာပါစေ) ။

ဒါလေးတွေကတော့ တတ်နိုင်သလောက် မုဒိတာ ပွားမိရတဲ့ အကြောင်းတရားလေးများပေါ့ ။ အကျိုးတရားတွေကတော့ လုပ်ရင်လုပ်သလို ဖြစ်ပေါ်လာမှာပါ ။

မုဒိတာလေးတွေ အမျိုးစုံအောင် ကြံဖန်ပွားလို့ မှ မဆုံးသေး ၊ နှစ်ကုန်ခါနီးလေးမှာ ရက်ဆက်ဆိုသလိုပဲ ဆိုးဝါးကြောက်မက်ဖွယ်ရာ သတင်းများကလည်း တမျိုးပြီးတမျိုး ၊ ဟိုမှာ ပေါက်လိုက် ဒီ မှာ ပေါက်လိုက် နဲ့ မို့  ၊ည ည အိပ်ရမှာလည်း မဝံ့မရဲ ၊ မဖြစ်မနေ သွားလာရတဲ့ ခရီးလမ်းမှာ အန္တရာယ်မလွယ်နိုင်တဲ့အချိန် အပေါ့အပါးသွားဖို့ ရာလည်း မဝံ့ မရဲ ၊ နေရာတိုင်း အချိန်တိုင်းမှာ စိုးရိမ်သောကစိတ်များနဲ့နေထိုင်နေကြရတဲ့ ဒီလိုအချိန်အခါမျိုး ကင်းလွတ်ဝေးနိုင်ကြပါစေ ။ သောကကင်းဝေးစွာ အိပ်စက်နားနေနိုင်ကြပြီး နိုးလာတဲ့ အချိန်မှာလည်း သောကကင်းစွာ လုပ်ကိုင်နေထိုင်ကြရခြင်းဆိုတာလည်း ဒီမိုကရေစီရဲ့ အရေးကြီးတဲ့ အနှစ်သာရတခု ဖြစ်ကြောင်း မြွက်ကြားခဲ့တဲ့ အမေစုရဲ့ စကားကို ပြန်ပြီး ကြားယောင်မိလိုက်ပါတယ် ။

အကောင်း အဆိုးတွေ ရောပြွန်းနေတဲ့ ဒီ ၂၀၁၁ ခုနှစ်ဟာ မကြာခင်အချိန်အတွင်းမှာ ကုန်ဆုံးတော့မှာဖြစ်ပြီး နှစ်သစ် ကို ကူးပြောင်းတော့မှာပါ ။ လာမဲ့ နှစ်သစ် ၂၀၁၂ မှာ တော့ အမိမြန်မာပြည်ကြီးအတွက်ရော ၊ ကမ္ဘာကြီင်္း အတွက် ပါ အကောင်းများ ပိုမို ၊ အဆိုးများ လျော့နည်း စေမဲ့ နှစ်သင်္စတခု ဖြစ်ရပါစေကြောင်း ဆုမွန်တောင်းလိုက်ပါတယ် ။သဘာဝဘေးအန္တရာယ်အမျိုးမျိုး ၊ စစ်မက် ဘေးဒါဏ် အမျိုးမျိုး၊ လူအချင်းချင်း နှိပ်စက် သတ်ဖြတ် လိမ်ညာ လှည့်စား အနိုင်ကျင့်မှု အမျိုးမျိုးတို့ မှ လွတ်ကင်းကြပါစေ ။ လူသားအားလုံး သောက ကင်းစွာ အိပ်ကောင်းခြင်း၊ နိုးကောင်းခြင်း များနဲ့ ကိုယ် စိတ် နှစ်ဖြာ ကျန်းမာချမ်းသာနေနိုင်ကြပါစေ ။

ပုံများကို ဂူဂဲလ်မှ ရှာဖွေ ရယူထားပါတယ် ...

မင်္ဂလာအပေါင်းခညောင်းတဲ့နေ့ .. ပျော်ရွှင်မှုတွေ ကူးစက်တဲ့နေ့ 

$
0
0
ပူဇော်ထိုက်သူကို ပူဇော်ခြင်းဟာ မင်္ဂလာတပါး လို့ အဆို ရှိတဲ့ အထဲမှာ ပြုသင့် ပြုထိုက်တဲ့ အမှုကို ပြုခြင်း (လွှတ်ပေးထိုက်သူကို လွှတ်ပေးခြင်း ) ဟာ လည်း မင်္ဂလာတပါးလို့  ဆိုရရင် လွန်မယ်မထင်ပါ ။ မနေ့ ညနေကတည်းက ကြားလိုက်ရတဲ့ သတင်းကောင်း အတွက် ကိုယ့်မျက်စိ ကိုယ့်နားကို ဘယ်လိုမှ မယုံနိုင်သေး ။ အညာခံနေကြရတာ အကြိမ်ကြိမ် အခါခါ နှစ်ပေါင်းများစွာ ဆိုတော့လည်း ပြောတိုင်း ကြားတိုင်း မယုံရဲတာ မယုံချင်တာ မယုံနိုင်တာ အရိုးစွဲနေပြီမို့  ရွှေပြည်သားအပေါင်းတို့ မှာ ယုံရနိုးနိုးဖြစ်နေခဲ့ကြမယ်လို့ တထစ်ချပြောရဲပါတယ် ။

ပြောရဲ ဆို ၊ အရင်အခါတွေတုံးက အတွေ့ အကြုံတွေ အရ သိနေကြတာကိုး ။ အကြောင်းအမျိုးမျိုးပြပြီး နေ့ ရွှေ့  ညရွှေ့ ၊ ပြီးတော့လည်း မစို့ မပို့ နဲ့ မဟုတ်တရုတ် တွေပဲ ထွက်ထွက်လာကြတာဆိုတော့ မယုံကြည်ရဲသူတွေကိုလည်း အပြစ်ပြောလို့ မရပေဘူး ။ဒီလိုနဲ့ ဟုတ်မှဟုတ်ပါ့မလား၊ အဓိက သူရဲကောင်းတွေ ပါမှပါပါ့မလား၊ဆိုတဲ့ စိုးရိမ်စိတ် သံသယစိတ်တွေနဲ့ ကွန်ပြူတာရှေ့  တညနေလုံး ထိုင်ပြီး ကြား ကြားသမျှ တက်လို့ရသမျှ သတင်းဌာန ဝက်ဆိုက် တွေ ဝင်ကြည့် ဖတ်ကြည့် လုပ်နေရတာ မိုးကြီးချုပ်လို့  ချုပ်မှန်းမသိ ၊ သန်းကောင်ကျော် လို့  အာရုဏ်တက်ခါနီးထိ ရင်တထိတ်ထိတ် ဖြစ်နေခဲ့ရတယ်။ ကိုယ်တို့ လို သွေးမတော် သားမစပ် တစိမ်းသက်သက်တွေ အနေနဲ့တောင် ခုလောက်ထိ စိုးတထိတ်ထိတ် နဲ့စောင့်မျှော် နေခဲ့ကြတာ ဆိုတော့ တကယ့်သွေးသားရင်း မိဘမောင်နှစ်မဆွေမျိုးများဆိုရင် ဘယ်လောက်ထိ စိုးထိတ် ဝမ်းသာနေကြမလည်း ဆိုတာ တွေးကြည့်လို့ ရပါတယ်။

အိုင်တီခေတ်ကြီးမှာ လူလာဖြစ်ရတာ ကံကောင်းတယ်ပဲ ဆိုရမလား ၊ အင်တာနက် သတင်းဌာနတွေ၊ မျက်နှာစာအုပ်မှ သတင်းတွေကို အချိန်နဲ့ တပြေးထဲညီ အလွယ်တကူ ကြားသိဖတ်ရှုနိုင်တဲ့ အတွက်ကြောင့် ၊ အမိမြေမှ တိုင်းရင်းသား ညီအကို မောင်နှစ်မတွေ အားလုံးလည်း ခုလိုပဲ တန်းတူအခွင့်အရေးတွေ ရနိုင်ပြီး ကမ္ဘာကြီးပေါ်က ဖြစ်ပျက်မှု သတင်းပေါင်းစုံကို အလျှင်မြန်ဆုံး ရနိုင်ကြဖို့ သိနိုင်ကြဖို့ စိတ်ဆန္ဒတခုပေါ်လာမိသေးတယ် ။ အရေးကြီးတဲ့ သတင်း အတော်များများကို ဟိုးအဝေးကြီးက လူတွေ က ဦးစွာသိနေရတဲ့ အဖြစ်ကနေပြီး အားလုံး တပြိုင်နက်ထဲ သိနိုင်ကြဖို့ မျှော်လင့်မိတယ် ။ ထားလိုက်ပါတော့ ၊ ဒီအခြေအနေမျိုး မကြာခင်မှာ ဖြစ်လာတော့ မယ်ဆိုတာလည်း ယုံကြည်တယ် ။

ဒီလိုနဲ့ တမိုးချုပ်ပြီး အာရုံဦး အလင်းသစ်နဲ့ နေ့သစ်ရောက် ခဲ့ရပါပြီ ။ ယနေ့  ၂၀၁၂ခုနှစ် ဇန္နဝါရီလ ၁၃ ရက်နေ့  ( သောကြာနေ့ ) ။ ရာစုနှစ်တဝက်မျှ အမှောင်လွှမ်းနေခဲ့ရတဲ့ အချိန်များ ကို ကျော်လွှားလို့ လာခဲ့ပါပြီ ။ အမှောင်ထုတွေထဲမှာ နှစ်ပေါင်း ၂၀ ကျော် ဘဝ နဲ့ အသက်များကို ပေးဆပ်ပြီး အနစ်နာခံ ခဲ့ရတဲ့ မြန်မာ့ သူရဲကောင်း ကြီးများ၊ ယုံကြည်မှု ကို အပွန်းမခံ အလံမလှဲ ရဲရဲဝံ့ဝံ့ ရပ်တည် ခဲ့ကြသူများ အားလုံးနီးပါးတို့ဟာ ယနေ့  မင်္ဂလာ ရှိတဲ့ ရက်မြတ်မှာ လွတ်လပ်ခွင့် ရခဲ့ပါပြီ ။

သတင်းတွေကလည်း စက္ကန့်ပိုင်းနဲ့ မခြား အပြိုင်အဆိုင် တက်လာလိုက်ကြတာလေ။ အသံဖိုင်တွေကလည်း တခုပြီး တခု အဆက်မပြတ်ပါပဲ ။ နှစ်ပေါင်းများစွာ ကွဲကွာနေကြတဲ့ သွေးချင်းများကို ဝမ်းသာအယ်လည်း ဖက်ပြီး ငိုနေကြ ၊ ပြုံးရယ်နေကြတဲ့ ပုံပေါင်းများစွာ ပလူကိုပျံလို့ ။

ကို မင်းကိုနိုင် လွတ်ပြီတဲ့ ..ဦးခွန်ထွန်းဦး လွတ်ပြီတဲ့ ၊ကိုဌေးကြွယ် လွတ်ပြီတဲ့၊ ကိုမြအေး လွတ်ပြီတဲ့၊ ကိုကိုကြီး လွတ်ပြီတဲ့ ၊ ကိုဂျင်မီ ၊ မနီလာသိန်း လွတ်ပြီတဲ့ ၊ အရှင် ဂန္ဘီရ လွတ်ပြီတဲ့ ၊ဘလော့ဂါ ကို နေဘုန်းလတ်၊ဂီတပညာရှင် ကိုဝင်းမော် လွတ်ပြီတဲ့၊ မစိုးရိမ်ဆရာတော်ဦးဝိစိတ္တ လွတ်ပြီတဲ့... လွတ်ပြီတဲ့ ....လွတ်ပြီတဲ့ ..လွတ်ပြီတဲ့ ..တချို့ပြောတာကတော့ . ၂၀၀ ကျော် . တချို့ကပြောတာ ၃၀၀ ကျော်..လွတ်လာပြီတဲ့..
ဖေါက်ခွဲရေး အမှုနဲ့ခေါင်းစဉ်တပ်ခံထားရသူ တချို့ ကလွဲရင် အားလုံး လွတ်လာကြပြီတဲ့..။
ဒီကြားထဲ ဆွမ်းဆန်စိမ်း ဆွမ်းကြီးလောင်းတဲ့ အထဲ ဘလာဗလာ ဘလာ.. ကြွက်ချေး အနည်းငယ်ပါလာသေးသတဲ့ ။ ထားလိုက်ပါတော့ ၊ အနှစ်နှစ်အလလက မျှော်လင့်တောင်းတနေကြတဲ့ ကိုယ်ဖြစ်စေချင်တာတွေ ဖြစ်လာရတာကို ပဲဝမ်းသာလှပါပြီ။ ဒါကြောင့်မို့  ဖဘ ကြီးပေါ်မှာ တွေ့ တွေ့ သမျှ သူငယ်ချင်းတွေကို နှုတ်ဆက်နေမိတယ် ။ မြင်မြင်သမျှ သက်ဆိုင်ရာ သတင်းတွေ စတေးတပ်တွေကို Like လုပ်နေဖြစ်တယ် ။သူငယ်ချင်းဟုတ်သူတွေရော မဟုတ်သေးသူတွေရော အပြန်အလှန်နှုတ်ဆက် စကားတွေ ပြောနေကြတာမြင်လိုက်ရတယ်။ အပျော်တွေ အပျော်တွေ ကူးစက်နေလိုက်ကြတာ ခုချိန်မှာ ကမ္ဘာ့ အပျော်ဆုံးလူသားများကို စစ်တမ်းကောက်ရင် ရာနှုန်းပြည့် သေချာတယ်၊ မြန်မာနိုင်ငံသူ နိုင်ငံသားများပဲ ဖြစ်ပါလိမ့်မယ် ။

တခါမှ ဒီနေ့ လောက်ထိ ကွန်ပြူတာနဲ့ မျက်စိ နဲ့ မခွာပဲ အကြာကြီး မနေခဲ့ဖူးဘူး ။ မျက်လုံးတွေ ကျိန်းစပ်နေပေမဲ့ တရစပ်တက်နေတဲ့ သတင်းတွေ လွတ်သွား မှာစိုးလို့  မျက်စိပျက်လည်း ပျက်ပါစေတော့လို့ အားခဲပြီး ကြည့်နေမိတယ် ။ သူတို့ တတွေ ဘဝပျက်ခံ ကျန်းမာရေးပျက်ခံပြီး ထောင်ထဲမှာ နှစ်ရှည်လများ နေခဲ့ရတဲ့ ဒုက္ခလောက်မှ ကိုယ့်အဖြစ်က မဆိုးလှဘူးမဟုတ်လား။ ရင်ထဲတစ်ဆို့ဆို့ နဲ့ ၊ မျက်ရည်ပူတွေ ပါးနှစ်ဖက်ပေါ်စီးကျလာတော့မှ ကိုယ့်အဖြစ်ကိုယ် ပြန်သတိရမိတယ် ။သေချာတယ်၊ ဝမ်းသာလို့ ကျလာတဲ့မျက်ရည်များပါပဲ ။


အဲဒီမျက်ရည်များကို ဖန်တီးရှင် က ဘယ်သူပါလည်း ၊ ဗေဒင်မေးစရာ မလိုပါဘူး၊ အားလုံးအသိ ၊ အဓိက အခရာ ကြီး ကတော့ ကိုယ်တို့ ရဲ့ နိုင်ငံတော် သမ္မတကြီး မှ လွဲရင် ဘယ်သူများ ဖြစ်နိုင်ပါအုံးမလည်း ။ဒီတော့ သူ့ နေရာမှာ သူ့ ကိုယ်စား ဝင်ပြီး ခံစားကြည့်မိတယ် ။ သူလည်းလေ လောကီသားပေမို့  အမှားတခုခုကို အရင်က လုပ်ဖူးကောင်း လုပ်ဖူးခဲ့ပါလိမ့်မယ် ။ အရင်က စံစားနေရတဲ့ အပျော်တွေထက် ခု ပြတ်ပြတ်သားသား ပြုလုပ်ပေးလိုက်တဲ့ ကောင်းမှု အတွက် သူလည်း ပျော်နေပါလိမ့်မယ် ။ သူ အရင်က ဘယ်ပုံဘယ်နည်း ရှိခဲ့ပေမဲ့ ခုချိန်မှာတော့ အကြင်နာ တရား ပြည့်ဝ လာသူပေပဲ ။ ပြည်သူ့ အသံကို နားထောင်ပြီး လိုက်လျောပေးတတ်သူပေပဲ ။ ဆုံးဖြတ်ရခက်နေတဲ့ အရာတွေကို ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ပြီး ဖြစ်သင့်ဖြစ်ထိုက်တဲ့ အမှန်တရားကို ဖေါ်ဆောင်ပေးလိုက်တဲ့သူပေပဲ ။ အရင်က အမြင်မကြည်လင်ခဲ့ မယုံရဲခဲ့ပေမဲ့ ခုတော့ မျက်ရည်များကြားထဲကနေပဲ အမြင်ကြည်လင်သွားရပါပြီ ။ ဒီတော့ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးလိုက်ပါတယ်။


သမ္မတကြီး ကျန်းမာရွှင်လန်းစွာဖြင့် သက်တော်ရာကျော်ရှည်ပါစေ ။သန့်ရှင်းတဲ့ သမ္မတကြီးအဖြစ် တည်တံ့နေနိုင်ပါစေ ။နောင်ကိုလည်း မြန်မာပြည်ကြီးသာယာဝပြောရေး အတွက် စစ်မှန်တဲ့ ဒီမိုကရေစီလုပ်ငန်းများကို စဉ်ဆက်မပြတ်ဖေါ်ဆောင်ပေးနိုင်ပါစေ ။ တိုင်းရင်းသားအဖွဲ့အစည်းများနဲ့ ငြိမ်းချမ်းစွာအတူတကွနေထိုင်နိုင်စေပြီး မြန်မာနိုင်ငံသူ နိုင်ငံသား အပေါင်းတို့အား အိပ်နိုးချမ်းသာ အဖြာဖြာကို မျှတခံစားနေနိုင်ကြစေရန် ဦးဆောင် လမ်းပြ ပေးနိုင်ပါစေ ။

လွတ်မြောက်လာကြသော သူရဲကောင်းများအနေနဲ့လည်း အမိမြန်မာပြည်ကြီး တိုးတက်ကြောင်းအတွက် အစွမ်းရှိသမျှ ဆထက်တပိုးတိုးပြီး ဝန်းရံနိုင်ကြပါစေ ။ လားရာတူသော အရွေ့ များနဲ့ တညီတညွတ်တည်း ရှိနေနိုင်ကြပါစေ။

နာဆာကတွက်ထားတယ်ဆိုတဲ့ ၊ ၂၀၁၂ ဒီဇင်ဘာ ၂၁ ရက် မှာ နီဘီရု ဂြိုလ်ကြီးနဲ့တိုက်ပြီး ပျက်မယ်ဆိုတဲ့ ကမ္ဘာကြီးလည်း ဆက်လက်တည်တံ့နိုင်ပါစေ..။ဒါပေမဲ့ ယုံကြည်နေတယ် ။ ကမ္ဘာကြီး လုံးဝ မပျက်စီးနိုင်ပါဘူး ။ဘာကြောင့်လည်းဆိုတော့ မြန်မာပြည်ကြီးက ခုမှ စပြီး တည်ထောင်ရအုံးမှာ။ ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံကြီးက ဝင့်ကြွားထယ်ဝါရအုံးမှာမို့ပါပဲ ။


ဒီဓါတ်ပုံလေးကို မနဒ္ဒာရဲ့ခွင့်ပြုချက်နဲ့ဒီနေရာမှ ရယူပါတယ် ။
ရက်စွဲ ကွက်လပ်ကလေး ဖြည့်ပေးပြီးသွားတော့ မင်္ဂလာ အပေါင်းနဲ့ ပိုပြီး ပြည့်စုံသွားပြီပေါ့ ။

ဟန်ချက်ညီညီ အတွဲညီညီ ..

$
0
0
တချို့ ကပြောကြတယ် ၊ အရင်တုံးက သူမပြောကြားခဲ့ဖူးတဲ့ စကားတွေ နဲ့ ခုလုပ်ရပ်ဟာ ရှေ့ နောက်မညီဘူး ၊ ၁၈၀ ဒီဂရီပြောင်းလဲသွားပြီတဲ့..။
ခု ဒီဗီယို ဖိုင်ကလေးကိုကြည့်ပြီး နှိုင်းယှဉ်မိလိုက်တယ် ။ တရုပ်ပြည်က တင်ဆက်တဲ့ ဆပ်ကပ်ပြပွဲလေးတခု ပါ ။ သိချင်ရင် ကလစ် လုပ်ကြည့်ပါ ..




ခနော်ခနဲ့ အထောက်အတိုင်လေးသာရှိတဲ့ လှုပ်ယိုင်ယိုင် ကြိုးကလေးတချောင်းအပေါ်မှာ ဟန်ချက်ညီညီ ရပ်တည်နိုင်ဖို့ ရယ် ၊ တောင်ဆိတ်ကြီး (သူမ) ခန္ဓာကိုယ် အပေါ်မှာ အငြိမ်မနေ ဗီဇ ရှိတဲ့ မျောက်ကလေးကို သေချာအောင် ထိန်းပြီး အမြင့်ပေါ်ကနေ( ချောက်ကမ္ဘား ကြီးထဲ ) ပြုတ်မကျအောင် တည့်မတ် ထိန်းချုပ်ဖို့ရယ် ၊ အရှေ့ဖက်ကပန်းတိုင်ကို အတိမ်းအစောင်း မရှိ ၊အန္တရာယ် ကင်းရှင်း၊ အောင်မြင်စွာ အရောက်လှမ်းနိုင်ဖို့ ရယ် အတွက် တောင်ဆိတ်ကြီး (သူမ)ဟာ ဘယ်လောက်များ ပင်ပန်းစွာ အားထုတ် လေ့ကျင့် စွမ်းဆောင်ခဲ့ရမယ် ဆိုတာ ကို နားလည် စာနာမိတယ် ။ခုလို လူအများရှေ့ မှာ အောင်မြင်မှု တကွက် ပြသနိုင်ဖို့ အတွက် သူမမှာ အကြိမ်ကြိမ် အခါခါ လဲပြိုခြင်း ၊ ဒါဏ်ရာရခြင်းတွေ ရင်ဆိုင်ပြီး ဇွဲ ရှိရှိ နဲ့ ဖြတ်သန်းခဲ့ရမယ် ဆိုတာ သေချာတယ် ။သေးငယ်လှတဲ့ လမ်းကျဉ်းလေး အပေါ်မှာ ၁၈၀ ဒီဂရီ ကို အတိမ်းအစောင်းမရှိ အောင်မြင်စွာ ပြန်လှည့် ဖို့ ဆိုတဲ့ ကိစ္စ ဟာလည်း လွယ်တာမှ မဟုတ်ပဲ ။
ဒါတင်မကသေးဘူး ၊ ယိုင်လှုပ်နေတဲ့ ကြိုးတချောင်း အပေါ် မှ ထပ်ဆင့် အခက်အခဲ အမြင့် ( ပန်းအိုးတလုံး) အပေါ်မှာ တည်ငြိမ်စွာ အောင်မြင်စွာရပ်ပြနိုင်လိုက်တဲ့ သူမ ကိုမြင်လိုက်ရတော့ ဝမ်းပန်းတသာ ချီးကျူးဂုဏ်ပြုမိလိုက်တယ် ။ ဒီပန်းအိုးလေးပေါ်မှာ ခက်ခက်ခဲခဲ ရပ်တည်ပြနိုင်လို့ သူမရဲ့ အရည်အသွေး ပိုပြီး တောက်ပြောင်ခဲ့ရတယ် ။ အဲဒီ အရေးကြီးဆုံးအချိန်မှာ သူမ ခေါင်းပေါ်မှာ အငြိမ်မနေ ဇောက်ထိုး လုပ်ပြ ၊နေတဲ့ မျောက်ကလေး ကလည်း အရေးကြီးတာပဲ ။ အကယ်၍သာ ဒီမျောက်ကလေး ဟန်ချက်မညီ အတွဲမညီခဲ့ရင်လည်း သူတို့ ၂ ကောင်စလုံး အောက်ပြုတ်ကျနိုင်တယ် ။( ခဏခဏ စွပ်စွဲပြောနေကြတဲ့ ဂျောက်ကမ္ဘားကြီး ဆိုတဲ့ အသုံး အနှုန်း နဲ့ ကွက်တိပဲ လို့ ထင်တယ် )။
ဒီဆပ်ကပ်ထဲမှာ သူမရဲ့“ပန်းတိုင်”က တာစထွက်ခဲ့တဲ့ နေရာ ဖြစ်နေတာမို့ ၊ ပညာတွေ သိပ်တတ်ပြီး အရာရာကို ဘေးထိုင်ဘုပြောနေကြ ပုဂ္ဂိုလ် တချို့တလေ အဖို့  စောဒကတက်နိုင်စရာ ရှိတယ် ။ရူပဗေဒ သဘောတရား အရ “အရွေ့ ” ဆိုတာ မရှိရင် “အလုပ်” လို့  မခေါ်ဆိုနိုင်ဘူး။ ဟိုအရေး ဒီအရေးတွေ ဖြစ်စဉ် အခါက၊ သူမ ဘာတွေ လုပ်ပြခဲ့လို့လည်း။ခုအချိန်မှာရော ဘာတွေ လုပ်ပေးနေလို့ လည် ၊... ဘာညာ သာရကာ ပေါ့ .. ။ ဘာပဲ ပြောပြော၊ အဓိက ရည်မှန်းချက်က ၊ ပန်းတိုင်ကို အန္တရာယ် ကင်းစွာ နဲ့ အောင်မြင်စွာ ရောက်ရှိနိုင် ဖို့ ပဲမဟုတ်ပါလား ။

တချို့ ကပြောကြတယ် ၊ အရင်တုံးက သူမပြောကြားခဲ့ဖူးတဲ့ စကားတွေ နဲ့ ခုလုပ်ရပ်ဟာ ရှေ့ နောက်မညီဘူး ၊ ၁၈၀ ဒီဂရီပြောင်းလဲသွားပြီတဲ့..။ဘယ်သူတွေ ဘာပဲပြောပြော၊ သူမရဲ့ ၁၈၀ ဒီဂရီ မကလို့  ၃၆၀ ဒီဂရီပဲ ပြောင်းလဲ ပြောင်းလဲ ..အဆိုပါ “သူမ” သည် အမိ မြန်မာပြည်ကြီးနှင့်တကွ အဖိနှိပ်ခံ မြန်မာပြည်သူပြည်သားများ အား ကိုယ်စိတ် နှစ်ပါး ဆင်းရဲစေရန် မည်သည့်အခါမျှ ပြုလုပ်လိမ့်မည် မဟုတ်ဟု ကျွန်ုပ်ယုံကြည်ခဲ့ကြောင်း၊ ယုံကြည်ဆဲဖြစ်ကြောင်း နဲ့ နောင်လည်း ဆက်လက် ယုံကြည်နေမည့်အကြောင်း ပြောချင်ပါတယ် ။

အနှစ်ချုပ်ဆိုရမယ် ဆိုရင် အလုပ်တခုကို ဇွဲသတ္တိရှိရှိနဲ့ ဟန်ချက်ညီညီ အတွဲညီညီလုပ်ကြရင် ၊ နောက်ဆုံးမှာတော့ အောင်မြင်မှု ပန်းတိုင်ဆီသို့ရောက်ကြမယ်ဆိုတာ မလွဲမသွေပါပဲ။

ဒီနေရာ မှာ -
တောင်ဆိတ်(သူမ) = ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၊
မျောက် = လူအမျိုးမျိုး စိတ်အထွေထွေ မြန်မာပြည်သူ ပြည်သား အပေါင်းတို့  ။
လမ်းခုလတ်မှ ခလုတ် (ပန်းအိုး)= မြန်မာပြည်ကြီး ဒီမိုကရေစီ ပန်းတိုင်သို့ လျှောက်လှမ်းနေကြရစဉ် တွေ့ ကြုံခဲ့ရတဲ့ အခက်အခဲပေါင်းများစွာ ။။
အစရှိသဖြင့် အစားထိုး ခံစားကြည့်မိလိုက်တယ် ဆိုရင် .. စိတ်ဆိုး ကြမှာလား ။ သဘောတူကြမှာလား ။
အမြင်မတူလျှင်လည်း ဝေဖန်မှုများ ပေးနိုင်ပါသည် .. ကြိုဆိုလျှက်ပါ ။
Viewing all 32 articles
Browse latest View live