Quantcast
Channel: KiKi-Idiotlove
Viewing all 32 articles
Browse latest View live
↧

အီးခေတ်ထဲက အီးလေလံ

$
0
0
တို့ခေတ်ရောက်ပြီလို့  ကြွေးကြော်ရမဲ့ အီး ခေတ် ကြီး မှာ အရာရာ အီး တွေ လွှမ်းမိုးမှုကို ခံနေကြရတယ် ။ ဗမာလို အီး က နားဝင်ချိုစရာ မကောင်း လှပေမဲ့ အင်္ဂလိပ်လို အီး ကတော့ နေရာတိုင်းလိုလို သုံးလို့  ကောင်းမှကောင်း ဆို ယုံကြမှာလား ။ လာပြန်ပြီ အီးဋီကာ .. ချဲ့လို့ မပြီးနိုင်ဆို အီးခေတ်ကြီးကလည်း အဆုံးအစ မရှိ ကျယ်ပြန့်နေလှပြီကိုး။

အီးခေတ် ရောက်တော့ အီးတွေ သုံးကြ သပေါ့ ကွယ် ။ အရင်က ကြေးနန်းကြိုး (သံကြိုး ) တို့ နေရာမှာ အီးမေးလ်တွေ အစားထိုး လာတော့ ၊ ဆက်သွယ်ရေးဝန်ကြီးဌာနလည်း ဝင်ငွေ လျော့  ၊ တွက်ချေမကိုက် ဖြစ်ရှာလေသပေါ့ ။ သူ့ ကြေးနန်းကြိုး ၊ သံကြိုး တွေ က အချိန်လည်းကြာသေး ၊ ဆိုတော့ အီးကြိုး အဲလေ အီးမေးလ် နဲ့က ပို အလုပ်ဖြစ် စိတ်ချရတယ် မဟုတ်လား ။ ဒီတော့ အီးမေးလ်တွေ ပဲ သုံးကြပေမပေါ့ ။ ဒါပေမဲ့ အဲဒီ အီးကလည်း ရာနှုန်းပြည့် သိပ်တော့စိတ်ချလို့ မရ။ ဟက်ကာ ဆိုလား ဘာလား ခိုးဖေါက်ခံရတာတွေ လည်း ရှိသေးဆိုပဲ ။ အီးသူခိုး လို့  ပြောရမှာ ပေါ့ နော်။ အဟက်..။ ရှိသေးတယ် အီးဘွတ်.. E Book ၊ အွန်လိုင်းပေါ်ကနေပြီး ပညာရှာချင်သူတွေ စာဖတ်ချင်သူတွေ အတွက် အတော်လေး အဆင်ပြေတယ် ။

နောက် အီး တခုက အီးဘေး.. ဟေးဟေး ။ ဝေးဝေး မတွေး နဲ့ အီးဘေးဆိုတာ e Bay ပါ ။ အွန်လိုင်းလေလံတင်တဲ့ဝက်ဆိုဒ်တခုပေါ့ ။ ဘာလိုချင်လည်း ရမယ် ။ အီးဘေး ပေါ်သာ တက်ရှာ ။မိနစ်ပိုင်း အတွင်း ရနိုင်တယ်။ အပ် ကအစ ။ အဲ.. ဘယ်ထိ အဆုံးလည်းတော့ မသိ ။ ဘယ်မှာပဲ ဆုံးဆုံး ကိုယ့် ခရက်ဒစ် ကဒ် ထဲက ပိုက်ပိုက်လေးတွေ မဆုံး ဖို့ အရေးကြီး ဆုံး ။ ပစ္စည်း ကောင်းလည်း ရ ၊ ဈေးလည်းချို ဆိုတာမျိုး က စိတ်ရှည် လက်ရှည် ရှာတတ်အုံးမှ။ စိတ်မချရတဲ့ ဆိုက်ကနေ ဝင်ဝယ် မိလို့  အနှပ်ခံရ ။ အဆော်ခံရတာတွေလည်း ဒုနဲ့ဒေးပါပဲ။ သတိတော့ ထားရတယ် ။ တခါတုံးကဆို ဒီနိုင်ငံက ကောလိပ်ကျောင်းသား တယောက် အွန်လိုင်းကနေ ဟန်းဖုံးတလုံး ဝယ်လေသတဲ့ ။ သုံးတဲ့ ကဒ်က သူ့ အဖေရဲ့ကဒ်ကို အဖေမသိအောင် ယူပြီးသုံး သတဲ့ ။ အဲဒီမှာ ဝင်တော့ တမျက်နှာပြီး တမျက်နှာ ၊ သူတို့  မေးတဲ့ မေးခွန်းတွေ ဖြေ ၊လိုတဲ့ အချက်အလက်တွေ ဖြည့် ။ နောက်ဆုံး ပစ္စည်း ကိုဝယ်ပါပြီ purchase ဆိုတဲ့ အကွက်ကို နှိပ်တော့ အဆင်မပြေ တချက်နဲ့ မဝင် ၊ နှစ်ချက်နှိပ် မဝင် နဲ့ အချက်ပေါင်းများစွာ နှိပ်လိုက်ရပါသတဲ့ ။ နောက် ၁ရက် နေတော့ ဟန်းဖုံးတလုံး အိမ်တိုင်ယာရောက် လာပို့သတဲ့ ။ နောက် ၂ ပါတ်လောက် အကြာမှာ သူ့ အဖေ ဘီလ် ရောက်လာတော့ မှ ထောင် ဂဏန်း တန်ဘိုး ရှိတဲ့ ပစ္စည်း အတွက် သိန်းနဲ့ချီပြီးပေးရတော့မဲ့ ကိန်းဆိုက်မှန်းသိရတယ်။ ဒီတော့မှ မျက်လုံးပြူးမျက်ဆန်ပြာနဲ့ ရဲစခန်းရောက် တိုင်ချက်ဖွင့် ။ အီးဆက်သွယ်ရေးကို ထိန်းချုပ်တဲ့ ရဲအဖွဲ့ ရှိနေလို့  တော်သေးတာပေါ့ ။အဲဒီ အလိမ်ခံရတဲ့ ပိုက်ဆံ ပြန်ရ မရတော့ မသိဘူး ။
အင်တာနက်မှာ ပြထားလို့  ဝယ်တဲ့ပစ္စည်းက တမျိုး ။ လက်ထဲရောက်လာတဲ့ ပစ္စည်းက တလွဲ ဆိုတာမျိုးကတော့ မကြာခဏကြားနေရတဲ့ သတင်းတွေပါပဲ ။ ကွန်ပြူတာကို အွန်လိုင်းမှာ ဝယ်တာ လက်ထဲရောက်လာတော့ အုတ်နီခဲလုံး တဲ့ ။ တိုင် လိုက်တော့ သူဝယ်တဲ့ ဆိုက် က မြေအောက်ဆိုက် ။ မြေလျှိုးမိုးပျံဆိုက် တွေ ဖြစ်နေတာလည်း တပုံတပင်။ဒါကြောင့် အစိုးရကလည်း အမြဲသတိပေးတယ် ၊ စိတ်ချရတဲ့ ဆိုက်တွေကနေပဲ အွန်လိုင်းပစ္စည်းဝယ်ဖို့ ။

ထားလိုက်ပါတော့ ကိုယ်ညံ့ ကိုယ်ခံပေါ့နော် ။ ဒီတခါ တွေ့ လိုက်တဲ့ သတင်း က တမျိုးထူးဆန်းပါ့။ ရောင်းတဲ့ ပစ္စည်းက အီးမ တယောက် ကျွတ်ကျန်ခဲ့တဲ့ ဖိနပ် တဖက်.. ။ အံမလေး .. ရူးနေလို့လား ဖိနပ်တရံလည်း မဟုတ်သမို့ စီးလို့လဲ မရ။ တဖက်ထဲကို လေလံတင်သတဲ့ ။ မယုံ မရှိနဲ့နော် ။ ဖိနပ်က တဖက်ထဲ ရယ် ။ ဒါပေမဲ့ ဈေးက မသေးလှ ။ ဈေးမသေးဆို သူက ရာဇဝင် နဲ့ လာသကိုး ။ ဇာတ်လမ်းက ဒီလို။

လွန်ခဲ့တဲ့ ၄-၅ ရက်လောက်က သြစတြေးလျတိုက်ကြီး က နိုင်ငံကြီး မှ ဂျုလီယာ ဂီလာဒ် ဆိုတဲ့ အမျိုးသမီး ဝန်ကြီးချုပ် .. အော်ဇီနိုင်ငံ အထိမ်းအမှတ်ပွဲတခုကို တက်ဖို့ ဟန်ပါပါနဲ့ လာသတဲ့ ။ အဲဒီအချိန်မှာပဲ ပွဲလုပ်မဲ့ အဆောက်အဦကြီး ပတ်လည်မှာ အော်ဇီ ဒေသခံ တိုင်းရင်းသား အဘော်ရီဂျင်း ၁၀၀ လောက်က ဝန်းရံထားပြီး ဆန္ဒပြ အော်ဟစ်ကြသတဲ့ ။ မိနစ် ၂၀ လောက်ကြာတော့ အခြေအနေမဟန် တာနဲ့ သူမရဲ့ သက်တော်စောင့်တွေ ခြံရံပြီး ကားရှိရာကို အပြေးတပိုင်း သွားစဉ်အခါမှာ ကမ္ဘာကျော်မဲ့ နံပါတ် ၈၊ အပြာရောင်ဖိနပ် ရဲ့ ညာဖက် တဖက် ဟာ ကျွတ်ပြီးကျန်ရစ်ခဲ့လေသတဲ့ ။

အဲဒီမှာတင် စင်ဒရဲလားတယောက် နာမယ် ကျော် တော့တာပါပဲ ။ကြင်ယာတော်ရှာခံရတာတော့မဟုတ်ပါဘူး ။ သူ့ အဖေါ်မဲ့ ဖိနပ် တဖက်ကို ကောက်ရသွားတဲ့ အဘော်ရီဂျင်လူမျိုးတွေက အီးဘေးပေါ်ကနေ လေလံပြစ်ခံရတာပါပဲ။ လေလံတင်တဲ့ သူကလည်း ကြေငြာထားလိုက်သေးတယ် ။ “Please bear in mind also this is a single shoe, not a pair, so it would be difficult to walk in, unless you're the PM,"”။ သင်သတိပြုရန်မှာ အဆိုပါဖိနပ်သည် တစ်စုံ မဟုတ်၊ တဖက်ထဲသာ ဖြစ်ပြီး ၊ အကယ်၍ သင်သာ ဝန်ကြီးချုပ်တဦး မဟုတ်ပါက ၊ ထိုဖိနပ်ဖြင့် လမ်းလျှောက်ရန် ခက်ခဲနိုင်ပါသည်... တဲ့ ။ အံမယ်.. ဖိနပ်ကို စီးတဲ့သူက နယ်နယ် ရရ မဟုတ်တော့ သူမရဲ့ နံပါတ် ၈ -Midas - Glorify စီးတော်တစ်ဖက် ကလည်း ကမ္ဘာကျော်သွားလေတာပေါ့။ စစချင်း ကြမ်းခင်းဈေး ၁၄၈ အော်ဇီဒေါ်လာကနေစလိုက်တာ၊ နာရီဝက် အတွင်း ဒေါ်လာ ၂၅၅၀ ပေး ဝယ်မယ် ဖြစ်ရော..( နောက်ထပ် တနာရီ မပြည့်ခင် အချိန်မှာတော့ ဒေါ်လာ ၄၅၀၀ တန်ဖိုးတက်သွားလေတယ် တဲ့ )။ အံ့ ရော.. လူတွေများ တယ်ရူးကြပေသကိုး ။ ဒါတောင် နာရီပိုင်းလေး ရှိသေးတာနော်.. ဆက်ထားရင် ဆက်တက်အုံးမဲ့ သဘော ရှိတယ်။


ဒါပေမဲ့... ဒါပေမဲ့ ... နောက်ဆုံးမတော့ ဒီလို လေလံတင် ရောင်းချတာဟာ သူတို့ အီးဘေး အွန်လိုင်းအရောင်းအဝယ် ဥပဒေ အရ တရားမဝင် ပါ ဘူး တဲ့ ။ အကြောင်းကတော့ လေလံတင် ရောင်းချမဲ့ ပစ္စည်း ဟာ ကိုယ်ပိုင် ပစ္စည်း ဖြစ်ရမယ်တဲ့ ။ အကယ်၍ ကိုယ်ပိုင်ပစ္စည်း မဟုတ်ရင်တောင် နဂို ပိုင်ရှင် ရဲ့ သဘောတူညီချက် ရှိပြီးမှသာ ရောင်းပိုင်ခွင့် ရှိပါသတဲ့ ။ တရားဥပဒေ စိုးမိုးတဲ့ ၊ လိုက်နာ လေးစားကြတဲ့ နိုင်ငံကြီးတွေ ဆိုတော့လည်း မမှန်တာ မလုပ်နိုင်ကြ မလုပ်ကြတော့ နောက်ဆုံးမှာ လူတွေ အလုအယက် လိုက်ဝယ်နေတဲ့ ဒီဖိနပ်ပြာပြာကြီးခမျာ အွန်လိုင်းပေါ်မှာ ရောင်းချလို့ မရသော ဖိနပ်တဖက် ဖြစ်သွားပါလေ သတဲ့ ။

( ကိုယ်တို့ တိုင်းပြည် များ အွန်လိုင်းကနေတောင် ရောင်းစရာ မလိုဘူး နော်။ ဘာ အီးဘေးမှ မလိုဘူး ။.. ဂီတအနုပညာ ဖျော်ဖြေပွဲတခု မှာတင် ..သုံး လေးထောင်လောက်သာသာ တန်တဲ့ တီရှပ် အဖြူလေး ၊ အမှတ်တရ. ရှားရှားပါးပါး လက်မှတ်များရေးထိုးထားတဲ့ တီရှပ်ဖြူလေး တစ်ထည် ကို ကျပ် ၁၂၅ သိန်း နဲ့ အလှူဒါနပြု သွားသူများရှိတယ် ။ ဒါကျတော့ အရူးထတယ် လို့  မဆိုနိုင်ပါဘူး ဆိုရင် ကိုယ့်ငါးချဉ် ကိုယ်ချဉ်တတ်လိုက်တာ လို့  ပြော ချင်ရင်လည်း ပြောကြပေါ့ နော်။)

ဒီဖိနပ်တဖက် ကိုကြည့်ပြီး အတွေးထဲ ရောက်လာတဲ့ ဖိနပ် တရံ ရှိသေးတယ် ။ ပြောရရင် ဒေါပွမှာလား ။သိချင်ရင်ပြောပြမယ် ။ လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက် က အမေရိကန်နိုင်ငံ နယူးယောက်မြို့ မှာ တကယ်ဖြစ်သွားခဲ့တဲ့ ဗုံးပေါက်မှု အဲ..အဲ .ဖိနပ်ပေါက်မှုကြီးပါ ။ ကိုယ်တို့ ရဲ့ ခုလက်ရှိ ဘဘကြီး ( ထိုစဉ်အခါက ဘဘလေး ပေါ့ ) အား၊ မိုးတလုံး လေတသီး အမျိုးစုံ ညာရွှီးနေတဲ့ ဘာ ဇွန် ဆို လား ။ အဲ့ဒီလူကြီးက ပေါက်စရာ ရှားလို့  ထင်ပါ့ ။ ပန်းနဲ့လဲ မပေါက် ၊ သြဇာသီးနဲ့လဲ မပေါက် ၊ဘဲဥပုပ်နဲ့လဲ မပေါက် ပဲ သူ့ ရဲ့ အယ်ဒို Aldoစီးတော်ဖိနပ် နဲ့ ကောက်ပေါက်ခဲ့တဲ့ ရာဇဝင် စာတင်ရမဲ့ အဖြစ်..။ နှစ်ခါ ပစ်တာ နှစ်ခါစလုံး မှန်တယ် ဆိုပဲ ။ ဘာကို မှန် တာလည်း တော့ မသိ ။ (အခင်းဖြစ်ပွားစဉ် အချိန်မှာ မျက်မြင်တွေ့ လိုက်ကြသူများ ပြောပြပေးဖို့  တောင်းဆို ချင်တယ်။ သမိုင်း အစစ်အမှန်ကို ပြန်လည် မှတ်တမ်းတင်နေကြတာ ခေတ်စားနေတယ် မဟုတ်ပါလား ။)အဲဒီတုံးက ဖိနပ်တရံကို ကောက်ရသူများ အီးဘေးမှာ လေလံတင်လိုက်ရင် ဘယ်လောက်တောင် ဈေးကောင်းရလိမ့်မလည်း လို့ သိချင်စမ်းလှတယ် ။ (ဒါပေမဲ့ ဖိနပ်ပိုင်ရှင်က လေလံတင်ဖို့ သူ့ ဟာသူပဲ ပြန်ကောက်သွားပုံရပါတယ်။အောက်မှ ပုံကိုကြည့်ရင် သိပါမယ်။ )

ဒီပုံကိုတော့ဒီနေရာမှယူထားပါတယ်..

အကယ်၍သာ အဲဒီ အယ်ဒို ကြီးကို ၊ ဂျူလီယာဂီလဒ်ရဲ့ ဖိနပ်ပြာတဖက် လိုမျိုး အီးဘေးမှာ အီးလေလံ တင်ပြီးရောင်းလိုက်ရရင်ရော..အသင်တို့ ဘယ်၍ ဘယ်မျှ ဈေးအပြိုင်ပေးကြမှာလည်း..... ဟဲ ဟဲ ..။ ဝါသနာပါရင် ဝင်ဆွဲသွားနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ် ခင်ဗျား... ...

အော်ဇီဖိနပ်သတင်းတွေကိုတော့ ဒီနေရာများ မှရယူထားပါတယ် ။

အီးခေတ်ကြီးမှာ အီးဘေးများနဲ့ အလျဉ်းသင့်သလို အဆင်ပြေပြေ ရှိနိုင်ကြပါစေသတည်း ။။။
↧

ဂိမ်း နဲ့ ဂန့် 

$
0
0
အကြိတ်အနယ် အသည်းအသန် အပြင်းအထန် အသေအကြေ အသေအလဲ ..ဒီစကားလုံး အားလုံးဟာ ပြင်းထန်စွာ ပြုလုပ်မှုတရပ်ကို ဆိုလိုရင်းဖြစ်ကြောင်း သိကြမှာပါ ။ အသေအကြေ အသေအလဲ ဆိုတဲ့အထဲက “သေ” ဆိုတဲ့ စကားလုံး တလုံးပါရှိနေတာမို့  ပိုပြီး ပြင်းထန်တဲ့ သဘောများရှိနေမလား လို့  စဉ်းစားစရာ ဖြစ်ရပ်တခု မကြာမှီရက်ပိုင်းအတွင်းမှာ ဖြစ်လာခဲ့တယ် ။ တကယ့်ကို အသေအကြေပါပဲ ။ အဖြစ်ကဒီလို..

ဒီနိုင်ငံမှာတင်မဟုတ်ပါ ။ဒီခေတ်ကြီးမှာ အီး ခေတ်လို့ ဆိုတဲ့ အတိုင်း လူတိုင်းလိုလို အတွက် အရာရာမှာ အီး နဲ့ ပါတ်သက်တဲ့ အသုံးအဆောင်များစွာ နဲ့ ခွဲခြားလို့ မရနိုင်လောက်အောင် တွယ်နှောင်ရစ်ပတ်နေလျှက်ရှိကြပါပြီ ။ အင်တာနက်ခေတ် ဆိုတော့ ဂိမ်းကစားနည်းမျိုးစုံမှာတောင် တဖက် နဲ့ တဖက် လူမမြင် လူမသိကြပေမဲ့ ၊အွန်လိုင်းကနေ ဆော့ကစားကြ လို့ ရတယ် ။ ဒီအတိုင်း ကစားရတာ ငြီးငွေ့ လာကြ လို့ လားတော့ မပြောတတ် ၊နောက်ပိုင်းကျတော့ အလောင်းအစား ပုံစံမျိုးနဲ့ ဆော့ကစားကြတယ် ။ လောင်းကစားဆန်ဆန် ဂိမ်းမျိုးစုံကိုထွင်ကြတဲ့ ကုပ္မဏီတွေကလည်း သူ့ ထက်ငါ အပြိုင်အဆိုင် ရင်ဖို ရင်ထိတ်စရာ ကစားနည်းတွေကို တီထွင်ထုတ်လုပ်လာကြတော့ အဲလိုဂိမ်းတွေကို စွဲစွဲလန်းလန်း ဆော့လာကြသူများလည်း တိုးပွားလာကြတယ်ပေါ့ ။ တချို့ လူငယ်တွေများဆို ကျောင်းပြေးပြီးတော့ အင်တာနက်ဂိမ်းဆိုင် အင်တာနက်ကော်ဖီဆိုင်တွေမှာ အချိန်ဖြုန်း ငွေဖြုန်း လာကြတယ် ။ အိမ်က မိဘတွေခမျာမတော့ ငါ့သားလေး ငါ့သမီးလေး ကျောင်းတက်တယ် စာကြိုးစားတယ် ထင်နေကြမှာ ။

ဟိုးတလောက သတင်းထဲမှာ ပါလာတဲ့ အသေအလဲ ကစားတဲ့ အဖြစ်ရဲ့ အကျဉ်းချုပ်ကတော့ အသက် ၂၃ နှစ် အရွယ် လူငယ်တယောက်၊ နှစ်သစ်မကူးခင် ကာလအတွင်းမှာ အလုပ်ပြုတ်သွားခဲ့ပြီးနောက် စိတ်ပြေလက်ပျောက်လား ဒီကစားနည်းကို အသေစွဲနေလို့ ပဲလား မသိ ။ သူ ဆော့နေကြ ဂိမ်းဆိုင်ကို လာပြီး နေ့မအိပ် ညမအိပ် ဂိမ်းဆော့ပါသတဲ့ ။သူဆော့တဲ့ ဂိမ်းအမည်က “ League of Legends,”အတိုကောက် LOL လို့ခေါ်ကြ သတဲ့။ စိတ်လှုပ်ရှားဖွယ် ကစားနည်းကြောင့်လား ၊ သူ့ နဂို ရောဂါအခံကြောင့်ပဲလား မသိ ။ ၂၄ နာရီနီးပါး ဂိမ်းဆော့နေလိုက်တာ ... သူ့ ဘေးမှာ ဝင်ဆော့နေကြသူတွေ သာ ပြောင်းသွားတယ် သူကတော့ ထိုင်ရာမထ ၊ နောက်ဆုံးကျမှ ဆိုင်က အလုပ်သမားတယောက် သတိထားကြည့်မိချိန်မှာ သူ အသက်ပျောက်နေခဲ့ပြီ ။ တောင့်တင်းညိုမဲနေပြီ ။ ထိုင်ခုံပေါ် မှီရက် ဘယ်လက်က ကီးဘုတ်ကိုင် ညာလက်ကကြွက်( မောက်စ် ) ကို ဆုပ်ကိုင်ရက် နဲ့ ၊ အသက် ဘယ်အချိန်ထွက်လို့ ထွက်သွားမှန်း ဘယ်သူမှ မသိလိုက်ကြပါဘူး တဲ့..။ သူ့  အလောင်းဟာ တောင့်တင်းနေတာမို့  ရေခဲတိုက် ပို့ဖို့ ကားပေါ်တင်ရာမှာတောင် အတော်လေး ကသီလင်တ ဖြစ်ခဲ့ရပါသတဲ့ ။သက်ဆိုင်ရာ တာဝန်ရှိသူတွေ စစ်ဆေးကြည့်ရာ မှာ ၊ သူ့ ရဲ့ အိတ် အတွင်းမှာ နှလုံးရောဂါနဲ့ ပတ်သက်တဲ့ ဆေးထုတ်ကိုတွေ့ ရပါသတဲ့ ။
(သေတဲ့သူက အတောင့်လိုက် မဲပြာနေပြီ ၊ ရှင်နေသူတွေကတော့ ဂိမ်းအဆော့မပျက် ....ဆက်လက်၍ အသေအလဲ ဆော့လျှက် )

အင်တာနက်ဆိုင်တွေမှာ နာရီပိုင်း နဲ့ အသုံးပြုကြသူအများဟာ လူငယ်တွေ ဖြစ်ကြတယ် ။အထူးသဖြင့် အမိရွှေပြည်ကြီးမှာ အိမ်တိုင်း ကိုယ်ပိုင်အင်တာနက်လိုင်းချိတ်ဖို့  သိပ်အဆင်မပြေကြတော့ ဆိုင်တွေမှာ အချိန်ပိုင်းသုံးလေ့ရှိကြတယ်။ အသုံးပြုတဲ့ အကြောင်းအရာများမှာလည်း ဂိမ်းဆော့ ၊ ချက်တင်ထိုင်၊ အစရှိတာတွေ က ရာခိုင်နှုန်းပိုများကြတယ် ။ ကိုယ့်အတွက် တိုးတက်ရာတိုးတက်ကြောင်း ပညာ ဆည်းပူးဖို့ ၊အချက်အလက်ရှာဖွေဖို့၊ အလုပ်အကိုင်ရှာဖွေဖို့ ၊ နိုင်ငံရပ်ခြား နိုင်ငံပေါင်းစုံနဲ့ မြန်ဆန် သက်သာစွာ ဆက်သွယ်ဖို့  ၊ အစရှိတဲ့ ရည်ရွယ်ချက်တွေနဲ့ သုံးစွဲကြသူတွေ လည်း ရှိတော့ရှိပါတယ် ။ နည်းတယ်ပေါ့ ။

စီးပွားရေးအတွက် ဖွင့်ထားကြရတဲ့ ဆိုင်တွေမှာလည်း အဖွဲ့ ဝင် (မင်ဘာ ဝင် ) ရင် ဘယ်လောက် ရာနှုန်းလျှော့ဈေးပေးမယ် ။ နာရီ ပိုများများ သုံး လေ ၊ ဈေးလျှော့လေ ဆိုတဲ့ မက်လုံး များ နဲ့ ဆွဲဆောင် ထားတတ်ကြတာမို့  ၊ ကိုယ်သုံးနေကြ ဆိုင်တွေမှာပဲဖေါက်သည်သဘောနဲ့ အသုံးပြုလာကြတယ် ။ အင်တာနက်ကဖေး ဆိုင်တွေမှာ စားသောက်စရာ တွေပါ တွဲပေးထားတာမို့  တချို့ဆို အိမ်မပြန်ကြတော့ပဲ နေ့ ရော ညပါ လောင်းကစား ဂိမ်းမျိုးစုံကို မနားမနေ ဆော့ကြပါလေတော့တယ် ။ အချိန်ကုန်မှန်းမသိ ၊ လူညောင်းမှန်းမသိ၊ ဆီးချုပ် ဝမ်းချုပ် အညောင်းမိတဲ့ အထိကို အသေအလဲ အသည်းအသန် ဆော့ကြတယ် ။ ဒီလို နာရီပေါင်းများစွာ ကိုယ်လက်လှုပ်မှု မရှိပဲနေရာမှ ရုတ်တရက် ထရပ်လိုက်လို့ ၊ သန့် စင်ခန်း ထဲဝင် သွားလိုက်တဲ့ အချိန်မှာ သတိလစ် မူးမေ့သွားသူတွေ ၊ဦးနှောက်သွေးကြော သွေးလျှောက်မမှန်လို့  လေဖြတ်သွားသူတွေလည်း ရှိခဲ့ဖူးတယ်။ ဖြစ်နိုင်ခြေရှိတာကတော့ နာရီပေါင်းများစွာ လှုပ်ရှားမှု မရှိပဲ ထိုင်နေရာမှာ ခန္ဓာကိုယ်အောက်ပိုင်း အထူးသဖြင့် ခြေထောက်မှာရှိတဲ့ သွေးလှည့်ပတ်မှု နှေးကွေးပြီး သွေးခဲလေးများ( blood clot သို့ မဟုတ် Thrombus) ဖြစ်လာတတ်တယ် ( Thrombosis လို့ ခေါ်တယ်) ။ ဒီသွေးခဲလေးတွေက သွေးပြန်ကြောမှတဆင့် နှလုံးနဲ့အဆုပ်၊ သို့မဟုတ် ဦးနှောက် သွေးကြောတနေရာရာမှာ သွားရောက် ပိတ်ဆို့ နိုင်တယ်(Thromboembolism လို့ ခေါ်တယ် ) ။ ဒီတော့ ရုတ်တရက် နှလုံးခုန်ရပ် ၊ အသက်ရှူ ရပ် ၊ ဦးနှောက်သွေးကြော ပိတ် ၊လေဖြတ် အစရှိတာတွေ ဖြစ်စေနိုင်တယ် ။

ဒါကြောင့် “တန်ဆေး ၊လွန်ဘေး ”ဆိုတဲ့ အချက်ကို သတိပြုကြဖို့ လိုတယ်။ ဂိမ်းဆော့သည်ဖြစ်စေ၊ အလုပ်သဘောအရဖြစ်စေ ကွန်ပြူတာ ရေရှည် အသုံးပြုကြသူများ အား ကျန်းမာရေး မထိခိုက်အောင် ဘယ်ပုံ ဘယ်နည်း နဲ့ သုံးသင့်တယ် ဆိုတာလေး သိသလောက် ဖေါက်သည်ချပါရစေ ။(ကွန်ပြူတာရှေ့ မှာ ၊ ထားရှိပုံ ၊ အညောင်းမမိစေရန် လေ့ကျင့်ခန်း များ ကိုတော့ ဒီပို့ စ်လေး (ကျန်းမာပျော်ရွှင် ဘလောဂင်း နဲ့ ချက်တင် )... မှာ ဖတ်ရှုနိုင်ပါတယ် ။)

အချိန်ကြာမြင့်စွာထိုင်ပြီး ဂိမ်းဆော့သူများ ၊ ကွန်ပြူတာဖြင့် အလုပ်လုပ်နေရသူတို့ သတိပြုရန် အချက်များ..

(၁) ကွန်ပြူတာ Screen ,LCD ကို မိနစ် ၃၀ ၊ ၄၀ ခန့် တနေရာတည်းသို့  အချိန်ကြာမြင့်စွာ စူးစိုက်ကြည့်နေပါက မျက်လုံးကြွက်သားများ တောင့်တင်းလာတတ်ပါသည် ။ထို့ကြောင့် မျက်စိအားစိုက်မှု အကြောအချဉ်လျှော့ရန် အဝေးသို့မိနစ်အနည်းငယ်မျှ ပြောင်းပြီးကြည့်ပေးပါ ။
(၂) မိနစ် ၃၀ ၊ မိနစ် ၄၀ မျှကြာလျှင် တကြိမ် ထိုင်ရာမှ ထပြီး ခြေလက်လှုပ်ရှား ခါးဆန့် ပေးခြင်းဖြင့် ကိုယ်ခန္ဓာတခုလုံး၏ သွေးလေ လှည့်ပတ်မှုကို မှန်ကန်စေနိုင်ပါသည်။
(၃)ကွန်ပြူတာအနီး တွင် ရေ ပုလင်း ရေခွက် ထားရှိပြီး ရေသောက်ရန် မမေ့ပါနှင့်။ ဆီး ချုပ် ဝမ်းချုပ် မဖြစ်ရန် သတိပြုပါ။
(၄) ပါတ်ဝန်းကျင် လေဝင်လေထွက် ကောင်းမွန်မျှတ ရန် ဂရုပြုပါ။ အခန်းတွင်း အလင်းရောင် လုံလောက်ရန်လည်း လိုပါသည် ။
(၅) ညသန်းခေါင်ယံထိ မအိပ်မနား အချိန်ကြာမြင့်စွာ အသုံးပြုခြင်းကို ရှောင်ကျဉ်ပါ ။ကျန်းမာရေးအတွက် အိပ်စက်အနားယူရန်၊ ညဘက်တွင် အိပ်ရေးဝရန် အရေးကြီးပါသည် ။ သို့မှသာ ဦးနှောက်၏ မှတ်ဥာဏ်ထိန်းချုပ်သော Memory chip များ refresh လုပ်ပေးနိုင်သည် ။ အရေးကြီးသော ဟော်မုန်းများ မှန်ကန်အရည်အသွေးပြည့်စွာ ထွက်ပြီး ခန္ဓာကိုယ် ဇီဝဖြစ်စဉ်များကို ပုံမှန် ထိန်းသိမ်းပေးနိုင်သည် ။ ပင်ပန်းနေသော စိတ် ကိုလန်းဆန်းစေနိုင်သည်။ ကြွက်သား အကြောများ ဖြေလျှော့စေနိုင်သည်။

ွှဤ အကြောင်းအရာများကိုဒီနေရာမှ မှီငြမ်းပြီးမှတ်မိသလောက်ကို မိမိ တတ်သလောက်ဖြင့် ပေါင်းစပ်ရေးသားလိုက်ပါသည် ။

တနေ့ က ရွှေပြည်ကြီးက သတင်းတခုမှာ အင်တာနက်ဆိုင်တွေကို ည ၁၁ နာရီ ကျော်လျှင် မဖွင့်ရ လို့  သတ်မှတ်တားမြစ်ထားချက် ကို ဖတ်လိုက်ရသည် ၊ ကျောင်းသားများ စာမေးပွဲနီး၍ ဟု အကြောင်းပြချက် ပါသည် ။လူငယ်များ ဂိမ်းဆိုင် များတွင် အချိန်မတော် သည်ထိမနေစေဖို့ ကန့်သတ်ပေးလိုက်ခြင်းမို့ ဒီသတ်မှတ်ချက်ကိုတော့ ကြိုက်ပါသည် ။
ကွန်ပြူတာ ကြာရှည် အသုံးပြုနေကြသူများ (ဂိမ်းစွဲနေသူများ) ဂိမ်းကြောင့် မဂန့်သွားကြစေရန် ရည်ရွယ်ပါသည် ။ မိတ်ဆွေအပေါင်း ကျန်းမာ ရွှင်လန်းကြပါစေ။
↧
↧

အဖွားရဲ့  တရားစီရင်ချက်...

$
0
0
ကိုယ့်ဘလော့လေးကို အကြောင်းကြောင်းကြောင့် ပစ်ထားမိတယ်၊ အကောင့်နဲ့ ပတ်စ်ဝေါ့တွေ ဟိုပြောင်း ဒီပြောင်းလုပ်ရင်း လမ်းပျောက်သွားတာရယ် ၊ ရေးချင်စိတ် မရှိတာရယ်၊ အပျင်းစိတ်တွေများနေတာရယ်၊ ဖေ့စ်ဘုတ် ထဲမှာ အချိန်တွေကုန်နေတာရယ်..အကြောင်းမျိုးစုံပြပြီး မရေးဖြစ်တာ ကြာပါပြီ ။ ခုတလောတော့ စိတ်ထဲ မရိုးမရွဖြစ်လာပြန်တာကြောင့် ပါတ်စ်ဝေါ့လဲ ပြန်ရှာတွေ့ တာကြောင့် စိတ်ပြေလက်ပျောက် လက်ယားပြေ တရေးနိုး ထရေးဖြစ်သွားတယ် ။ ကိုယ့်အယူအဆနဲ့ ကိုယ်မို့  အမြင်မတော်သူတွေလည်း ထင်ချင်သလိုထင်ကြပါလေ ။ ကြီးကြီးကျယ်ကျယ် စပြောရမယ်ဆိုရင်တော့ ခေတ်ကြီးနဲ့ချီင်္ပြီး ပြောလိုက်ချင်တယ် ။


အင်တာနက်ခေတ်ရောက်လာတော့ ဆက်သွယ်ရေး၊ သတင်းဖြန့်ဖြူးရေးအတွက် အလွန်အဆင်ပြေသပေါ့ ။ ရှေးခေတ်ကလို .. ခိုလေးလည်ပင်းမှာ စာရေးပြီးချိတ်ပေး..ဟိုဘက်ဒီဘက် ပျံသန်းရင်းနဲ့ အချိန်ကုန် ၊ ပို့တဲ့သတင်းရောက်မရောက် မသေမချာ ဖြစ်ပြီး ၊နောက်ကျသွားရင်း ၊ လွဲကြတဲ့ခေတ်(ရိုမီယိုနဲ့ဂျူးလိယက်တို့ ခမျာ ဒီလိုကြောင့်သေရရှာတယ်) ၊ စာချွန်တော် ပို့ဖို့ ခြေမြန်တပ်သားတွေသုံးပြီး တိုင်းရေးပြည်ရေး စစ်သတင်း ပို့ ရတဲ့ ခေတ်တွေ ကုန်လွန်တော့ စာတိုက် နဲ့ ကြေးနန်း. ..တတီတီရိုက်ပြီး အချက်ပြ သင်္ကေတ သရုပ်ဖေါ် ဘာသာပြန်ရတဲ့ခေတ် ၊ နောက်တော့ လေယာဉ်စာ နဲ့ ကမ္ဘာတဝှမ်း ပို့ဆောင် ဆက်သွယ်ကြတဲ့ခေတ် ၊ ခုတော့ ခုတော့ အင်တာနက် ခေတ်တဲ့လေ ။ ခေတ်ကြီးတိုးတက်လာတာ ကောင်းတာပေါ့ ။ သတင်းတခု ဆို အချိန်နဲ့ တပြေးထဲ စက္ကန့် ပိုင်းအတွင်း တကမ္ဘာလုံး ပျံ့ နှံ့ အောင် ဖြန့်လို့ ( ခေတ်စကား အရ ဆို ဖွ လို့  ) ရနေပြီ ။သတင်းတွေကို စာအနေနဲ့တင် မဟုတ် အရုပ်လည်းမြင် အသံလည်းကြား .. အိုကေ စိုပြေလှပေသပေါ့ ။ ဆင်ဆာတို့  စီစစ်ရေးတို့ လည်း တင်စရာ မှ မလိုတာ ။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ လူအများ စိတ်ဝင်စားနေကြတဲ့ သတင်းပူ ( Hot News) တွေများဆို တောမီးလောင်တာထက်ကို မြန်ပါ့ .. ဖွကြတာ.. ဖွကြတာ ။ ဟိုလူ ဒီလူ ကို ဟိုအဖွဲ့  ဒီအဖွဲ့က တာဝန်ရှိလို့  ဓါတ်ပုံလုရိုက်သတဲ့ ၊ တာဝန်ရှိလို့ တားသတဲ့ ၊ ဆွဲလားရမ်းလား လုပ်သတဲ့ ၊ တံတောင် နဲ့ တွတ်သတဲ့ ၊ ဦးတဲ့လူက တိုင်သတဲ့ ၊ ပြန် ဖြေရှင်းသတဲ့ ၊ ဟိုဘက် ဒီဘက် အပုတ်ချကြသတဲ့ ၊ ကဲ ..ကဲ.. အမှိုက်ကစလို့  ပြသာဒ်မီးလောင် မယ်ဆိုရင် ကောင်းကြပါအုံးမလား ။ ကိုယ်တိုင်ကလည်း ဘာကောင်မှ မဟုတ်တော့ ဘာမှလည်း မဖြေရှင်းတတ် မဖြေရှင်းနိုင် လက်မှိုင်ချလို့ သာ ထိုင်ကြည့်နေရတဲ့ပွဲ ။ ကြာတော့လည်း စိတ်အချဉ်ပေါက်ပေါက်နဲ့ ဟိုတွေးဒီတွေး တွေးမိရင်း ကိုယ့် အဖွား ကို သတိရမိသွားတယ် ။ ( ဒီလိုပြောလိုက်လို့  စိတ်အချဉ်မပေါက်ရင် သတိမရ မေ့လျှော့နေတယ် လို့  တော့ မထင်လိုက်ပါနဲ့ အုံး ၊ သေသောသူကြာရင်မေ့တယ်လို့  အဆိုရှိတယ် မလား ၊ အဖွားဆုံးတာလည်း ကြာခဲ့ပါပြီ ။ တခါတရံ အကြောင်းတိုက်ဆိုင်ရင်တော့ သတိရမိ လွမ်းမိတတ်ပါတယ် ) ။ ဒီတော့ သူများပေါင် လှန်မထောင်းရဲတဲ့ ကိုယ်တယောက် ကိုယ့်ပေါင်သာ ကိုယ်ပြန်ထောင်းပြလိုက်ပါမယ် ။ အဖွား အကြောင်း ပြောပြမယ် ။

 á€€á€­á€Żá€šá€šá€ˇá€Ąá€–ဟဏး သာ အသက်ရှင်လျှက်ရှိနေမယ်ဆို အသက် တစ်ရာလောက် ရှိလောက်ပြီ ။ (မွေးနေ့ သက္ကရာဇ်အတိအကျမမှတ်မိလို့  စိတ်မှန်းအရပြောတာ )။ အဖွားက ရှမ်းလူမျိုးစစ်စစ် ရှမ်းပြည်တောင်ပိုင်း မိုးနဲသူ ၊နောက်တော့ ကျိုင်းတုံမှာအခြေချ နေထိုင်ခဲ့တယ်။ မိန်းကလေး ဆိုရင် သေစာရှင်စာတတ်ရင် ပြီးရောပေါ့လို့ ဆိုတဲ့ သူတို့ ခေတ်တုံးက၊ အဖွားခမျာ သေစာရှင်စာတတ်အောင်တောင် စာမသင်ခဲ့ရပါဘူး။ အိမ်အလုပ်တွေဝိုင်းကူ အရွယ်ရောက် လူလားမြောက်တော့ လူမျိုးတူ ဘာသာတူ ကိုယ့်အဖိုးနဲ့ အိမ်ထောင်ကျတယ်။အဖိုးက ရုံးစာရေး ။ မိဘပေးစားတာတဲ့ ။အဲဒီခေတ်က အိမ်ထောင်ရေးလည်း အံ့သြစရာပဲ ၊ သမီးရည်းစားတောင် မဖြစ်လိုက်ရပဲ ၊ အိမ်ထောင်ချပေးတဲ့ နေ့မှာမှ စတွေ့ ခွင့်ရတဲ့ တစိမ်းပြင်ပြင်တယောက်ကို လင်ယောကျာင်္းအဖြစ် ၊ တသက်လုံး ရိုးမြေကျ ချစ်ချစ်ခင်ခင်ပေါင်းသင်း နေထိုင်သွားလို့ ရကြတယ် ။ တောင်ပေါ်သူ သဘောဖြူ အူစင်း ကိုယ့်အဖွား ၊ စာမတတ်ပေမဲ့ ထောင်တော့မကျဘူးပါ ။ ( ခုခေတ်မှာ တချို့ က ပြောနေကြတယ် ။ မျက်နှာစာအုပ်ပေါ်မှာ ဟောင်ဖွာဖွာနဲ့ ရေးကြတယ် ၊ စာတတ်အောင် စာဖတ်အောင် ထောင်ကျဘူးရမယ့် အပေါက်မျိုး လေဖေါနေသူတွေကို ၊ ကိုယ့် အဖွားနဲ့ ပေးတွေ့  လိုက်ချင်တယ် ။) ဒီလိုနဲ့ အဖိုး၊ အဖွားတို့  မှာ သားသမီး ၃ ယောက် ရှိလာတယ် ။ သူတို့ခေတ် အခါတုံးက ရုံးစာရေးလစာ ဟာ တမိသားစုလုံး ဖူလုံသတဲ့ ( အံ့သြစရာကောင်းလိုက်တာ ) ။ ဒါပေမဲ့ စစ်ကြီး ဖြစ်လာတော့ စစ်ပြေးကြရတာပေါ့ ၊ အဖွားလည်း သူတတ်တဲ့ အရောင်းအဝယ်လေးလုပ်ပြီး တဖက်တလမ်းက ဝင်ငွေရှာတယ် ။ သူ့ ပြောစကားအရဆို အဲဒီခေတ် ခေတ်ပျက်ကြီးထဲမှာ ဘိန်းစားတွေ အတော်ပေါတယ် ဆိုပဲ ။ နောက်ပြီး စစ်အတွင်းက ဝမ်းကိုက် ဝမ်းလျှောရောဂါတွေလည်း အဖြစ်များတော့ ဘိန်းမဲတွေ စားပြီး ရောဂါသက်သာအောင်လုပ်ကြသတဲ့ ၊ ဒီတော့ အဖွားလည်း ဘိန်းမဲ ရောင်းတဲ့ အလုပ် လုပ်ကို စစ်ပြေးဘဝနေရတဲ့ အချိန်မှာ လုပ်ခဲ့ဖူးတယ်တဲ့ ။ ကပ်ကြေးလေးကို ရေစိမ်ထားပြီးမှ ဘိန်းကို ညှပ်ပြီး ချိန်ခွင်ထဲထဲ့ရောင်းရတယ်ဆိုပဲ ။ ဘာလို့ လဲဆိုရင် ရေမဆွတ်ထားတဲ့ ကပ်ကြေးနဲ့ ညှပ်လိုက်ရင် ဘိန်းမဲမဲတွေက ကပ်ကြေးမှာ အထပ်လိုက် ကပ်နေတတ်တော့ ၊ ဘိန်းစားတွေက ကပ်ကြေးကို တောင်းပြီး လျှာနဲ့ရက်တတ်ကြလွန်းလို့ တဲ့လေ ။ အဲဒီအကြောင်းတွေ ပုံပြောသလို ပြောပြရင်း မုန့်စိမ်းပေါင်းရောင်းတဲ့ တောင်းကြီးထဲ မုန့်စိမ်းပေါင်းအပုံကြီးကို ဘိန်းအမှတ် ထင်မှတ်ခဲ့ဖူးတဲ့ ငယ်ငယ်က ကလေးအတွေးလေးတောင် ပြန်မြင်ယောင် မိပါသေးရဲ့ ) ။ စပ်စုမ ကိုယ်က အငြိမ်မနေနိုင် မေးမိတတ်တယ် ။ “အဖွား..ဘိန်း ရောင်းတာ အစိုးရ က မဖမ်းဘူးလား” ဆိုတော့ အဲဒီအချိန်မှာ သူသူငါငါ ရောင်းနေကြတာပဲတဲ့ ၊ ဘယ်သူမှ မဖမ်းကြဘူးတဲ့ ။ ရာဇဝတ်မှု မဟုတ်ဖူးတဲ့ ။ ခုပိုပြီး စဉ်းစားတတ်လာတော့ မှ ပြန်တွေးမိတယ် ၊ အင်္ဂလိပ်ကျွန် ဂျပန်ကျွန် ဘဝရောက်နေတဲ့ အချိန်မှာ ဘိန်း(ဘိန်းမဲ) ကို ရောင်းခွင့် သုံးခွင့်ပေးထားရခြင်း အကြောင်းထဲမှာ မြန်မာနိုင်ငံသူနိုင်ငံသားများ အား ဘိန်းစားဘဝ သွပ်သွင်းပြီး ကျွန်သက်ရှည်အောင် လုပ်တဲ့ နည်းလမ်းတခုဖြစ်မယ်လို့  ။ ဒါကတော့ အဖွားရဲ့တရားစီရင်ချက်ထဲ အကျုံးမဝင်ပါဘူး ။ အဲဒီ ခေတ်စနစ်ကြီးမှာ ဘိန်းစားတွေ လောင်းကစားဝိုင်းတွေ များခဲ့တယ် လို့  ပြောချင်တာပါ ။ စကားစပ်လို့ ပြောရအုံးမယ် ၊ အဖိုးက ရုံးစာရေးဆိုပေမဲ့ ရသမျှ လခ အကုန်အပ်ပြီးမှ အဖွားဆီက ပြန်တောင်းသုံးရတယ်။ ဘုရားပွဲ အချိန်ဆို ရွာမှာ လေးကောင်ဂျင်ဝိုင်းတွေ ရှိတတ်တော့ အဖိုးလည်း သွား ပြီး ကံစမ်းလေ့ရှိသတဲ့ ၊ နောက်တော့ မကြာခဏ ကနေ ခဏခဏ ဖြစ်လာတော့တာပေါ့ ။ ဒီတော့ အဖွားက အရွဲ့တိုက်တယ် ၊ အိမ်မှာ ဘာမှ မချက် ပဲ ၊ သူလည်း ကစားဝိုင်း ထဲ လိုက် သွားပြီး ပါလာသမျှ ပြောင်အောင် ထိုးပလိုက်တယ် တဲ့ ၊ အဲဒီနောက်ပိုင်း အဖိုးခမျာ တသက်လုံး လောင်းကစားဝိုင်းဖက် ခြေဦးမလှည့်ရဲအောင် ဖြစ်သွားရတယ် ။( ကိုယ့် အဖွားရဲ့ ပိုင်ချက်.. ၊ အဖိုးကလည်း လူအေးကြီးမို့ သာ ဖြစ်မှာပါ၊ သူ အလျှော့ပေးလိုက်ပေလို့ ပေါ့ ။ ၂ ယောက်စလုံးတင်းနေရင်တော့ ဘယ်ထိ ပွဲကြမ်းသွားမလည်း မပြောတတ်ပါ )။

 á€Ąá€–ဟဏးရဲအ သားသမီး ၃ ယောက်လည်း စစ် အတွင်းမှာ ပဲ ကြီးပြင်းလာကြရတယ် ။ အကြီးဆုံး နဲ့ အငယ်ဆုံး က သမီး၊ အလတ် က သား ။ ကိုယ့် အမေ က အငယ်ဆုံးသမီးလေးပေါ့ ။အဖွားက အတန်းပညာ မသင်ခဲ့ရလို့  စာ သာ မတတ်တာ ။ အရောင်းအဝယ် အတွက်အချက်တော့ တော်တယ် ။ သားသမီးတွေ ကို ဆုံးမတာလည်း တော်တယ် ။ ၂နှစ်ခြား ၃ နှစ်ခြား မောင်နှစ်မသုံးယောက် ..ကလေးတို့  ဘာဝ၊ အတူတူ ဆော့ ကစားရင်း နောက်ပြောင်ရင်း ရန်ဖြစ်လေ့ရှိကြတာ အဆန်းတော့မဟုတ်ပါဘူး ။ များသောအားဖြင့် တိတ်တိတ်ကြိတ်ပြီး ရန်ဖြစ် ၊ဒါဆို အလုပ်များနေတဲ့ အဖွား မသိလိုက်ဖူး ။ တခါတလေ အော်ကြီးဟစ်ကျယ် ဖြစ်သွားတဲ့ အခါဆိုရင်တော့ ၃ယောက်စလုံး မလွယ်ဘူး သာ မှတ်ပေရော့ ။ တခါတလေ ဆို ၁ယောက် မကစားလို့  မပါပဲ၊ ၂ ယောက်ထဲ အော်ကြီးဟစ်ကျယ် ဖြစ်တဲ့ အခါဆိုလည်း မချောင်ဘူး ။ ၃ ယောက်စလုံး အရိုက်ခံရတယ် ။ ဘယ်သူ ပါ ပါ မပါပါ၊ ဘယ်သူမှား ဘယ်သူမှန်တယ် ဆိုတာကို စစ်မနေတတ်တဲ့ အဖွား ၊ ကလေး ၃ယောက် စလုံးတန်းစီပြီး လက်စွဲတော် ကြိမ်လုံးနဲ့ ဆော်တော့တာပဲ ။ ကိုယ့် အမေက အငယ်ဆုံးသမီးဆိုတော့ အဖေ့အချစ်ဆုံး အဆိုးဆုံး ၊ အကဲဆုံးလေး ။ ဘယ်သူနဲ့ ဖြစ်ဖြစ် သူမပါရင် မပြီး ၊များသောအားဖြင့် သူက ပဲ ပြသနာ စရှာတတ်တယ် ၊ သူများကို အနိုင်ကျင့် ဗိုလ်ကျ တတ်တယ် ၊ ပြီးရင် သူကပဲ အာပြဲအောင် အော်ငိုပြီး သူကပဲ ဦးအောင် စ တိုင်တတ်တယ် ။ သူ့  အထက်က အကို ဆိုရင် သူ့ ကို သိပ်ကြောက် ပေါ့ ။ အမကြီးက အကြီးဆိုတော့ အငယ်တွေကို ညှာတယ် ။ ဘယ်တော့မှ ပြသနာ အရင်စမလုပ်ဖူး ။ ဒါပေမဲ့..ဒါပေမဲ့ ပေါ့ ။ တရားစီရင်ရာမှာ အင်မတန်တော်တဲ့ ကိုယ့်အဖွားရဲ့ မူ အရ .. ၂ယောက် ရန်ဖြစ်ရင်လည်း ၃ယောက်စလုံးရိုက်ခံရတယ်ပေါ့ ။ ဘာလို့ ဒီလို အပြစ်မရှိတဲ့ သူကိုပါ ရိုက်ရတာလည်း လို့  မေးကြည့်ဖူးတော့ သူ့ အဖြေက ရိုးရှင်းပါတယ် ။ သူ မွေးထားတာ ၃ ယောက် ၊ တသွေးထဲ တသားထဲ ရှိနေရမယ်၊ချစ်ချစ်ခင်ခင်နေရမယ်၊ ပြသနာတခုဖြစ်လာရင် တခါတလေမှာ ဘယ်သူ မှန်တယ် မှားတယ် မကွဲမပြားဖြစ်တတ်တယ် ၊ ဦးအောင်တိုင်တိုင်းလဲ မှန်တတ်တာမဟုတ်ဖူး ၊ အသံမထွက်တဲ့ သူတိုင်းလည်း အမှားလုပ်နေတာ မဖြစ်နိုင်ဘူး ။ ပြသနာမှာ မပါတိုင်းလည်း အပြစ်ကင်းတယ် ပြောမရဘူး ။ အကြီးဖြစ်သူ အထိန်းအကျောင်းမတော်လို့  သာ ဒီပြသနာဖြစ်ရတယ် ။ ဒီတော့ ၃ယောက်စလုံး မှာ အပြစ်ရှိတယ်တဲ့ ။ ကဲ.. အေးတာ ပဲ ၊ ၃ ယောက်စလုံး ကြိမ်စာကျွေးခံရပြီးရင် အမကြီးကလည်း သူ့ မောင် နဲ့ ညီမ ကို ပြောတယ် ဆုံးမတယ်။ “နင်တို့ ၂ယောက် တည့်အောင်နေကြ နို့ မို့ ရင် ငါပါ ရောယောင်ရိုက်ခံရမယ်”ပေါ့ ။ သား အလတ် ကလည်း တွေးတယ် ၊ “ငါမှန်ပေမဲ့လည်း ရိုက်ခံရတယ် ၊ဒါပေမဲ့ ငါ့မှာ အတူတူကစားဖေါ် ဒီညီမလေးပဲ ရှိတာ ၊ သူ့ အလိုလိုက်မှဖြစ်မယ် ”။ အငယ်ဆုံးမက တမျိုးတွေးတယ် ..“ ငါ က စလုပ်ပြီး ဦးအောင် အော်ငိုတိုင်တာလဲ အပြစ်မလွတ်နိုင်ဘူး ။ ငါ့ကြောင့် အားလုံးအရိုက်ခံရတယ် ။ နောက်ဆို အဲလို မလုပ်တော့ဘူး ”.. ။ စစချင်းတော့ ဒီအတွေးမျိုးရှိချင်မှ ရှိမှာပါ ။ဒါပေမဲ့ ကြိမ်ဖန်များစွာ ခုလို စီရင်ခံရတော့ ဘယ်လိုနေနေ ဘယ်သူလုပ်လုပ် ပြသနာ တခု ဖြစ်ပြီဆိုတာနဲ့ ၃ယောက်စလုံးမလွတ်ဖူးဆိုတာ အတွေ့ အကြုံ အရ သိလာကြတော့ နောက်ဆို သူတို့ မောင်နှစ်မ ၃ ယောက် ဘယ်လိုပဲဆော့ဆော့ စားစား ရန်မဖြစ်တတ်ကြတော့ပါဘူး ။ အကြီးကလည်း အငယ်ကို ညှုာတာတယ် ၊ သွန်သင်တယ် ၊ အငယ် ကလည်း အကြီး ပြောစကားကို နာခံတယ် ။ လေးစားတယ် ။ အဖွားရဲ့ ထူးထူးခြားခြား စီရင်ချက်ကြောင့် မောင်နှစ်မတွေ ချစ်ချစ်ခင်ခင်နဲ့ ခုချိန်ထိပါပဲ ။

 á€’ဍက အတွင်းရန်ဝိုင်းကို စီရင်တာ ။ ရှိသေးတယ် အပြင်ရန်ဝိုင်း ။ ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါဘူး ၊ ခွေး ကိစ္စ ၊ အဖွားက ခွေးချစ်တတ်သလောက် ကြောင်ဆို မုန်းတယ် ။ ခွေးက သခင်အပေါ် သစ္စာရှိလို့  တဲ့လေ ။ ကြောင်ကတော့ သိတဲ့အတိုင်း အိမ်သာရင် လာ ပြီး အိမ်မသာရင် ခွာသွားတတ်တာ မဟုတ်လား ။ ကိုယ်တို့  ငယ်ငယ်တုံးက ခြံထဲမှာ ခွေးတွေ အများကြီး မွေးထားတယ် ၊ အင်းခွေး၊ ဗမာခွေး ၊ ဘိုခွေး စုံလို့ပါပဲ ။ အဲဒီခွေးတွေ ထဲမှာ သူ အချစ်ဆုံး က “ ငဖြူ ” လို့ ခေါ်တဲ့ အင်းဗမာစပ် နားရွက် ဖါးဖါး နဲ့ ခွေးကွက်ကျားလေးပေါ့ ။ ဒီကောင်က လူ စကားလဲ နားလည်တယ် ။ အရိပ် သုံး ပါး နားလည်တယ် လို့ တောင် ပြောလို့ ရမယ် ၊ ကလေး ပေါက်စလေး သူ့ နားမှာ ချထားရင် မခွာပဲ ထိုင်စောင့်ပေးတတ်တယ် ။ သူများလာရန်လုပ်မှာစိုးလို့ ၊ ခြံထဲကို လူစိမ်း ဝင်လာရင် အရိပ်အကဲ ကြည့်တတ်တယ် ။ အိမ်ရှင် နဲ့ ရယ်လားမောလား စကားပြောနေတဲ့သူဆို ၊ ဒါမှမဟုတ် အိမ်ရှင်က ဟန့်လိုက်ရင် သူဘာမှ မလုပ်ဖူး၊ ဘေးမှာ ခဏစောင့်ကြည့်ပြီး သူ့ နေရာသူသွားနေတတ်တယ် ၊ သတင်းစာဝယ်တယ် ဒန်အိုးပေါက်တွေဝယ်တယ် အသံကြားရင် ၊ ချွတ်ကနဲ အသံကြားရင် ထိုးဟောင်တော့တာပဲ ၊ခြံထဲ အတင်းစွတ်ပြီးဝင်လာသူဆိုရင် မလွှတ်တမ်း ကိုက်တော့တာပဲ ။ အဲ့ဒီ အကိုက်ကြမ်းတဲ့ ခွေးလိမ္မာက အဖွားရဲ့ အသည်းစွဲ ။ ညနေ ညနေ အဖွား ခြံထဲ လမ်းလျှောက်ဆင်းရင် ဝါးတုတ်လေးတချောင်းကိုင်လို့ ၊ တခါတလေ သူများခြံထဲက ခွေးတွေ အလည်ကျူးပြီး ကိုယ့်ခြံထဲ ရောက်လာတဲ့ အချိန်ဆို အဖွား အလုပ်များတော့တာ ခုထိ မြင်ယောင်မိသေးတယ် ။ ကိုယ့်ခွေးကလည်း ခပ်စွာစွာ သူများခွေးကလည်း ခပ်ကဲကဲ နဲ့ တိုက်ပွဲ ဖြစ်လေ့ရှိတယ် ။ ငဖြူကြီးက အကောင်သာငယ်တယ် ကိုက်ရည်ခိုက်ရည်ကတော့ အပြည့် ၊ အတိုက်ကောင်းသလို အရှောင်လည်း ကောင်းပါ့ ။ တကောင်ချင်း ပြိုင်ကိုက်ရင် သူပဲနိုင်တာများပါတယ် ။ ဒီလိုအချိန်ဆိုရင် အဖွား ဘာမှ မလုပ်ဖူး ။ အသာလေးကြည့်နေတတ်တယ် ။ ကိုယ်တို့ ကလေးတသိုက်လည်း ဘေးမှာ ပတ်လည်ဝိုင်းပြီး ခွေးတိုက်ပွဲကို လက်ခုပ်တီး အားပေးကြတာပေါ့ အကယ်၍သာ ကိုယ့်ဘက်က အခြေ အနေ မဟန်ဘူး ဆိုရင်တော့ အဖွား ဝင်ပါပြီ ..၊ ခွေး ၂ကောင် ခပ်ခွာခွာ ရှိနေမယ် ဆိုရင် သူ့ လက်ထဲက ဝါးတုတ် ဟာ တဖက် ခွေးကို ရိုက်ဖို့ ပစ်ဖို့  အသင့်ပဲ၊ ဒါမှမဟုတ် ၂ကောင်ပူးကပ် လုံးထွေးနေပြီဆိုရင်တော့ ရေနဲ့ပက်ဖို့  အသင့်ပဲ၊ ကိုယ်တို့ ကလေးတွေလည်း ပွဲကြီးပွဲကောင်း ကြည့်ရတော့မယ် ဆိုပြီး အသင့်ပဲ ။တခါတလေတော့ တုတ်နဲ့လဲရိုက် ရေနဲ့လဲပက် .. ဗျူဟာအမျိုးမျိုးနဲ့ တိုက်ပွဲကူကြရတယ် ။ ( ခွေးချင်းကိုက်ရင်တောင် ကိုယ့်ခွေးနိုင်စေချင်တာ၊ လူ့ သဘာဝပဲ ထင်ပါရဲ့ )။ အဖွား ဘာလို့ တုတ်နဲ့ရိုက်တာလဲ ရေနဲ့ ပက်တာလဲ မေးကြည့်ရင် သူ့ သဘောထား သိရလိမ့်မယ် ။ ၂ ကောင် ပူးနေတုံး တုတ်နဲ့ ရိုက်ရင် မတော်တဆ ကိုယ့်ခွေး ကိုယ်ရိုက်မိမှာ ပေါ့ တဲ့ ။ ရေနဲ့ပက်တော့ ၂ကောင်လုံး မနာပေမဲ့ အကိုက်ရပ်သွားကြရော မဟုတ်လား.. တဲ့။ အဲဒါ သူ့ ရဲ့ မီးစတဖက် ရေမှုတ်တဖက် မဟုတ်တဲ့ တုတ်တဖက် ရေတဖက် မဟာဗျုဟာတမျိုး ပဲပေါ့ ။ ဒီ ဗျူဟာ ကို စဉ်းစားမိတော့ အသုံချလို့ ရတဲ့ တနေရာ ရှိနေတာ သတိထားမိတယ် ။ ဒီသတင်းလေးပါပဲ ။ တုတ်နဲ့ ရိုက်သင့်ရိုက်၊ ရေနဲ့ ပက်သင့်ပက် ဖို့ ပါ ။
မူရင်းလင့်က ဒီမှာရှိပါတယ် http://apps.facebook.com/theguardian/commentisfree/libertycentral/2011/jan/23/india-bangladesh-border-shoot-to-kill-policy?  ။  ကိုယ့်တိုင်းပြည်အတွင်းကို မတရားခိုးဝှက်ဝင်လာသူတွေကိုလည်း ပစ်သင့်ရင်ပစ်ဖို့လိုအပ်နေပါပြီ ။ အခြေအနေအရ တုတ်နဲ့ရိုက် ရေနဲ့ပက် ဖို့ အသင့်ပြင်ထားတဲ့ ခွေးတိုက်ပွဲထိန်း အဖွားတယောက်သာ ဒီသတင်းကို မြင်ခွင့်ရရင် အလွန်ကျေနပ်နေမှာ မြင်ယောင်မိပါသေးတယ် ။

 á€Ąážá€€á€Žá€¸á€†á€śá€Żá€¸ သမီးဖြစ်တဲ့ ကိုယ့်ကြီးတော်ကြီးကတော့ လွန်ခဲ့တဲ့ ၆ နှစ်လောက်က ကွယ်လွန်ခဲ့ပါပြီ ။ ကိုယ်တို့  မောင်နှစ်မတတွေ အပေါ် အလွန်ကြင်နာ စောင့်ရှောက်ခဲ့တဲ့ ကြီးတော်ကြီးကို လွမ်းဆွတ် သတိရနေမိသလို ၊ စာမတတ်ပေမဲ့ ဘာသာတရားကိုင်းရှိုင်း အလှူဒါန ရက်ရောပြီး စိတ်သဘောထား ဖြူစင်တဲ့ ကိုယ့်အဖွားကိုလည်း အောင်းမေ့ အမှတ်ရ နေမိပါတယ် ။ ဒီတော့ ခုတလော ပြသနာတွေတက်.. အကျယ်အကျယ် မငြိမ်းဘွယ်နဲ့ သူ မှားတယ် ငါမှန်တယ် လုပ်နေကြသူတွေကို ကိုယ့်အဖွားလက်ထဲအပ်၊ တိုက်ရိုက်ပတ်သက်နေသူရော၊ နှီးနွယ်နေသူတွေရော အားလုံးကို ကြိမ်လုံးနဲ့ နာနာသာ ဆော်ပေးလိုက်ရရင် ဘယ်လိုများ တွေးကြပါလိမ့်မလည်း လို့  သိချင်နေမိတယ် ။ နှစ်ဖက်စလုံးတင်းနေကြရင် ပြတ်ဖို့ကိန်းသာဆိုက်ပြီး ၊ တောမီးလောင် တောကြောင်လက်ခမောင်းခတ်ဖို့  အသင့်ပြင်ထားသူများ အကြိုက်ဖြစ်နေမှာ စိုးမိပါတယ်။

 á€Ąá€á€şá€łá€•ယဆိုရရငယ .. ပြသနာ အကြီးအသေး နေရာဒေသကို လိုက်ပြီးတော့ ကျင့်သုံးရမဲ့ ၊ နည်းလမ်းတွေ အကြောင်းပါပဲ ။ ရေမှုတ် နဲ့ မီးစ တဖက်စီကိုင်ပြီး အသုံးချ သင့်ရင် ချရပါမယ် ။ အဖွားကတော့ အတန်းပညာ မတတ်ခဲ့ပေမဲ့ သူ့ နည်းသူ့ ဟန်နဲ့ သူ့ သားသမီး ၃ ယောက်ကို စည်းစည်းလုံးလုံးရှိအောင် သွန်သင် ဆုံးမ နိုင်ခဲ့ပါတယ် ။ ခုခေတ်ခါမှာ ဥာဏ်ပညာ အဆင့်အတန်း မြင့်မားနေသူတွေ အဖို့ မှာတော့ မြွေမသေ တုတ်မကျိုး ပဲ ထင်းစည်းမပြေရလေအောင်၊ အဖွဲ့အစည်း နဲ့ နိုင်ငံတော်ကို ဦးဆောင် ထိမ်းသိမ်းပြီး ငြိမ်းချမ်း တိုးတက်အောင် ဆောင်ရွက်နိုင်လိမ့်မယ် လို့  မျှော်လင့်မိပါတယ်။
( မိတ်ဆွေအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေ..)
↧

ဖြစ်စေချင်တဲ့ ဆန္ဒလေးတခု

$
0
0
ဖြစ်စေချင်တဲ့ ဆန္ဒလေးတခု.. ဆိုတော့ ဖြစ်စေချင်တာတွေ ကို ဖေါ်ထုတ်ရေးသားမိတဲ့ အကြောင်းအရာလေးတခုပါပဲ ။ ခံစားချက်ခြင်း မတူကွဲပြား ဖြစ်နေကြပါလိမ့်မယ် ။ မတူတဲ့ခံစားချက်များထဲမှ တူညီတဲ့ ဆန္ဒလေးတခုတော့ ရှိနိုင်မှာပါ ။
ဒီနေ့  ဒီအချိန်ရောက်လာရင် လွန်ခဲ့တဲ့ ၂၄ နှစ်က အဖြစ်အပျက်တွေကို မနေ့တနေ့ကလိုပဲ တနုံ့ နုံ့ နဲ့ ခံစားနေမိဆဲပါ ။ အတိတ်ဆိုတာ ကျန်နေခဲ့ပြီ ဖြစ်ပေမဲ့ သမိုင်းစစ်မှန် ဆိုတာကိုတော့ မမေ့စကောင်း မဖျောက်ဖျက်စကောင်း မို့  ပြန်လည် ခံစား စိတ်မကောင်းဖြစ်နေမိဆဲပါ ။ ပွင့်လင်းမြင်သာတဲ့ ခေတ်ကြီးရောက်လာတဲ့ အချိန်အခါမှာ အင်တာနက်များ အလွယ်တကူချိတ်ဆက်လာနိုင်တဲ့အချိန်အခါမှာ ဟိုးယခင် တကယ့်အဖြစ်အပျက်များ မျက်မြင်မကြုံတွေ့ လိုက်ရတဲ့ သွေးပျက်ဖွယ်ပုံရိပ်များကို ကြည့်မိတဲ့ အခါတိုင်းမှာလည်း ရင်နာခံစားနေမိဆဲပါ ။ တည့်တည့်ပစ်မယ် ဆိုတဲ့ ချိန်းခြောက်မိန့်ခွန်းကို ပြန်လည် နားထောင်မိလိုက်တိုင်း ဒေါသတွေ ဆူပွက်နေရဆဲပါ ။ ဒီတော့ အတိတ်ဆိုးကို ဘယ်လို ဖြေဖျောက်နိုင်ကြမလည်း လို့  စဉ်းစားမိလာတယ်..


မြန်မာနိုင်ငံရဲ့ ရာဇဝင် သမိုင်း 8888 အကြောင်းကိုတော့ အများသိပြီးဖြစ်တာမို့  ရှည်ရှည်ဝေးဝေး ထပ်မပြောလိုတော့ပါ ။ ဒီလို 8888 အဖြစ် နဲ့ ခပ်ဆင်ဆင် အဖြစ်အပျက်မျိုးဟာ ထိုင်ဝမ်နိုင်ငံမှာ လည်း ဖြစ်ပျက်ခဲ့ဖူးတယ် ။ နှိုင်းယှဉ်ကြည့်လို့ ရအောင် ဒီအဖြစ်အပျက်ကိုပဲ ပြောပြပါမယ်။ အဲ ဒါကတော့ 228 Massacre( 二二八事件 , 二二八大屠殺) လို့  ခေါ်တွင်တဲ့ အဖြစ်အပျက် ပါ ။ လွန်ခဲ့တဲ့ ၆၅ နှစ်အကြာ၊ ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ ၂၇-၂၈ နေ့ မှာ အာဏာရပါတီ Kuomintang(KMT) မှ ၊ အတိုက်အခံများအား သူပုန် လို့  စွပ်စွဲ ချေမှုန်းမှုကြောင့် အတိုက်အခံ ပြည်သူအများ လူပေါင်း တစ်သောင်းကျော်( တချို့  စာရင်းအရ သုံးသောင်းကျော် ) သေဆုံးခဲ့ရတယ် ။ အဲဒီ လူထု အထဲမှာ ပညာတတ် ဆရာဝန် ၊ ရှေ့ နေ့  ၊ ကျောင်းသား အများအပြားလည်း ပါဝင် ခဲ့တယ်။
နောက်ပိုင်း ဒီမိုကရေစီ ဖေါ်ဆောင်လာ ပြီး တိုင်းပြည် ပြောင်းလဲ တိုးတက်ခဲ့တယ် ။ ဒါပေမဲ့ ဒီအဖြစ်အပျက် ကို သူတို့  ရာဇဝင်မှာ ဖျောက်ဖျက်မထားခဲ့ဘူး ။ ..သမ္မတ Lee Teng-hui လက်ထက် မှာ ၁၉၉၅ ခုနှစ် မှ စပြီး အဲဒီ နေ့ကို
Peace Memorial Day ( 和平紀念日) လို့  ပြောင်းလဲ ခေါ်ဆိုခဲ့တယ်။ နှစ်စဉ် နှစ်တိုင်း ၊ နှစ်ပတ်လည်နေ့  ရောက်တိုင်း .. သမ္မတ ကြီး ကိုယ်တိုင် 228 ပန်းခြံ မှာ ကျဆုံးခဲ့သော နိုင်ငံသား အညတြ သူရဲကောင်းများကို ဦးညွှတ် အလေးပြု ကြတယ် ။ တချိန်က ထိုသူတွေကို ခေါ်ဝေါ်ခဲ့တဲ့ သူပုန် ဆိုတဲ့ မှားယွင်းတဲ့ အခေါ်အဝေါ်ကို ပပျောက်စေခဲ့တယ် ။ ကျန်ရစ်သူ မိသားစုများကို ဝန်ချတောင်းပန်ကြတယ်။ကျဆုံးသွားသူတွေရဲ့ အမည် စာရင်းများ ပြုစု ပြီး ၊ သူရဲကောင်းလက်မှတ်တွေ ပေးအပ်ခဲ့တယ်။ အဲဒါတွေကို ခုချိန်ထိ ဆောင်ရွက်နေကြရဆဲပါ ။ အဲဒီနေ့တွေမှာ ..ကျန်ရစ်သူမိသားစု တချို့ မှ မကျေနပ်မှု၊ ဒေါသပေါက်ကွဲ မှု ၊ဆဲဆိုမှုတွေကို ခေါင်းငုံ့ ခံ တောင်းပန်နေကြရတုံးပါပဲ ။ တနှစ်ကများဆိုရင် လက်ရှိသမ္မတကြီး Ma Ying-jeou ကို တံတွေးနဲ့ ဝင်ထွေးတဲ့သူကိုတောင် တီဗီသတင်း၊ သတင်းစာ တွေမှာ တွေ့ လိုက်ရတယ် ။ ဘေးက သက်တော်စောင့်တွေကတော့ ဝင်ပြီးထိန်းကြ ဆွဲကြပေါ့ ။ ဒါပေမဲ့ အဲဒီလူကို ဖမ်းချုပ်မထားပါဘူး ။ အစိုးရက ခွင့်လွှတ်နားလည်ပေးခဲ့ပါတယ် ။

ပြန်စဉ်းစားကြည့်မယ်ဆိုရင် ဒီကိစ္စဟာ လက်ရှိသမ္မတကြီး ပြုခဲ့ ကျုးလွန်ခဲ့တဲ့ အစုလိုက်အပြုံလိုက် လူသတ်မှုကြီးလည်း မဟုတ်ခဲ့ပါဘူး ။ သူ့ အရင် ၆၅ နှစ်တုံးက ဖြစ်ခဲ့တဲ့ အဖြစ်အပျက် တခု ။ ဘာဖြစ်လို့  နောက်ပိုင်းဆက်ခံခဲ့တဲ့ သမ္မတတွေ ကိုယ်တိုင်က ခုလို ဝန်ချတောင်းပန်နေရဆဲ ဆိုတာ အကြောင်းရှိပါတယ် ။ အတိတ်က ကြောက်ရွံ့ မှု ၊ အမှောင်ချခြင်းခံခဲ့ရမှု ၊ မတရားကျူးလွန်ခဲ့တဲ့ အမှူတွေတွေအတွက်၊ အမှန်တရားကို ဖေါ်ထုတ်ဖို့ ဆိုတာဟာ ဒီမိုကရေစီအစိုးရရဲ့ အချက်ပြ တာဝန်ဖြစ်ပါတယ် တဲ့ ။ သမိုင်းဆိုတာ ဖျောက်ဖျက်လို့  မရစကောင်းပါဘူး လို့  ပြောခဲ့ပါတယ်။ မှားခဲ့တဲ့ ပြစ်မှုကြီးအတွက် ၊ တောက်ပတဲ့ အနာဂါတ်ခရီးဆီ ဆက်လက် လျှောက်လှမ်းနိုင်ဖို့  အတွက် အတိတ်က အမှောင်ရိပ်ဆိုးကြီးကို ချေဖျက်ပေးဖို့  နောင်လာမဲ့ အုပ်ချုပ်သူ အစိုးရအဆက်ဆက် မှာလည်း တာဝန်ရှိပါတယ် တဲ့ ။ အတိုချုပ်ဆိုရရင်တော့. .. အတိတ်က အမှားအယွင်းတွေကို သင်ခန်းစာယူပြီး ၊တိုးတက်သာယာတဲ့ အနာဂါတ်ကို လျှောက်လှမ်းကြဖို့ ပြောကြားခဲ့တာပါပဲ ။
"We once lived in fear and gloom, but democracy arose like a beacon, to illuminate the dusty pages of the past, expose the truth, and preserve an indelible record of our historical experience."သတင်းအပြည့် အစုံ သေချာကြည့်လိုရင်တော့ ဒီနေရာမှာဆက်ကြည့်နိုင်ပါတယ် ။

ဒါကို ကြည့် ပြီး ကိုယ့်မွေးရပ်မြေ အမိမြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ အလားတူ အဖြစ်ဆိုးကြီးများ ကို အတိတ်ဆီမှာပဲ မှုန်ဝါးစွာ ချန်ရစ်ထားခဲ့ခြင်းမျိုးမဟုတ်ပဲ ၊ နိုင်ငံတော်မှ ဦးစီးပြီး အထိမ်းအမှတ် မျိုး၊ ပြုလုပ်ပေးနိုင်ဖို့  ဆန္ဒဖြစ်လာမိတယ် ။ ငွေ ၁၀ သိန်း ပေးယုံ နဲ့ သင်ပုန်းချေဖို့ ဆိုတာကတော့ ဘယ်လိုနည်းနဲ့မှ ဖြစ်နို်င်ဘွယ်ရာ မရှိပါဘူး ။ အပြစ်မဲ့ ပြည်သူတွေ ပေးဆပ်ခဲ့ရတဲ့ အသက် သွေး ချွေး ဘဝ တွေ အတွက် ထိုက်သင့်တဲ့ ဝန်ချ တောင်းပန်မှုများ ၊ အထိမ်းအမှတ် ပွဲများ၊ အညတြသူရဲကောင်းဗိမ္မာန် ၊ ပန်းခြံ စသဖြင့် အခင်းအကျင်းမျိုးများ ပေါ်ပေါက်စေချင်ပါတယ် ။ “ လွတ်လပ်မှ အမျှဝေပါ” လို့  ပြောကြားရင်း အသက်ပေးသွားခဲ့ကြသူတွေရဲ့  ဆန္ဒအတိုင်း ..အားလုံးအတွက် အမျှပေးဝေနိုင်စေချင်ပါတယ် ။

ဒါကတော့ 228 အထိမ်းအမှတ် ပန်းခြံ နဲ့ ကျောက်တိုင်ပါ ။ သမ္မတ ရုံး နဲ့  မနီးမဝေး ထိုင်ပေ မြို့ ထဲ မှာတည်ဆောက်ပေးထားပါတယ် ။

၂၀၁၂ /၂/၂၈ တွင် သမ္မတကြီးကိုယ်တိုင် ၂၂၈ အထိမ်းအမှတ်ကျောက်တိုင်မှာ ပန်းခွေချ အလေးပြုနေပုံ ။

ကျန်ရစ်သူ ဆွေမျိုးသားချင်းများအား တဦးချင်း ရင်းနှီးစွာ နှုတ်ဆက်နေပုံ။


စစ်မှန်တဲ့ ဒီမိုကရေစီကို အမှန်တကယ် ဖေါ်ဆောင်နေတယ်ဆိုရင်ဖြင့် ၊ လက်ရှိ ဖမ်းဆီး အကျဉ်းချ ခံနေရဆဲဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားများ အားလုံးကို ချွင်းချက် မရှိ အမြန်ဆုံး ပြန်လွှတ်ပေးသင့်တယ် ။ တိုင်းရင်းသားလူမျိုးစုများအပေါ် ဖိနှိပ် တိုက်ခိုက်နေဆဲ စစ်ပွဲများကို အမြန်ဆုံး ရပ်စဲပေးသင့်တယ် ။ ဒါတွေက ချက်ချင်း ပြုလုပ်ပေးလို့ ရတဲ့ အရာတွေပါ ။
ကျန်းမာရေး၊ ပညာရေး ၊ စီးပွားရေး၊ တရားဥပဒေ စိုးမိုးရေး စတဲ့ ဘက်ပေါင်းစုံ နိုင်ငံ တိုးတက် ပြောင်းလဲရေး ဆိုတာကတော့ ခု ရေတွင်းတူး ခုရေကြည်သောက်ချင်လို့  မရဘူး ဆိုသလို .. နတ်ရေကန်ထဲ ပစ်ချလိုက်သလို .. ချက်ချင်းကြီး ဖေါ်ဆောင်နိုင်မဲ့ အရာတွေ မဟုတ်လို့ .. တဆင့်ချင်းစီ ..လှမ်းတက်ကြရမှာ မို့  ဆန္ဒတွေ မစောသော်လည်း .အရှိန်အဟုန် နဲ့ ရှေ့ သို့ ချီတက်ကြရပါမယ် ။

ဖြစ်စေချင်တဲ့ ဆန္ဒလေးတခု .. ပီပီပြင်ပြင် ဖြစ်လာနိုင်စေဖို့  .. ဆုတောင်းနေရုံ နဲ့တော့ ဖြစ်လာမယ် မဟုတ်ပါဘူး ။ အုပ်ချုပ်သူ အစိုးရ နဲ့ အုပ်ချုပ်ခံသူ ပြည်သူ တွေ အားလုံး ငြိမ်းချမ်းစွာ အတူလက်တွဲလျှောက်လှမ်းကြ မှ သာ ၊ အဖက်ဖက်က နှစ်ပေါင်းများစွာ နောက်ကျကျန်နေခဲ့ပြီဖြစ်တဲ့ အမိ မြန်မာနိုင်ငံကြီးဟာ ကမ္ဘာ့ အလယ်မှာ ပြန်လည် ဦးမော့လာနိုင်မှာပဲ ဖြစ်ပါတယ်။

၈၈၈၈ အမှတ်တရ....

↧

တနေ့ တာ ကုသိုလ် ဝေမျှလိုသည် ။

$
0
0
စာမရေးဖြစ်တာ ကြာလှပေါ့.... မြန်မာပြည် ပြန်ရောက်တော့ အင်တာနက်လိုင်း မရှိတာကြောင့် တကြောင်း.. လိုင်း ရှိပြန်တော့ ကွန်နက်ရှင် မကောင်းတာကတကြောင်း ၊ ရေးချင်စိတ်မရှိတာက တကြောင်း .. အကြောင်း အမျိုးမျိုး ရှာ ပြီး ကိုယ့်ဘလော့လေးကို ပစ်ထား မိခဲ့ ပြန်ပါတယ် ။  á€á€Żá€œá€Šá€šá€¸ စာ ရှည်ရှည် ရေးဖို့  အားမရှိပြန် .. စိတ်မရှိပြန်တာကြောင့်  ကိုယ်တတ်နိုင်တဲ့ ဖက်ကနေပြီး မျက်နှာမွဲ ဆင်းရဲ လှတဲ့ ကျေးရွာ လူထု တချို့  ဆီ ကို သွားရောက်ပြီး ကျန်းမာရေး စောင့်ရှောက်မှု ပေးနေကြတဲ့ သူငယ်ချင်း တစု နဲ့ တနိုင် လုပ်အားပေး ဆေးကုပေးခဲ့ကြတဲ့ ပုံရိပ်အချို့ ကို ဖေါ်ပြရင်း အမှတ်တရ ကဗျာ မဆန် စာ မမှန် စာ ကြောင်း တိုလေး နဲ့ ပဲ အဆုံးသတ်လိုက်ပါတော့မယ်.. (တချို့လူနာ တွေများ... ခွဲစိတ်ဖို့ လိုအပ်နေတာ မြို့ ကြီး ဆေးရုံဆီ မသွားနိုင်လို့ ..ခန်မှန်း ခရီး စရိတ်၊ ခွဲစိတ်ကုသစရိတ် ပါ လှူခဲ့ကြရပါတယ် ။ ရေမလျှံတဲ့နေရာ မှာ ရေလှူရတဲ့ ကုသိုလ်မျိုးမို့  စိတ်ချမ်းသာစရာ ကောင်းလှပါတယ်။။)

တတ်သည့်ပညာ မနေသာ၍ 
 á€ąá€™á€áąá€Ź ဂရုဏာ စေတနာ ဆောင်း ၊ လုပ်အားပေါင်းကာ၊
ဆံထုံးလည်းစိုက် ဆီလည်းစိုက်ကြ
လက်လှမ်းမှီရာ ကျေးရွာများမှာ
မွဲတေထွေပြား ရောဂါများလှ
ကျန်းမာရေးခက် ဝမ်းရေးခက်သည့်

တို့ တိုင်းရင်းသား ပြည်သူများ တွက်
တနိုင်ဝန်ထမ်း တို့ လက်ကမ်းမည် ၊
ရေရှည် တည်တံ့ ပါစေသား..

မေတ္တာဖြင့်...
ကိကိ..
 á€á€Ťá€žá€”ဏ စေတနာတူရာ လုပ်ဖေါ်ကိုင်ဘက် သူငယ်ချင်း မိတ်ဆွေများ









↧
↧

အမှတ်တရ ကုသိုလ်တခု

$
0
0
နှစ်သစ်မင်္ဂလာပါ မိတ်ဆွေအပေါင်းတို့ ။

နေမကောင်း ၊ နက်မကောင်းလို့  လိုင်းမဝင်ရ ၊ ဖဘ အိမ်လည်မထွက်ဖြစ်တာ ၂ရက်ရှိသွားပြီ။

 á€”á€˝á€…á€šá€ąá€Ÿá€Źá€„á€šá€¸á€€á€Żá€”á€šá€á€Ťá€”á€Žá€¸ ပြုခဲ့တဲ့ ဒါနကုသိုလ်လေးတခုကို ပြန်လည်အမှတ်ရရင်း နှစ်သစ်ကို ကြိုဆို လိုက်ပါတယ်။

၂၉၊၁၁၊၂၀၁၃ မနက်စောစော ၆နာရီ၁၅မိနစ်... စုရပ်မှာ ဆုံကြ ၊ ပြီးခဲ့တဲ့ ၂ခေါက် တုံးက နေမကောင်းလို့  မလိုက်ဖြစ်တဲ့ စေတနာ့ဝန်ထမ်း ကျန်းမာရေး စောင့်ရှောက်မှုနှင့် ကုသမှု အဖွဲ့ နဲ့အတူ လုပ်အားပေး ခရီးတိုလေး ထွက်ဖြစ်တယ်။ စိတ်တူ ဝါသနာတူ မောင်နှမ တစု ဒီတခေါက်တော့ ဥက္ကံမြို့နယ်အတွင်းမှာရှိတဲ့ ဗျာဒ ရှေးဘုရားကြီးဝိုင်းအတွင်းရှိ ဘုန်းတော်ကြီးကျောင်းမှာ စုစည်းရောက်ရှိနေကြတဲ့ ကျေးရွာသူ ရွာသား များကို ကျန်းမာရေး စစ်ဆေး ကုသပေးခဲ့ကြတယ် ။





အခြေခံ ကျန်းမာရေးအသိပေးခြင်း ဆီးချို သွေးတိုး ရောဂါများ အကြောင်း ပြောကြား ဆွေးနွေးခဲ့ကြတယ် ။သွေးပေါင်ချိန်ပေးခြင်း၊ သွေးချို ပမာဏ တိုင်းပေးခြင်း စသဖြင့် စစ်ဆေးပေးခဲ့ကြတယ်။ခြေဖျား လက်ဖျားတွေ ထုံကျင်နေပြီး ရေငတ် ဆီးများ ခေါင်းမူး နေတဲ့လူလတ်ပိုင်း အမျိုးသမီးတဦးဆိုရင် သူ့ မှာ ဆီးချိုရောဂါ မရှိပါဘူးလို့  သူ့ ကိုယ်သူ ကောက်ချက်ချထားတာ၊ စိတ်မချလို့ ပါလာတဲ့ စက်ကလေးနဲ့ double check လုပ်ကြည့်တာ သွေးချိုပမာဏ အရမ်းတက်နေလို့ မြို့ နယ် ပြည်သူ့ ဆေးရုံမှာ ကုသဖို့ လွှဲပြောင်းပေးခဲ့ရတယ်။  

ကလေးငယ်တဦးမှာလည်း ချော်လဲလို့  လက်ကောက်ဝတ်အရိုးကျိုးခြင်း လက္ခဏာပြတဲ့အတွက် ရှေးဦးသူနာပြု ပြုစုနည်းနဲ့ပဲ ရှိတဲ့ ဆေးဘူးကပ်ထူပြားကို အနေတော် ခေါက်ချိုးပြီး ပတ်တီးစည်း splint သဘောမျိုးစည်းပေးပြီး ဆေးရုံမှာ လိုအပ်သလို ဆက်ကုဖို့  လွှဲပေးခဲ့ရတယ် ။ လောလောဆယ်ကိုယ်တွေ မတတ်နိုင်တဲ့ အရာတွေဆိုတော့ လိုအပ်သလို လွှဲပြောင်းပေးရတာပေါ့လေ။ လူနာအကျိုးအတွက်မဟုတ်လား။ ဒီလိုပဲ လူထုအကျိုးအတွက် တိုးတက်ရေးအတွက် လုပ်ရည်ကိုင်ရည်ရှိတဲ့သူလက်ထဲ လွှဲအပ်ဖို့ လိုမယ် ထင်တာပါပဲ။ ငါသာလျှင် ဆရာကြီးဝါဒနဲ့ အတင်းတွယ်ကပ်နေလို့  မသင့်တော်ဘူးပေါ့လေ။ပြောရင်းဆိုရင်း အနှောင့်အသွားမလွတ်တာတွေ ပါလာပြန်ပြီ။ လိုရင်းပဲ ဆက်ပြောပ့ါမယ်။

 á€œá€°á€”ဏစဲသဟဏးတဲအဥချိနယ နေ့လည် တနာရီခွဲ မှာ ဗိုက်ကလည်းဆာ ဘုန်းကြီးနဲ့ ရွာသာတွေ တည်ခင်းကျွေးမွေးတဲ့ ထမင်း ဟင်းကလည်း ကောင်းဆိုတော့ ကိုယ်တို့ အဖွဲ့ ခေါင်းမဖေါ်တမ်း စားလိုက်ကြတာ အားရပါးရပါပဲ။ တဦးကစေတနာ တဦးက မေတာ ဆိုတဲ့စကားသိပ်မှန်တာပဲလေ။လူနာ အဖွားတယောက်က သမီးလေးတို့ မျက်နှာကို မြင်လိုက်ရတော့ အမေကြီး ရောဂါ တဝက်သက်သာသွားပြီ ဆိုတဲ့ စကားကို နားနဲ့ ဆပ်ဆပ်ကြားလိုက်ရတာ ရင်ထဲ ပြောမပြတတ်တဲ့ ပီတိစိတ်လေး ဖြစ်ခဲ့မိတယ်။

 á€Ąá€›á€„ယတလုးကဆို ဒီလို စကားလုံးမျိုးက ရုပ်ရှင်တို့  ဇာတ်လမ်းပမာတို့  စာအုပ်ထဲမှာတို့ပဲ ကြားခဲ့ ဖတ်ခဲ့ဖူးတာကိုး ။ အ ချိန်လင့်မစိုးလို့  နောက်ထပ်လာတဲ့ လူနာတွေကို အမြန်စုပြီး အုပ်စုခွဲကြည့်ပြီးသကာလ ၂နာရီ ခွဲခါနီးတော့ ဘိုးဘွားရိပ်သာလေးတခုဆီကို ဆက်လက် သွားပြီး အဘိုး အဘွား ၂၇ ဦးကို ကြည့်ရှု ဆေးပေးကုသ ခဲ့ကြပါတယ်။ 
 



 á€Ľá€Žá€¸á€ąá€™á€Źá€„ယရလုး နဲ့ ဒေါ်ရင်ဆိုတဲ့ တရုပ်ဇနီးမောင်နှံ၂ဦး စတင် ထူထောင်ခဲ့တဲ့ လူအိုရုံလေးဟာ အနီးပါတ်ဝန်းကျင်က ဘဝနေဝင်ချိန်မှာ ချို့ တဲ့စွာ ဖြစ်နေကြတဲ့ လူအိုများအတွက် အားကိုး ခိုလှုံစရာ ရိပ်သာလေးအဖြစ် တည်နေခဲ့တာ နှစ်ပေါင်းအတော်ကြာပါပြီ ။အဲဒါကြောင့် အဘိုး အဘွားများ အသုံးတည့်မည့် ဆေးဝါး အချို့  နဲ့ တနေ့စာ စားစရိတ်ကိုလည်း လှူဒါန်းခဲ့ကြပါတယ် ။ရိပ်သာက ပြန်လည်ပြုစုလိုက်တဲ့ ကော်ဖီ မုန့်  များ ကိုလည်း င်္ထုးစံ မပျက် ပျော်ရွှင်စွာ သုံးဆောင်ခဲ့ကြသပေါ့။ မြန်မာ့ ဓလေ့ အတိုင်း ရင်းနှီးစွာ စေတနာ ထက်သန်မှု ရှိကြပုံလေးတွေက ချစ်ဖို့ အလွန်ကောင်းတာပဲလေ။ ကိုယ့် မရှိ ရှိတာလေး ချကျွေးတတ်ကြ၊ ပကာသန မဖက် ရိုးသား ပျူငှာတတ်ကြပေသကိုး။ ကိုယ့်ကို ကျွေးလို့  ပြောတာ မဟုတ်ရကြောင်းပါ ။



 á€ąá€”ဏကယတဖနယ ခရီးဆက်တာကတော့ အမည် မမှတ်မိတဲ့ ဘုန်းကြီးကျောင်း တဆောင်မှာ နေမကောင်းတဲ့ ဘုန်းဘုန်း ၄၊ ၅ ပါး နဲ့ လူအချို့ ကို ကြည့်ရှု ပေးခဲ့ကြတယ်။ ကိုယ်တို့ အဖွဲ့ထဲက အတက်ကြွဆုံး ဘုန်းဘုန်းတို့နဲ့ လျှောက်တင်စကားပြောရာမှာ အပြေပြစ်ဆုံးကတော့ ဒေါက်တာဒေါ်ကြူကြူဝင်းပါ ။ သူဟာ မြန်မာပြည်ဖွား ဘာသာခြား တဦးဖြစ်ပေမဲ့ ဘုန်းကြီး၊ ဘုရား များမှာ ရှိခိုးကန်တော့လေ့မရှိပေမဲ့ ကာလ ဒေသ လိုက်လျောညီထွေ နေထိုင် ကျင့်ကြံ တတ်ပါတယ်။ ဒီအချက်ကို ကြည့်ပြီး အခု လူတိုင်းနီးပါးနဲ့ ရှော့ ရှိနေတဲ့ သူတို့  ဘာသာဝင်တွေ ထဲ မှာလည်း လူသားဆန်သူတွေ ရှိနေသေးပါလားလို့  အသိအမှတ် ပြုမိပါတယ်။ 








 á€œá€°á€”ဏ်တဟကို ကြည့်ပြီး ချိန်က ညနေ ၅ နာရီထိုးခါနီးပေါ့ ။ အကယ်ဒမီ လိုက်ဖ်ရှိုး ကြည့်ဖို့ အားခဲထားကြတဲ့ အဖွဲ့ သားတွေလည်း အိမ်ကို အမြန်ပြန်ရောက်ချင်ကာမှ ကားလမ်းပိတ်တာကို မနည်း သည်းခံပြီး ကားပေါ်မှာ အိပ်ချင်ပြေ အချဉ်ထုတ်စားကြ အချိန်ကုန်မြန်တယ်ထင်ရအောင် စကားဝိုင်း ဖွဲ့ကြနဲ့ ပျော်စရာကြီးပါပဲ။ ဒီနှစ် အကဲဒမီ မှာ ဘယ်သူ ဘယ်ဝါ ရမယ် စသဖြင့် ကိုယ့်အကြိုက် သူ့ အကြိုက် အကြိတ်အနယ်ဆွေးနွေးနေလိုက်ကြတာ ကိုယ့်တယောက်ထဲ တေမိ ဖြစ်လို့ ၊ အကြောင်းရင်းကတော့ အဲဒီတစ်ကြိုကားတွေ တကားမှ ကိုယ်မကြည့်ဖူးပဲကိုး ။နောင်ဆို လူဝင်ဆန့်အောင် မြန်မာ ဇာတ်ကားတွေ မလွတ်တမ်း ကြည့် ရ မလို ဖြစ်နေတယ်။ 




ဟုတ်သေးပါဘူးလေ ၊ မကြည့်ဖြစ် တာလည်း တမျိုးကောင်းပါတယ် ။ ဒေါမနဿစိတ်တွေ မဖြစ်ရတော့ဘူးပေါ့ ။ အိမ်ပြန်ရောက်တော့ ည ၇ နာရီ ထိုး တော့မယ် ။ခွက်လန် အဲ လက်ပံ ဥ အဖွေးသားနဲ့ ကိုဇော် အမြှီးဖျားလေးတော့ တွေ့ လိုက် မြင်လိုက် ရပါသေးသကွယ် ။ အစိုလိုလို အခြောက်လိုလို ဝတ်ဆင် ပြင်ဆင် ထားကြသူတွေ နဲ့  အရူး အပေါ ရန်ဖြစ် စရိုက် သရုပ်ဖေါ်ကားအများစုက ဆု တွေ ရ သွားမှန်း သိလိုက်ရပြီး မြင်လိုက်ရ ပြီး တဲ့ အချိန်မှာတော့ ကုသိုလိဖြစ် ဆေးကုထွက်ကြတာ အကျိုှးရှိကြောင်း မှန်ကန်ကြောင်း ထပ်လောင်း အတည်ပြုမိလိုက်ပါတော့တယ် ။ကြုံလို့ ပြောမိတဲ့ ကြုံပြောလေးတွေတချို့ ကြောင့် စိတ်အခန့်မသင့် ဖြစ်သွားမိရင် သည်းခံတော်မူကြပါကုန်။နှစ်သစ်နဲ့အတူ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပြီး ဘေးဘယာဝေးကွာ လိုရာ ဆန္ဒ ပြည့်ဝကြပါစေ ကိုယ့်မိတ်ဆွေတို့ ။
↧

ဂွတီး ဂွကျ ....

$
0
0
တရုပ်လူမျိုးတွေ အတော့်ကို ဂွတီးဂွကျ နိုင်လွန်းတယ်။ စကားပြောတာ၊စာရေးတာ၊တွေးခေါ်တာတွေမှာ သူများတွေနဲ့မတူ ပြောင်းတိပြောင်းပြန်တွေ ရှိလွန်းတယ်။ အထာ မပေါက် တဲ့သူတွေ အတွက် ရယ်ရမလို ငိုရမလို အဖြစ်မျိုးတွေ ကိုယ်တွေ့ ကြုံ ခဲ့ရတာ မို့  ခုလိုပဲ ကောက်ချက်ချလိုက်မိပါတယ်။သူတို့  တိုင်းပြည်နေ သူတို့  ဆန်စား သူတို့ ရေသောက်ပြီး သူတို့ အကြောင်း မဟုတ်တရုတ် ပြောလိုက်တာ လို့ ယူဆနေသူများ ဒါလေးတွေ ဖတ်ကြည့်ကြပါအုံး။

ဦးစွာပထမ စာ အရေးအသားက အစ သူများနဲ့ မတူ ၊ ထော်လော်ကန့်လန့် ။ များသောအားဖြင့် ကမ္ဘာမြေကြီးပေါ်မှာ မှီတင်းနေထိုင်ကြသော လူမျိုးများစွာ ဘာသာ များစွာတို့ ဟာ အက္ခရာ စာပေ တွေကို စာရွက်ပေါ်မှာ ရေးကြတဲ့ အခါ အပေါ်ဆုံးလိုင်း ၊ ဘယ်မှစပြီး ညာ သို့ အလျှားလိုက် ရေးလေ့ရေးထ ရှိကြပါတယ်။ သူများနဲ့ မတူ တရုပ်စာတွေကျတော့ ညာဘက် အပေါ် ဆုံးဒေါင့်မှ အပေါ်အောက် ဒေါင်လိုက် ရေးတာ ရှိသလို ၊ ညာဘက်မှ ဘယ်ဘက်သို့ အလျှားလိုက် ရေးချတာတွေလည်း ရှိပါရဲ့။


ဒါကြောင့် စာတကြောင်းကို ဘယ်ဘက်မှ စဖတ်ရမလား ၊ ညာ ဘက်က စဖတ်ရ မလား မသိလို့ နားလည်မှု လွဲ အထင်လွဲ ခံရတာမျိုးလည်း ဖြစ်တတ်ပါသေးရဲ့လေ။ မြန်မာစာပေမှာ ကတ္တား၊ ကံ ၊ ဝါစက၊ ကြိယာ တွေ ကို သဒ္ဒါနည်း နဲ့ အညီရေးရတယ်။ အင်္ဂလိပ်စာမှာ လည်း Noun,Verb , Subject ,Object ဆို တာ တွေ နဲ့ အညီ စာတကြောင်း ဖွဲ့ရတယ်။ ဒါပေမဲ့ တရုပ်စာမှာ တော့ ဘာသဒ္ဒါ နည်းစနစ်မှ မလိုပါဘူး တဲ့။ ဂွကျပုံများ ... ဒါဆို ဘယ်စည်းကမ်းတွေ နဲ့ စာ ရေးကြသလည်း လို့  ဆိုတော့ ဒီလိုပဲ အဆင်ပြေသလို ရေးကြတာပဲ တဲ့လေ ။
ကဲ ဥပမာ တခု ပြောပြပါမယ်။ ကောင်လေးတယောက်က ကောင်မလေးတယောက်ကို စာရေးပြီး ဒီလိုပြောလိုက်တယ်။
ဗမာလိုရေး ပြောရရင်...“ နင့်ကို ငါ ချစ်တယ် ။ ဒါပေမဲ့ နင်က ငါ့ ကို မုန်း တယ်။”
အင်္ဂလိပ် လို ပြော ရင် ..“I love you but you hate me” ပေါ့ ။
တရုပ်လို ဆိုရင်တော့ “我 爱 你 但 你 恨 我”ပေါ့ ။ ဒါက ဘယ်ဘက်ကနေ စဖတ်တဲ့ ပုံစံ ကို ပြောတာ။ ..
ဒါပေမဲ့ ညာဘက်ကနေ စဖတ်လိုက်တဲ့ အခါကျ တော့ “ 我 恨 你 但 你 爱 我 ”ဖြစ်သွားရော ( ငါနင့်ကို မုန်းတယ် ဒါပေမဲ့ နင် က ငါ့ကို ချစ်တယ် ( I hate you but you love me )လို့ ဖြစ်မနေပေဘူးလား နော်။ ဒီလိုသာ သွားပြောမိလို့ ကတော့ ဟို မိန်းကလေး က ထပြီး ပါးမချလိုက်ရင် ကံကောင်း ပဲ။း))



စာအုပ်၊ သတင်းစာ ။ လှန်ပုံ လှန်နည်းကလည်း သူများနဲ့မတူ။ ဘာသာ လူမျိုး ပေါင်းစုံတို့ဟာ များသောအားဖြင့် စာအုပ်တအုပ် သတင်းစာတစောင် ကို ဖတ်မယ် စာရွက်တွေ လှန်မယ်ဆိုရင်လည်း ရှေ့ ဆုံးစာမျက်နှာကို ဘယ်ဘက်သို့ ဆွဲလှန်ပြီး နောက်တမျက်နှာဆက်ဖတ်ပေါ့နော် ။ ဂွတီးဂွကျ တရုပ်စာအုပ်တွေမှာ တော့ နောက်ဆုံး စာမျက်နှာ ကို ညာဘက်သို့ ဆွဲလှန်ပြီးတော့မှ နောက်တမျက်နှာ ဆက်ဖတ်ကြရတယ်လေ ။ ဒါကိုမသိတော့ အလှန်မတတ်တာကြောင့် လူရှေ့ သူရှေ့  အရှက်ကွဲခဲ့ရတဲ့ အဖြစ်လေးကို ပြန်တွေးမိလို့ ပြောပြအုံးမယ် ။

ဒီလူ့ ပြည်ဝပြည်ကြီး ကို မျက်စိသူငယ်နဲ့ ရောက်လာအပြီး များမကြာမှီ တနေ့ မှာ ပေါ့ ။ စာမတတ် အကန်းနဲ့တူ ဆိုသလို ဖြစ်နေမစိုးလို့ ဘူးသီးငပေါင်းကြော် ပဲပင်ပေါက် အညောက်ထွက် သလို ရှုပ်ရှက်ခတ်နေတဲ့ တရုပ်စာကို နဲနဲပါးပါးတော့ သင်အုံးမှပဲလို့ အတွေးဝင်လာတယ်။ ဒါနဲ့ တရုပ်စာသင်ဖို့ သင်တန်းတခု သွားတက်တယ် ။ ပထမ တရက်မှာ တရုပ်ဆရာမက အသံထွက် ပေါ ဖေါ မော ဖှော မှ စပြီး သံပြိုင်လိုက်ဆို ရတာပေါ့ ။နောက်တော့ လေ့ကျင့်ခန်း လုပ်ဖို့  စာမျက်နှာ ၁ ကို ဖွင့်ခိုင်းတယ်။ ၁ ကနေစပြီး ရွတ်ကြ ရေးကြ ပေါ့လေ။ သူများတတွေ လိုက်ဆို လို့  ခရီး အတော်ရောက်တဲ့ ထိ ကိုယ့်မှာ စာမျက်နှာ ၁ ရှာ မတွေ့ သေးဘူး ။ ဘေးကလူကို ကြည့်လိုက် ရှေ့ ကလူကို ခေါင်းစောင်းမျှော်လိုက်နဲ့ အလုပ်ရှုပ်နေတာကို ဆရာမ က မြင်သွားပါတယ် ။ ကိုယ့်နာမယ် ခေါ်ပြီး စာမျက်နှာ ၁ ဖွင့်လေ.. တဲ့ ( တကယ်ဆို အဲဒီ အချိန်က သူ့ အမူအရာကြည့်ပြီး နားလည်လိုက်တာပါ ။ ဘာတွေ ပြော နေလဲဆိုတာတော့ အတိအကျ မသိဘူးပေါ့)။ ဒါနဲ့ ခေါင်းခါ ပြလိုက်တယ် ။ ဘယ်လို ပြန်မေးရ မယ်မှန်းမှ မသိတာ ကိုး ။ ဆရာမ က သူပြောတာ မလုပ်ဖူးလို့ များ သဘောပေါက်သွားသလား မသိ ။သူ့  စာအုပ် ထောင်ပြပြီး လှန်ခိုင်းတော့တာပဲ ။ ဟယ် ခက်ပြီ ။စာအုပ်ကို ခါတိုင်းလှန်သလို ရှေ့ ဆုံးက လှန်တာပဲ ။ စာမျက်နှာ ၁ ကို မတွေ့ ပါဘူး ။ အဲဒီတော့ မှ ဘေးမှာထိုင်တဲ့ သူ တယောက်က ကိုယ့်စာအုပ်တအုပ်လုံးကို ဇတ်ကနဲ ပြောင်းပြန်လှန်ပြီး ဖွင့်ပေးတော့ မှ တွေ့ ပါပြီ ။ ဟိုးနောက်ဆုံးတရွက်က စာမျက်နှာ ၁ တဲ့လေ ။ အဲ့လို ဂွကျ တာ ပါ ။

ခုဆိုရင် ကမ္ဘာ့ နိုင်ငံတိုင်းလိုလို စီးပွားရေး ခြွတ်ခြုံကျ နေကြတယ် ။ ဒါပေမဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေးဆိုပြီး စာတမ်းဖတ်တာမျိုး လုပ်တယ်လို့ တော့ မကြားမိပါဘူး ။ စီးပွားရေး ဦးမော့အောင်လုပ်ကြတဲ့ နည်းလမ်းတွေ ကိုယ်တိုင်လည်း နားမလည် ။ ကမ္ဘာ့ ငွေကြေး စတော့ ရှယ်ယာ ကစားခြင်း ကိုလည်း နားမလည် ။ မစွန့်စားရဲ ။ ဘဏ်ထဲ ရှိတဲ့ ကိုယ့် လခလေး လိပ်နှုန်းနဲ့ တဖြေးဖြေး တက်လာလိုက် ၊ သုံးတာများတဲ့အချိန်ဆို ကွန်နက်ရှင် ကျသလို ဝုန်းကနဲ့ လျော့ကျသွားလိုက် နဲ့ ပဲ လခ ထုတ်ရက် မျှော်နေမိရတဲ့ အချိန်ကာလတွေ နှစ်လ တာရှည် ကြာခဲ့လေပြီပေါ့ ။

လုပ်ဖေါ်ကိုင်ဖက်တွေထဲမှာလည်း စတော့ရှယ်ယာ ကစားကြသူတွေ အများကြီးပါပဲ ။ တနေ့  တနေ့  သူတို့  ကြည့်နေလိုက်ကြတဲ့ ဈေးကွက် အတက်အကျ တီဗွီ အင်တာနက် လိုင်းတွေ မှာ ဂရပ်မျဉ်း အတက် အကျ တွေ ၊ အနီရောင် အစိမ်းရောင် မျဉ်း ဖြောင့် မျဉ်း ကောက်တွေ ကြည့်ရင်း ဘုမသိ ဘမသိ ကိုယ် လည်း ရောယောင် ပျော်တတ်လာတယ် ။ ဘယ်ဈေး ဘယ်လောက်တက်မှန်းမသိပေမဲ့ လုပ်ဖေါ်ကိုင်ဖက်တွေ သီချင်းတအေးအေး မြူးကြွနေတဲ့ သွက်လက်နေတဲ့ အချိန်ဆို ခန့်မှန်းတတ်လာတယ်။ ဒီနေ့  အခြေ အနေကောင်းတယ်ပေါ့လေ။ အဲ့ဒီနေ့တွေ နေ့ လည် နေ့ ခင်း ဆို အနည်းဆုံး အအေးလေး တခွက် တော့ တကာခံသူ ရှိတယ်ပေါ့လေ။ တခါတလေ ကံကောင်းတဲ့ ရက်ဆို ပီဇာလေး၊ ကြက်ကြော်လေး ကြိတ်ရသေးပေသကိုး ။အလကားရတာများ စားရတာ သိပ်အရသာရှိတာပါပဲ။
ဒါပေမဲ့ သူတို့  ဝယ်ထားတဲ့ စတော့ရှယ်ယာ ဈေးကျတဲ့ရက်ဆို ရင် တော့ ၊ ကိုယ့် ဟာကိုယ် အမှား မလုပ်မိအောင် သတိထား၊ ကြည့်ရှောင် ပေရော့ ပဲ ။ အဲလိုတက်ဈေးကျဈေးတွေကို နားလည်ဖို့ ရာကလည်း အတော်ကြီး ကြိုးစားပမ်းစား မှတ်မိအောင် လုပ်လိုက်ရသေးတယ်။ အကြောင်းကတော့ တက်ဈေး ကျဈေး ပြတဲ့ အနီမျဉ်းရယ် အစိမ်းမျဉ်းရယ် ကို ဂွတီးဂွကျ တရုပ်တွေက ကပြောင်းကပြန် သတ်မှတ်ထားကြလို့ပါပဲ ။ နိုင်ငံ အသီးသီးမှာ ကစားကြတဲ့ စတော့ရှယ်ယာ ဂရပ်မျဉ်းကြောင်းတွေ မှာ အတက် ဆိုရင် အစိမ်း ရောင်၊ အကျ ဆိုရင် အနီရောင် ပေါ့လေ ၊ တသမတ်ထဲ ဖေါ်ပြကြတယ် ။ သို့ ပေသော်လည်း ကိုရွှေတရုပ်တို့ က အတက်ကို အနီရောင် ၊ အကျ ကို အစိမ်းရောင်လို့  သတ်မှတ်ထားတယ်တဲ့လေ ။ပြောကို မပြောချင်တော့ဘူး။
ဒီအကြောင်း သေချာ မသိသေးခင် တနေ့မှာ တီဗွီမှန်သား တပြင်လုံးနီးပါး စိမ်းနေတာ တွေ့ တော့ ကိုယ်လည်း ကစားတာ မဟုတ်ပဲ အားရဝမ်းသာ နဲ့ အော်ပြော မိတယ် ။“ ဟေး... ဒီနေ့ တော့ ငါ ကံကောင်းတယ် စားဖို့  အသင့်ပြင်ထားတယ်” ဆိုတော့ သူတို့ လည်း တဟေးဟေး နဲ့ တီဗွီရှေ့ ကို ပြေးလာပြီး အကြည့် ၊ လက်မြန်တဲ့ တယောက်က ကိုယ့် ကျောကို ဗြန်းကနဲ မြည်အောင် ဗျောတီး ပါတော့တယ် ။“ ဟင် ။ နင်က ငါတို့ ရှုံးတာကို ဒီလောက် ပျော်နေရသလား ”တဲ့ ။ “ဟာ ဒုက္ခပါပဲ ။ ဒီတခါလည်း မှား ပြန် ပြီ ” လို့  ရယ်ကျဲကျဲ လုပ်နေတဲ့ ကိုယ့်ကို တွေ့ တော့ မှ သူတို့ လည်း ရယ်နိုင်ပါတော့တယ်။ တရုပ်မတယောက်က ပြောလိုက်သေးတယ်။ “မသေမချင်း မှတ်ထား ။ နီတာက ကောင်းတယ် ၊ စိမ်းတာက မကောင်းဘူး ”တဲ့ လေ..။ ဪ။ တရုပ်တွေများ အနီကို ဒီလောက်တောင်ကြိုက်တာ ပါလား ။ ဒါကြောင့် သူတို့ နတ်တွေမှာလည်း မျက်နှာနီနီ နတ်တွေ ၊ မည်းမည်းနတ်တွေ ၊ စိမ်းစိမ်း နတ်တွေအစုံ ရှိကြတာပဲ ထင်ပါရဲ့ ။ ဒီတော့ နတ်စိမ်းမျက်နှာကြီး ဖြတ်ကနဲ မြင်ယောင်မိလို့  မေးကြည့်လိုက်တယ်ပေါ့ ။ ဟင်..ဒါဆို ဟို မြောက် (寺廟=တရုပ်ဘုရားကျောင်း )ထဲက မျက်နှာစိမ်း နတ်ကြီးက မကောင်းဘူး ပေါ့ နော် . ဆိုတော့ တရုပ်မက “ဟယ်.. နင်တော့ ဒုက္ခရောက်တော့မယ် ။ နတ်ဆိုတာ တော့ အနီရော အစိမ်းရော အကုန်ကောင်းကြတာချည်းပဲ ”တဲ့။ သူတို့တွေ အများအားဖြင့်က နတ်ကိုးကွယ်ကြသူတွေ များတာကိုး..နတ်တွေ ပူဇော်ပသ ပွဲတွေ လည်း နှစ်စဉ် အကြီးအကျယ်လုပ်လေ့ရှိကြတယ် ။ ဝက်ကြီးတွေ ကြက်တွေ ဘဲတွေ အကောင်လိုက် ချက်ပြုတ်ပြီး နတ်ပူဇော်လေ့ရှိကြတယ်။ အိုး.. သူတို့ ဖာသာ ဘာနတ်ပဲ ပူဇော် ပူဇော် ကိုယ့်အတွက် အရေးမကြီးပါဘူး။ ပွဲတွေ ရှိတော့ စားရဝါးရတာ အမြတ်ပဲ မဟုတ်လား ။ ဒါက အနီ နဲ့ အစိမ်း သတ်မှတ်ပုံတွေ ကပြောင်းကပြန် ဖြစ်တာလေးတခု ပေါ့ ။

မီးပွိုင့် မှာ မီးနီ မီးစိမ်း မီးဝါ ဆိုတာ တကမ္ဘာ လုံး တူတူ ပဲ သတ်မှတ်ထားကြတာပါ ။မီးနီရင် ရပ် ၊ မီးဝါရင် သတိ ၊ အရှိန်လျှော့ ။ မီးစိမ်းရင် သွား ... ဒီ signal တွေက သိပြီးသားတွေ ပဲမဟုတ်ပါလား။ မီးဝါလို့  ပွိုင့်မှာရှိတဲ့ လူကူး မျဉ်းကျား မရောက်ခင် မျဉ်းဖြူကို ကျော်သွားမိရင်တောင် နောက်ပြန်ဆုတ်ဖို့  မနည်းလေ့ကျင့်ထားကြရတဲ့ ကိုယ်တို့  ရွှေပြည်သားတွေ ကို ဒီနေရာမှာ အတော်ချီးကျုးဖို့  ကောင်းပါတယ် ။ ဘာလို့ လည်းဆိုတာ သိကြမှာပါ ။ မီးပွိုင့်မှာ ချောင်းနေ ။ အဲလေ.. စောင့်နေကြတဲ့ ဆရာသမား ပရုပ်လုံးနဲ့ ဘဲဥ များ က ဒါမျိုးများဆို မျက်စိလျှင်မှလျှင် ။ ဝီစီသံ တရွှီးရွှီး နဲ့ အလုပ်တာဝန်ကို ကျေပြွန်ကြတော့တာပဲမို့  ဆင်ဖြူတော် လေးတွေ နေရင်း ထိုင်ရင်း မထွက် သွားရလေအောင် ယာဉ်စည်းကမ်းကို တကယ့်ကို တိတိကျကျ လိုက်နာလေ့ ရှိကြတယ်။ ( ဟဲဟဲ၊ ဘဲဥ တွေ မရှိတဲ့ အချိန်ဆိုရင်တော့ တမျိုးပေါ့လေ၊ ခုတော့ ရွှေဘဲဥတွေလည်း ခေတ်နဲ့ တပြေးညီ ခေတ်မှီ တိုးတက် လာကြပြီ ကြားတယ်။ အိုဗာစပိဒ် တို့ ၊ မီးနီဖြတ်တာတို့ ။ မရပ်ရတဲ့ နေရာ မှာ ရပ်ထားတာ တို့ ဆိုရင် ဓါတ်ပုံတွေ ရိုက်ပြီး ဒါဏ်တပ်နေကြပြီ ကြားပါတယ်။ နေပူထဲ ထွက်ပြီး ကားတားစရာမလိုတော့ဘူးပေါ့ ။ များများ မဆောင်ချင်သူတွေ လည်း ၅၁ လမ်းရုံး မော်တော်ယာဉ် ထိန်း ရဲ ကွန်ပြူတာခန်းကို သွားပြီး အလျှော့ အတင်းလုပ်လို့ ရပါသေးတယ်။ ဒါလိုမှ မဟုတ် ရင် လိုင်စင်ဝင်တဲ့ အခါ ကျတော့ အချိန်ကုန် ငွေကုန် လူပမ်း ဟိုဘက် ဒီဘက် ပြေးပေရော့ပဲ။ ဤကား... ..လမ်းကြုံတုံးဖေါက်သည်ချ သော ကိုယ်တွေ့  ၊ ကိုယ်တွေ့ .. )။
ဒီတိုင်းပြည် ဒီတရုပ်တွေ ကျတော့ မီးပွိုင့် signal အယူအဆက တမျိုး ။

တနေ့ မှာ သူငယ်ချင်း တရုပ်မ တယောက် မောင်းတဲ့ ကားကို ဘေးကထိုင်စီးပြီး စကားတပြောပြော လာလိုက်ကြတာ.. မီးပွိုင့် တခု အရောက်၊ မီးစိမ်း ကနေ မီးဝါ ရုတ်တရက် ပြောင်းသွားတယ် ။ တကယ်ဆိုရင် မိနစ် အချိန်ပြတဲ့ countdown timer တွေ ရှိနေတာ ကို သတိမထား မိလို့ ပါ ။ အဲဒီအချိန်မှာ မီးဝါကို ရုတ်တရက်တွေ့ လိုက်ရတဲ့ တရုပ်မက ဘာလုပ်တယ် ထင်သလည်း ။ လီဗာကို အသကုန် နင်းတော့တာပါပဲ ။ အမလေး ဘုရား ဘုရား မော်တော်ပီကယ် တော့ မရှိ ။ ဒါပေမဲ့ ပွိုင့်တိုင်းလိုလိုမှာ စီစီတီဗီ ကင်မရာတွေ တပ်ထားတာ ။ ဒုက္ခပါပဲ ဒါဏ်ငွေ ရိုက်ခံ ထိတော့ မယ် လို့  စိုးရိမ် မိတဲ့ အပြင် ၊ ဘယ်ကားနဲ့များ ဝင်ကြုံး မလည်း တွေးမိလို့  မျက်စိမှိတ်ပြီး အော် လိုက် မိတယ်။ အဲဒီတော့ ကားမောင်းနေတဲ့ တရုပ်မက “နင်ဘာဖြစ်တာလည်း ။ မီးဝါပြနေတာက မြန်မြန်မောင်းလို့  ပြောတာ လေ”.. တဲ့ ။ ဪ .. သူတို့  အယူအဆ နဲ့ သူတို့  ကျတော့ လည်း ဟန်ကိုကျလို့ ။ မရှောင်ရင်လွတ်တယ် ဆိုသလို အဲ့လို မြန်မြန် မောင်းလိုက်တော့လည်း မီးနီမမိ လွတ်သွားတာ တကယ်ပါပဲ ။ ( ကံကြီးပေလို့  ယာဉ်တိုက်မှုမဖြစ်ပဲ လွတ်သွားတာ မို့  နောင် မှာ အဲဒီ ဂွတီးဂွကျ တရုပ်မ မောင်းတဲ့ကားဆို ဘယ်တော့ မှ လိုက်မစီး ဖြစ်တော့ပါ ဘူး ။ အသက်ကို ဥာဏ်စောင့်တယ် မဟုတ်ပါလား)..

အရောင် နဲ့ ပတ်သက်ပြီး နောက်တခု ဂွတီးဂွကျ ဖြစ်ရတာ ရှိသေးတယ် ။ အနီကြိုက်တဲ့ တရုပ်တွေရဲ့  မင်္ဂလာ အခမ်းအနားတွေမှာ ရဲရဲတောက်အောင်နီကြပြန်ပေတယ် ။ မင်္ဂလာ လက်ဖွဲ့ပေးတဲ့ စာအိတ်ဆို လည်း အနီမှ ။ ဒါကို နားမလည်တဲ့ အကျွန်ုပ်ခမျာ ၊တနေ့မှာ မင်္ဂလာဆောင်သွားရောက်ဖို့ အကြောင်းရယ်က ဖန်လာပြန်တယ်။ မလွှဲသာ မရှောင်သာ မသွားလို့ လည်း မကောင်းတာမို့  လွယ်လွယ်ကူကူဖြစ်အောင် လက်ဖွဲ့ ငွေပဲ ထဲ့မယ်ပေါ့ ။ဒီလိုနဲ့ ရွှေပြည်ကြီးက ထုံးစံအတိုင်း စာအိတ်ဖြူလှလှလေး ထဲ လက်ဖွဲ့ ငွေကိုထဲ့ပြီးသွားမိပါလေရော ။တော်သေးတယ် ၊ မင်္ဂလာ အခမ်းအနား မရောက်ခင်မှာပဲ သူငယ်ချင်းတရုပ်မက နင် လက်ဖွဲ့ငွေ ဘယ်လောက်ထဲ့သလည်း စပ်စုမိပေလို့ ပဲ။ နို့ မို့ ဆို လူကြားထဲ မျက်နှာပျက်ရပေအုံးမယ်။ ဪ။ ဒီပြည်ကြီးမှာ ဒီလူမျိုးတွေက စာအိတ်ဖြူဆိုတာ အသုဘအကူငွေကို ထဲ့ကြတာ တဲ့လေ ။ အဲ့ဒီနောက်မှာ တော့ စာအိတ်နီ 紅包 , နဲ့ စာအိတ်ဖြူ 白包 တို့အားခွဲခြား အသုံးချပုံတွေ ကို အရိုးစွဲ တဲ့ထိ မှတ်လို့ သာ ထားလိုက်ရပေတော့သဗျိုး ။

ဂွတီးဂွကျ နိုင်လှတဲ့ တရုပ် လူမျိုးတွေရဲ့  ထုံးစံ တွေးခေါ်ပုံများ နောင် အလျဉ်းသင့်တာရှိရင် ဆက်ပြီး ဖေါက်သည်ချပါအုံးမယ် ။ခုလောလောဆယ်မှာတော့ တံငါနားနီး တံငါ ဆိုသလို ကိုယ်တိုင်လည်း ဂွကျ သူများ နဲ့နီးတော့ ဂွကျကျဖြစ်နေပြီလား လို့  လည်း ကိုယ့်ကိုယ်ကို ပြန်လည် ဆန်းစစ်နေမိပါတယ်။

မိတ်ဆွေ အပေါင်းတို့ မှာ ရော၊ ဂွတီးဂွကျ အတွေးတွေ အမြင်တွေ အပြုအမူတွေများ ရှိနေပြီလား....

အားလုံး ချမ်းမြေ့  ရွှင်လန်းကြပါစေ ။
↧

ပုခုံးဆစ်ရယ်က တဖြစ်ဖြစ်ကိုက်တယ်ကွဲ့ ..

$
0
0
စာရေးရမှာ ပျင်းတာရော ၊ ရေးဖို့ ရာ အကြောင်း ထူးထွေ မရှိတာကြောင့် ရော ဘာ ပို့စ် မှ မရေးဖြစ်တာ အတော်ကြာပြီင်္ ပေါ့ ။ နောက် အကြောင်းတရပ်ကတော့ ညောင်းညာ ကိုက်ခဲ ဝေဒနာ တခုကြောင့် လည်း စာ မရေးချင် မရေးနိုင် ဖြစ်နေပါတယ် ။ ကိုယ့် ဝေဒနာ ကိုယ်ပြန်စမ်းစစ်ကြည့်လိုက်တော့ အသက်ကလေးရယ် ကထောက်တာ တကြောင်း၊ အစားအသောက် မဆင်ခြင်တာ တကြောင်း ၊ အနေ အထိုင် မတတ်တာတကြောင်း တို့ ကြောင့် ဖြစ်လာရတဲ့ ဝေဒနာ လေးမျှသာပါပဲ ။ အသက်နဲ့ အဝေးကြီး ပေမဲ့ နေရထိုင်ရ လှုပ်ရှားရတာ ကသိကအောင့် နဲနဲပါးပါးတော့ ဖြစ်တဲ့ ဝေဒနာ ၊ frozen-shoulder( ခေါ်) adhesive capsulitis  ၊ မြန်မာလို အနီးစပ်ဆုံးဘာသာပြန်ရရင် ပခုံးအဆစ် အရွတ် အေးခဲခြင်း သို့မဟုတ် ယောင်ယမ်းကိုက်ခဲခြင်း လို့ ခေါ်ဆိုရမယ် ထင်ပါတယ်။ဘယ်သူမှ ရှောင်လွဲလို့ မရတဲ့ “ အို၊နာ၊ သေ ”  ဖြစ်စဉ်အရ သင်လည်း တနေ့ နာ ရအုံးမှာ အမှန်ပါပဲ ။ နာကျင်မှု အနည်း အများကတော့ ကိုယ့်ပေါ်တည်ပါတယ်။ တချို့လည်း ဒီလို မဲ့ပြုံးပြီး နာတတ်ကြတယ် ။
( ဖွားကိက ဒီပုံမှာ ပြထားတဲ့ မော်ဒယ်ဂဲလ်လေးထက် အဆတစ်ထောင်မျှ ပို ချောပါတယ်..း))

အပေါ်ယံ အရေပြားတထောက်သာ ချောလှနေကြပေမဲ့ အပုပ်ကောင်ရုပ်ဆောင်နေကြတာကို တရားသဘောအရကြည့်မြင်တတ်ကြရင် အတွင်းကျကျ ဆက်ကြည့်နိုင်ကြပါတယ် ။ချောချောလှလှ ပုခုံးလေးရဲ့ အတွင်းမှာ တော့ ဒီလိုပုံပါ ။အရိုး၊ အရွတ်တွေ အမြှေးတွေ နဲ့ တကယ့်တကယ်ဆို ဘယ်လိုမှ အမြင်မလှပါဘူး ။



ပုခုံးဆစ်အေးခဲခြင်း (frozen-shoulder  သို့မဟုတ်
adhesive capsulitis  ) အလွယ်တကူ ဆိုရရင် ပုခုံးဆစ်နာခြင်း ဟာ အဆစ်ထဲမှာ ရှိတဲ့ အရွတ် ကြွက်သားမျှောင်း အမြှေးအိတ် စသည်တို့  မှာ မတော်တဆ ထိခိုက်ဒါဏ်ရာ ရတဲ့အခါ သို့မဟုတ် ယောင်ယမ်းခြင်း တို့ ကြောင့် ဖြစ်လာရတဲ့ နောက်ဆက်တွဲဝေဒနာ တခုပါ ။ အသက်အရွယ် ကြီး လာတာနဲ့ အမျှ အဆစ်မှာ တွယ်ကပ်နေကြတဲ့ အရွတ် အကြော ကြွက်သား တို့လည်း တင်းမာလာတတ်ကြတယ် ။ အဆစ်ထဲမှာ ရှိတဲ့ ဂျယ်လီလို အရည်တမျိုး ( synovial fluid) ဟာလည်း လျော့နည်းလာတတ်ကြတယ် ။ ဒီတော့ frozen-shoulder ဖြစ်ဖို့ အခြေအနေပေးလာတယ်။

ပုခုံးဆစ်နာတဲ့ရောဂါဟာ တခါတရံမှာ သူ့ ချည်းသက်သက်ဖြစ်တတ်ပြီး တခါတရံမှာ ကျောရိုးဆစ် ၊ လည်ပင်းဆစ် အကြောအရွတ်နာကျင်မှုတွေနဲ့ အတူတူ တပြိုင်ထဲ ဖြစ်တတ်ပါတယ်..။ ကွန်ပြူတာ ကြာရှည်သုံးရာမှာ ပုံစံမှန်စွာ မထိုင်သောသူများ အထူးဂရုပြုဖို့ လိုပါတယ်။
လည်ပင်းဆစ် နာတဲ့ အကြောင်းကို နောက်မှ သပ်သပ်ပြောပါမယ်။ ခု ဦးဆုံး ပုခုံးဆစ် အကြောင်းပဲ ပြောကြရအောင်။

ပုခုံးဆစ်ရဲ့ ဖွဲ့ စည်းပုံ ကို အနဲအကျဉ်း သိမှ နာကျင်ခြင်း အကြောင်းကို ပို သိနားလည်လွယ်မှာပါ။
ပုံမှာ ပြထားတဲ့ အတိုင်း ပုခုံးဆစ်ရဲ့ ဖွဲ့စည်းပုံ အလွယ်တကူပြောရရင် ရှေ့ မှာ ကော်လာရိုး ခေါ် ညှပ်ရိုး ( Clavicle) ၊ နောက်မှာ လက်ပြင်ရိုး( Scapular) ၊ ဘေးမှာ လက်မောင်းရိုး( Humerus) တို့  ရှိပါတယ်။ သူ့ ကို ကြွက်သား တွေ ၊ အရွတ်တွေ နဲ့ တွယ်ဆက်ထားကြတယ်။


ပုခုံးဆစ်တွေ ဘာကြောင့်နာလာရတာလည်း ။

အဓိက အကြောင်းရင်းကတော့ ယောင်ယမ်းခြင်း( Inflammation ) ကြောင့်ပါပဲ
။ ။ ( အပေါ်ပုံမှာ အပြာရောင် နဲ့ ကွင်းပြထားတဲ့) ၊ အရိုး ၃ ခု ရဲ့ အလယ်မှာ ညပ်နေသလို နေရတဲ့ ကြွက်သားနဲ့ အရွတ် ဟာ တခါတရံမှာ( ဥပမာ- အပြင်းအထန် လှုပ်ရှားမိတဲ့ အခါ ၊ဒါမှ မဟုတ် ထိခိုက်ဒါဏ်ရာရတဲ့ အခါ ) ယောင်ယမ်းလာတတ်တယ် ၊ အဲ့ဒီအခါကျရင် အနည်းငယ် လှုပ်ရှားလိုက်တာနဲ့ ပုခုံးဟာမခံမရပ်နိုင်အောင် နာကျင်တတ်တယ်။ ပုံမှာအနီရောင်နဲ့ ပြထားသလို အလယ်အလတ် အမြင့်လောက် မြှောက်မိရင် ကြွက်သားဟာ ဖိညပ်ခံရလို့ ပိုပြီး နာတတ်တယ်။




ပုခုံးဆစ်တွေ နာလာရင် ဘယ်လို လုပ်ကြမလည်း။

( 1 ) Analgesic -ချက်ချင်းလတ်တလောဖြစ်တဲ့ ယောင်ယမ်းခြင်း (Acute Inflammation )ကိုတော့ အကိုက်အခဲပျောက်ဆေး စားခြင်း၊ အပြင်းအထန် နာကျင်နေရင်တော့ အကိုက်အခဲပျောက်ဆေး ထိုးခြင်းဖြင့် သက်သာစေနိုင်ပါတယ် ။

(2)Heat - အဲ့ဒီနောက်မှာ နာနေတဲ့ အဆစ်ကို
နာတဲ့ပုခုံးဆစ် ကို ဦးစွာ ရေနွေးအိပ် (သို့) ရေနွေးစိမ်ပြီးညှစ်ထားတဲ့ မျက်နှာသုပ်ပုဝါ နဲ့ ၅ မိနစ်မျှ အုပ်ပေးပါ ။ ( တကယ်လို့  ထိခိုက်ဒါဏ်ရာရပြီးပြီးချင်း ဆိုရင်တော့ ၂ရက်အတွင်းမှာ ၄နာရီမှ ၆နာရီခြားပြီး ၁၅ မိနစ်စီ၊ ရေခဲအုပ်ရပါမယ် ။အဲ့ဒီအချိန်မှာတော့ ဒီလို လေ့ကျင့်ခန်း လုပ်ဖို့  မသင့်တော်သေးပါဘူး ။ အယောင် လျော့တဲ့အထိ အကိုက်အခဲ ပျောက်ဆေး စား ပြီး ၊ အနားယူ၊ ပြီးမှသာ လုပ်သင့်ပါတယ် )

(3) Position- အနေအထားမမှန်လို့ ဖြစ်တာ ဆိုတော့ နာနေတဲ့ ပုခုံးကို အနားပေးရပါမယ်။ လက်မောင်းကို ဘေးတိုက် အပေါ်အောက် မြှောက်ခြင်း ချခြင်းတွေကို ပြင်းထန်စွာ မပြုလုပ်သင့်သေးပါဘူး..

(4) Exercise -ပုခုံးနာနေရင် ဘယ်လို လေ့ကျင့်ခန်းလုပ်မလည်း..
လေ့ကျင့်ခန်း လုပ်နည်းများစွာ ရှိပါတယ် ။ အလွယ်တကူ လုပ်နည်း တချို့ ကို နောက်ဖက်မှာ အသေးစိတ် ဖေါက်သည်ချပါမယ် ။

(5) Injection - နာကျင်ယောင်ယမ်းနေတာဟာ ဆေးထိုး ဆေးစားလို့ မှ မပျောက်ပဲ ပြင်းထန်စွာခံစားနေရပါက အဆစ်ထဲသို့ Steroid ပါတဲ့ ဆေးမျိုးထိုးပေးလို့ရပါသေးတယ် ၊ ဒီနည်းကိုတော့ ကျွမ်းကျင်သူဆရာဝန်များဖြင့်သာ ကုသမှု ခံယူသင့်ပါတယ်။



(6) Physiotherpy-မကြာခဏ နာတတ်နေပြီဆိုရင်တော့ လေ့ကျင့်ခန်းနဲ့ တွဲဖက်ပြီး ဒီလို စက်ကိရိယာကူညီအသုံးပြုခြင်းနည်းဖြင့် သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ပုံအချို့  ပြထားပါတယ်။


ဒါက Short Wave Theraphy ပါ ။



ဒီပုံက Ultrasound Theraphy ပါ။



ဒီပုံကတော့ Vibration Wave Theraphy ပါ


(7) Surgery - ခွဲစိပ်ကုသခြင်း -ဒါကတော့ အပေါ်ကနည်းတွေနဲ့ မပျောက်မှသာ နောက်ဆုံးအဆင့် မှ စဉ်းစားကုသဖို့ ပါ ။


ပုခုံးဆစ်နာနေရင် လုပ်လို့ရတဲ့ လေ့ကျင့်ခန်းများထဲမှ အလွယ်တကူ နည်းများ -

Weighted pendulum stretch
  ခါးအနဲငယ် ကိုင်းပြီး နာတဲ့ ပုခုံးဆစ်ရှိတဲ့ လက်မောင်းကို အောက်ဖက် တွဲလောင်းချပြီး နာရီချိန်သီး လွှဲသလို ရှေ့ နောက် လွှဲပေးပါ ။ ထို့နောက် ဘယ်ညာ ဘေးတိုက် ၊ အဝိုင်းပုံ စသဖြင့် လှုပ်ရှားပေးပါ ( အကွာ အဝေး သိပ်အဝေးကြီး လွှဲရန်မလို ။ ၁ ပေ အကွာ လောက်သာ လွှဲပေးပါ ။ အခါ ၂၀ မျှလွှဲ ပါ ။အဆစ်နာကျင်မှု ရှိလာရင်တော့ လှုပ်ရှားမှုတွေ ရပ်လိုက်ပါ ) ။
ဒီလေ့ကျင့်ခန်းကို တနေ့ မှာ ၂ ကြိမ် မျှ လုပ်နိုင်ပါတယ် ။ ဒီလို လုပ်ပေးခြင်းဖြင့် တောင့်တင်းနေတဲ့ အကြော အရွတ်တွေ ပြေလျှော့စေပါတယ် ။

ရက် အနည်းငယ်ကြာလာတဲ့အခါ လက်ထဲမှာ ၁ပေါင်မှ ၂ပေါင်ခန့် ရှိတဲ့ အလေးချိန်တခု ( ဥပမာ ရေ ထဲ့ထားတဲ့ သောက်ရေသန့်ဘူး သေး တဘူး ) ကိုင်ပြီး အထက်မှ လှုပ်ရှားမှု များ အတိုင်း လှုပ်ပေးပါ ။

အဲ့ဒီ လေ့ကျင့်ခန်းပြီးရင် Passive stretching exercisesခေါ်တဲ့ အောက်ပါ လေ့ကျင့်ခန်းများ ဆက်လုပ်ပါ ။

Armpit stretch - ကောင်းနေတဲ့လက်တဖက် အကူအညီနဲ့ နာနေတဲ့လက်ကို မပြီး ၊ ပုခုံးထက်နိမ့်တဲ့ စားပွဲ မျက်နှာပြင်ပေါ် တင်ပါ ။ ပြီးရင် ပုံမှာ ပြထားသလို နာနေတဲ့ပုခုံး လက်မောင်းကို အထက်သို့ အနည်းငယ် ကြွ ပေးပါ။


Finger walk - နံရံအနား တထွာခန့်အကွာ မျက်နှာအပ်ပြီး ပုံမှာပြထားသလို လက်ချောင်းများအပေါ်သို့ရွှေ့ ပေးခြင်းဖြင့် လက်မောင်းကို ပုခုံး ထက်မြင့်အောင် ဖြေးဖြေးချင်း ပင့်တင်ပေးပါ ။


ဒီအောက်က ပုံလေးတွေ အတိုင်း လှဲရင်း၊ရပ်ရင်း လက်လွှဲ လှုပ်ရှားလို့လည်းရပါတယ်။


ဒါ့အပြင်  အောက်မှာ ပြထားသလိုမျိုးတွေလုပ်နိုင်ပါသေးတယ်။



Towel stretch- မျက်နှာသုပ်ပုဝါအသေးကို ပုံမှာ ပြထားသလို ကောင်းသောလက်က အပေါ်မှ ကိုင်ပြီး နာနေသော ဖက်မှ လက်က အောက်မှ ကိုင်ကာ အထက်အောက် ဆွဲတင် ဆွဲချ လုပ်ပေးပါ ။ မျက်နှာသုတ်ပုဝါအား ၄၅ ဒီဂရီစောင်းအောင် ကိုင်ပြီး ဆွဲပါ။ ထို့ နောက် ရေပြင်ညီ အတိုင်း ဘေးတိုက် ဆွဲပေးပါ ။( တချို့ လည်း ရှေ့ တပုံမှာ ပြထားသလို အထက်အောက် ဆွဲကြပါတယ်)

Outward rotation exercise-
ပုံမှာပြထားသလို မျက်နှာသုတ်ပုဝါတခုကို လက်မောင်းနဲ့ကိုယ်လုံးအကြားခံထားပြီး ၉၀ ဒီဂရီ တံတောင်ဆစ်ကွေး အနေအထား ဖြင့် ရေပြင်ညီမျက်နှာပြင်အတိုင်း လက်နှစ်ဖက်ဖြင့် သားရေပတ်အား တင်းအောင် ဆွဲကိုင်ထားပါ။ ပြီးလျှင် နာနေသောပုခုံးဘက်ရှိ တံတောင်ဆစ် ကွေးမှ နေပြီး လက်မောင်းအား အပြင်သို့ ဆွဲလှည့်ပါ .၃လက်မ အကွာအဝေးလောက်ရောက်လျှင် ၅စက္ကန့်မျှ ထိန်းကိုင်ထားပါ ။ ထိုသို့  ၁၀ ခါမျှ ၁၅ခါထိ ပြုလုပ်ပါ ။



Inward rotation exercise- ထို့နည်းတုစွာ သားရေပတ်အား တံခါးလက်ကိုင်သို့မဟုတ် သင့်တော်တဲ့ အမြင့် ရှိတဲ့နေရာမှာချိတ်ပြီး လက်မောင်းအား အတွင်းသို့  ဆွဲလှည့်သောနည်းကိုပြုလုပ်ပါ ။



သို့မဟုတ် ဤပုံအတိုင်း လက်မောင်းကို ဆန့်ကျင်ဖက် လားရာများအတိုင်း အတွင်း နှင့် အပြင်သို့ တင်းအောင် ဆွဲလှည့်ခြင်း လေ့ကျင့်ခန်းမျိုး လုပ်နိုင်ပါတယ်။



Lifting exercise- ထို့နောက် ပုံမှာပြထားသလို သားရေပတ်ကို တံတောင်ဆစ်ကွေးမှာ စွပ်ပြီး လက်မောင်းကို ၅လက်မ ခန့် အကွာသို့ ဘေးတိုက် မြှောက်ပေးပြီး ၅စက္ကန့်မျှ တင်းထား တဲ့ လေ့ကျင့်ခန်း ကိုလုပ်ပေးပါ။


ဒီလို လေ့ကျင့်ခန်းတွေကို ပုခုံးဆစ် နာတတ်သူများအနေနဲ့ ရေရှည်လုပ်သွားနိုင်ပါတယ်။ဒါဆိုရင် သင့်ပုခုံးဆစ် နောက်ထပ် တကြိမ် ထပ်ယောင်ဖို့ အခွင့်အရေး နဲသွားပါမယ်။

ပုခုံးရိုး အဆစ်တွေရဲ့ ဖွဲ့ စည်း လှုပ်ရှား ပုံ လေး ကို ဒီနေရာ မှာရှင်းလင်းစွာ ကြည့်နိုင်ပါတယ် ။


ဒါလေးကတော့ ပခုံးအဆစ် အရွတ် အေးခဲခြင်းမှ ကာကွယ်ရန် အတွက် လေ့ကျင့်ခန်းလေးပါ
။ ဗီဒီယို ပုံ နဲ့ဆိုတော့ လိုက်လုပ်ရတာ အဆင်ပြေပါတယ်။ ရှည်ရှည်ဝေးဝေး ရေးနေ ဖတ်နေစရာ မလိုတော့ဘုးပေါ့ ။


အချက်အလက်နဲ့ ပုံများကို ဒီနေရာ။များ မှရယူပါတယ်။

တချို့ ပုံတွေကတော့ အလုပ်ဌာန အတွင်းမှ ယူထားတာပါ။ လည်ပင်းဆစ် ကျောရိုးဆစ်တွေနာကျင်တဲ့ အကြောင်း နောက်မှ သပ်သပ် ဖေါက်သည်ချပါမယ်။

ဆက်စပ်နေတဲ့ နာကျင်မှုတချို့ ကို ဒီနေရာ တွေ ၁နဲ့ ၂မှာ ဖတ်နိုင်ပါသေးတယ်။

နာကျင်မှုဒုက္ခများမှ အတတ်နိုင်ဆုံးကင်းဝေးနေထိုင်နိုင်ကြပါစေ။

↧

ဇက်ကြောတက်တယ် ၊ ခါးနာတယ် ...

$
0
0
နာကျင်တာလေးတွေ ဆက်ကြရအောင် ။ရုပ် နာမ် နှစ်ပါး ပေါင်းစပ်ထားတဲ့ ကျွန်ုပ်တို့ ရဲ့ ခန္ဓာကြီးဟာ လည်း တရားသဘောနဲ့ကြည့်ရင် ဘာမှ မမြဲပါဘူး ၊ ဖြစ်ပျက် အစဉ်အရ ဖြစ်ပေါ် တည်ဆောက်လာပြီးတဲ့နောက် ဟောင်းဆွေး အိုမင်း နာကျင် ပျက်စီးခြင်းတွေ နဲ့ တွေ့ ကြုံရတာပါပဲ။ ပထဝီ တေဇော အာပေါ ဝါယော ဓါတ်ကြီး လေးပါး နဲ့တည်ဆောက်ထားတဲ့ ရုပ်ခန္ဓာကြီးမှာ အသား၊ အရေ၊အကြော ၊ အဆစ်၊အူ၊ ကလီစာ အင်္ဂါရပ်ပေါင်းများစွာပါဝင်ပါတယ်။ ပုံမှန်လူသားတယောက်မှာ အရိုးပေါင်း ၂၀၆ ခုရှိပြီး အရိုးတခုနဲ့တခုကို ဆက်ထားတဲ့အရာကို တော့ အဆစ် ( Joint) လို့ခေါ်ကြတယ်။ဒီလို အရိုး အဆစ်တွေ အများကြီး ရှိတဲ့အထဲက အတော်များများ နာတတ်ကြတာကတော့ ကျောရိုးဆစ်တွေပေါ့ ။ အဲ့ဒီ ထဲမှာ မှ လည်ပင်းနဲ့ခါးဆစ်တွေမှာ နာတတ်တာတွေ ပိုများပါတယ်။
ကျောရိုးဆစ် Vertebra column မှာ ဘယ်ပုံဘယ်နည်း နာကျင်တတ်ပြီး ကုသမှုတွေပေး လေ့ကျင့်ခန်းတွေလုပ်ရတဲ့ အခါ ပိုပြီး ရှင်းလင်း မြင်လွယ် နားလည်လွယ်အောင် သူ့ ရဲ့ တည်ဆောက် ဖွဲ့စည်းပုံလေး ကို အခြေခံ သဘောလောက် တင်ပြပေးပါမယ်။

ကျောရိုးဆစ်( Vertebra column )ဟာ တဖြောင့်မတ်မတ် မဟုတ်ပဲ S ပုံသဏ္ဍန် အနဲငယ် ဝိုက်ပြီး ကွေးနေပါတယ် ။ သူ့ မှာ ရှိတဲ့ အဆစ်တွေကတော့
-လည်ပင်းရိုး ၇ ဆစ် ၊ Cervical 1-7
-ရင်ခေါင်းရိုး ၁၂ ဆစ် ၊ Thoracic 1-12
-ခါးရိုး ၅ ဆစ် ၊ Lumbar L1-5
-တင်ပါးရိုး ၅ဆစ် Sacrum S1-5 နဲ့ မြီးညောင့်ရိုးဆစ် ၄ဆစ် Coccyx တို့ရှိကြပါတယ်။ အဲဒီအထဲမှာမှ တင်ပါးရိုးနဲ့ မြီးညောင့်ရိုးတို့ ဟာ အလွယ်တကူ ကွေးဆန့်လှုပ်ရှားလို့မရအောင် ပေါင်းဆက်နေကြပါတယ်။ ဒီပုံမှာ ပြထားသလိုမျိုးပါ။


အဲ့ဒီ အဆစ်တွေကြားမှာ Intervertebral disc ခေါ်တဲ့ အရိုးနူအပြားလေးတွေက ကူရှင်လို သဘောမျိုး ခုခံပေးထားခြင်းအားဖြင့် အရိုးဆစ် တခုနဲ့တခု ပွတ်တိုက် ပွန်းပဲ့ခြင်းမှ ကာကွယ်ပေးထားပါတယ်။


အရိုးဆစ် တခုခြင်းကို ကြည့်ရင် ကိုယ်ထည် နဲ့ ဘေးက လက်တံတွေ ပေါင်းစပ်ထားပြီး အလယ်မှာ အကွင်းလိုက်လေးတွေ ရှိပြီး ဒီအကွင်းတွေဟာ ဗဟိုအာရုံကြောမကြီး Spinal Cord အတွက် နေရာပါ။ ကိုယ်ခန္ဓာတခုလုံးကိုယ်ထိန်းချုပ်ထားတဲ့ အာရုံကြောတွေဟာ ဦးနှောက်မှတဆင့် ဒီ ဗဟိုအာရုံကြောမကြီး အနေနဲ့ ခြေလက် အင်္ဂါအဖွဲ့အစည်းတွေဆီသွားရောက်ပြီး အာရုံခံစားခြင်း လှုပ်ရှားမှု  ဖြစ်ပေါ်စေခြင်းတို့ကို ဆောင်ရွက်ပေးပါတယ်။ ဒါ့ကြောင့် ကျောရိုးမကြီးဟာ ကိုယ်ခန္ဓာတခုလုံးကို တည့်မတ်အောင် ထောက်ကန်ထားပေးရုံသာမက အာရုံကြောတွေအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။
တကယ်လို့ ကျောရိုးဆစ်နဲ့အရိုးပျော့အပြားတွေ မှာတခုခု ထိခိုက်ဒါဏ်ရာရခဲ့ရင်၊ ဒါဏ်ရာရတဲ့ အဆစ် လယ်ဗယ် အဆင့်လိုက်ပြီး အတွင်းမှာရှိတဲ့ အာရုံကြောမကြီးပါ ထိခိုက်တတ်ပြီး အကြောသေခြင်း မလှုပ်မရှားနိုင် ဆီး ဝမ်း မထိန်းနိုင်ခြင်း အသက်ရှူမှု ထိခိုက်ခြင်း စသဖြင့် ဖြစ်စေနိုင်ပါတယ်။( ဥပမာ -ဆူပါမင်းအဖြစ်သရုပ်ဆောင်ခဲ့သူ ကမ္ဘာကျော်ရုပ်ရှင်မင်းသားChristopher Reeve ဟာ မြင်းပေါ်ကပြုတ်ကျပြီး လည်ပင်းဆစ် အရိုး1-2 မှာ ထိခိုက်သွားလို့ တကိုယ်လုံး အကြောသေသွားခဲ့ရပါတယ် )


ဗွီဒီယို ပုံနဲ့ကြည့်ရင် ပိုမြင်လွယ်ပါတယ်။



ကျောရိုးဆစ်နာခြင်း - ဘာကြောင့်ဖြစ်တာလည်း။
များသောအားဖြင့်တော့ အသက်ကြီးလာတာနဲ့အမျှ အရိုးအဆစ်တွေလည်း degeneration ဖြစ်စဉ်အရ အိုမင်း လာကြတယ်။Bone spur ခေါ်တဲ့ အရိုး အတက်ထွက်လာတတ်တယ်။ Spinal disc ခေါ် intervertebral discအရိုးနုအပြားလေးတွေမှာလည်း ခြောက်သွေ့ မာကျောလာတတ်တယ်။ တချို့ အရိုးပြားလေးတွေ နေရာရွေ့ ပြီး အရိုးဆစ်မှကျွံထွက် လာတတ်တယ်။Bulging ပေါ့ ။အဲ့ဒီအခါကျတော့ အရိုးကွင်း အလည်မှာရှိနေတဲ့ အာရုံကြောမကြီးကို ဖိမိပြီး သက်ဆိုင်ရာ နေရာ တွေမှာ ပြင်းထန်စွာနာကျင်စေတတ်ပါတယ်။


တချို့ကျတော့ အရွတ်တွေ မာကျောခြင်း Stiff ligament ၊ ထိခိုက်ဒါဏ်ရာရခြင်း Trauma ၊ အရိုးဆစ်ယောင်ယမ်းခြင်း( Arthritis) တို့ကြောင့် ဖြစ်တတ်ပါတယ်။

ဘယ်လို ခံစားရမလည်း ။

-ဖြစ်တဲ့နေရာက နာတယ်( ဇက်ကြောတက် ၊ ခါးနာ စသဖြင့် )
-ခေါင်းကိုက်တယ်။ လည်ပင်းဆစ်ကြောင့်ခေါင်းပါကိုက်တတ်တယ်။
-လည်ဆစ် ကျီးပေါင်းတက်တာနဲ့ တွဲဖက်ပြီး ပုခုံးဆစ်ပါနာတတ်တယ်။လက်မောင်းထိနာတတ်တယ်။ ရင်ဘတ်အောင့်ခြင်းလည်း ဖြစ်တတ်တယ်။
-ခြေ လက် ဖျားတွေ ထုံကျင်တတ်တယ်။ အပ်နဲ့ထိုးသလို စူးပြီး နာတတ်တယ်။
-Lack of coordination ဆိုတဲ့ ဟန်ချက် မညီ ဖြစ်တတ်တယ်။ တချို့လည်း Difficulty in walking လမ်းလျှောက်ရတာခက်ခဲလာတယ် ။
-ပုံမမှန်တဲ့ တုံ့ပြန်မှု Abnormal Reflex တွေ ရှိလာတတ်တယ်။
-တချို့ ဆိုရင် ဆီး၊ ဝမ်း မထိန်းနိုင်တာ မျိုး ဖြစ်တတ်တယ် ။
ဖြစ်တဲ့ ကျောရိုးဆစ် နဲ့ အာရုံကြောမကြီးရဲ့ အဆင့်အပိုင်းပေါ်မှာ တည်ပြီး ခံစားမှု တွေ ကွဲပြားတတ်ပါတယ်။

တခြားဘာတွေ တွဲဖက် ဖြစ်ပေါ်စေနိုင်သေးလည်း။
အရိုးဆစ်အလည် ကွင်း ကျဉ်းမြောင်းခြင်း၊ အရိုးအတက်ထွက်ခြင်း။ထိခိုက်ဒါဏ်ရာရခြင်း တို့ကြောင့် အာရုံကြောမကြီး Spinal Cord Injury ရပြီး အာရုံခံစားမှုပျက်စီးခြင်း နဲ့ လှုပ်ရှားအကြောသေခြင်း များ ဖြစ်စေတတ်ပါသေးတယ်။

ဘယ်လိုနည်းတွေ နဲ့ ရောဂါရှာဖွေမလည်း။ Tests and diagnosis-
ဒါတွေက ဆရာဝန်တွေ လုပ်ပေးရမဲ့ အပိုင်းဖြစ်တာမို့ အသေးစိတ်သိရန်တော့ မလိုအပ်လှပါဘူး။ ကြားဖူးနားဝရှိအောင် အခေါ်အဝေါ်များကိုပဲ တင်ပြပေးပါမယ်။ X Ray CT ဆိုတာ တွေ က နားရည်ဝ နေလောက်ပါပြီ။
1.Neck flexibility assessment
2.Neurological exam
3.Neck or spinal X-ray.
4.Computerized tomography (CT) scan or magnetic resonance imaging (MRI).
5.Myelogram
6.Electromyogram (EMG)
7.Nerve conduction study.

နာကျင်နေရင် ဘာတွေ လုပ်ပေးနိုင်မလည်း။
ရုတ်တရက် ချက်ချင်း နာလာတာမျိုး ၊ အလွန်အမင်းနာနေတာမျိုးဆိုရင်တော့ ဦးစွာ ပထမ နာကျင်မှု သက်သာအောင် ပြုလုပ်ကြရမှာပါ ။ ဒီတော့ Pain Killer ၊Analgesic၊ Muscle Relaxant အကိုက် အခဲ အနာအကျင် ပျောက်ဆေး အကြောပြေဆေးတွေ အမျိုးမျိုးရှိပါတယ်။ စားဆေး ထိုးဆေး လိမ်းဆေး ကပ်ဆေး စအိုမှာသွင်းတဲ့ဆေးတောင့် စသဖြင့် သုံးပုံ သုံးနည်းတွေလည်းစုံလို့ ပေါ့။ ခုခေတ်မှာ အသုံးများကြတဲ့ ဆေးတွေကတော့ .....
nonsteroidal anti-inflammatory drugs (NSAIDs) အုပ်စုဝင်၊
Celecoxib (Celebrex)
Diclofenac (Voltaren)
Ibuprofen (Advil, Motrin)
Indomethacin (Indocin, Indocin SR)
Meloxicam (Mobic)
Naproxen (Aleve, Naprosyn)
Oxaprozin (Daypro)
Sulindac (Clinoril) စသဖြင့်ပါ။

ထိခိုက်ဒါဏ်ရာကြောင့် နာတယ် ဆိုရင်တော့ ပြင်းထန်စွာလှုပ်ရှားမှုတွေ မလုပ်ပဲ အနားယူရပါမယ် ။ ၂ ရက်အတွင်းမှာ ရေခဲအိတ် ကပ်ပေးနိုင်ပြီး ၂ ရက်ကျော်သွားရင်တော့ ရေနွေးအိတ် သို့မဟုတ် Heat pack သုံးလို့ ရပါတယ် ။ တချို့ကျတော့ အနှိပ်သည်၊ အကြောပြင်ဆရာ ဆိုသူတွေနဲ့ နင်းတာ နှိပ်တာတွေ လုပ်တတ်ကြတယ် ။ အဲ့ဒါက အာရုံကြောတွေ ထပ်မံ ထိခိုက်နိုင်စေတဲ့ အတွက်ကြောင့် ဆင်ခြင်ဖို့  လိုပါတယ် ။
ယောင်ယမ်းမှု အနည်းငယ်သက်သာလာရင်တော့ physiotherapy ခေါ် လေ့ကျင့်ခန်းများ ပြုလုပ်ပေးလို့ရပါတယ်။
အရိုးကျီးပေါင်းတက်၊ အရိုးနု နဲ့ အဆစ် နေရာရွေ့ ခြင်းစသည်တို့ အတွက်၊ ဆွဲဆန့်ခြင်း Traction လုပ်ပြီး ဖိမိနေတဲ့ အာရုံကြောကို လွတ်ကင်းသက်သာစေပါတယ်။


စက်အထောက်အကူနဲ့ လည်ပင်းအဆစ် ၊ခါးအဆစ် ဆွဲဆန့် ခြင်းများကို အောက်ပုံမှာ ပြထားတဲ့ အတိုင်း တွေ့ နိုင်ပါတယ်။


လည်ပင်းဆစ်၊ ခါးဆစ်တို့မှာ ဒါဏ်ရာရ ပြီး အာရုံကြောဖိညှပ်ထိခိုက်ခြင်းမျိုးမှ ကာကွယ်ရန် အထောက်အကူပြု ကော်လာ၊ခါးစည်း အစရှိတာတွေကို တပ်ဆင်ထားနိုင်ပါတယ်။


ဒီအောက်မှာပြထားတဲ့ ဗီဒီယိုဖိုင်လေးကတော့ လည်ပင်းဆစ်နာ၊ ဇက်ကြောတက်ခြင်း နဲ့ပတ်သက်ပြီး လုပ်ပေးနိုင်တဲ့ လေ့ကျင့်ခန်းလေးပါ ။ရှင်းလင်း လွယ်ကူပါတယ်။

အဲ့ဒီထဲကနေ ဆက်ပြီး ခါးနဲ့အခြား အဆစ်အကြောများအတွက် လေ့ကျင့်ခန်းလုပ်နည်းတွေကိုလည်း ရှုစား လို့ ရပါတယ်။အချိန်ရရင် အညောင်းအညာပြေ လုပ်ကြည့်ကြတာပေါ့။အကျိုးမမဲ့စေနိုင်ပါဘူး။


အပေါ်မှ ဗီဒီယိုကလစ်အား ကြည့်ရှု မရနိုင်သောနေရာမှ သူများအတွက် ပုံလေးတွေနဲ့ ရေးသားပေးလိုက်ပါတယ်။သို့ ပါသော်လည်း ဇာတ်လမ်းသိပ်ရှည်သွားရင် ဇက်ကြောတက် ပြီး ခါးနာနေမှာ စိုးတဲ့ အတွက် နောက်နေ့ များမှာမှ ဖန်ရောင် ပိတ်ကားပြင်ပေါ်မှာ ဆက်လက်ရှုစားကြပါရန် .........( ကိုးရီးယားဇာတ်လမ်းတွဲများကို အားကျ၍ )


ပုံများကို ဂူဂယ်မှ ရှာဖွေရယူထားပါတယ်။

Ref ;http://www.mayoclinic.com/health/cervical-spondylosis/DS00697
http://www.spineabilene.com/educational_resources/neck_exercises.html

↧
↧

ဇက်ကြောတက်ရင် ၊ ခါးနာရင်....

$
0
0
နာလို့ ကျင်လို့ပဲ မပြီးနိုင် သေးဘူးလား လို့ ထင်ချင်သူများလည်း ထင်နိုင်ကြပါတယ် ။ နာနေတဲ့သူတွေ အတွက် ရည်ရွယ်ပါတယ် ။ သက်ရှိသတ္တဝါ ရယ်လို့ဖြစ်လာကြရင် အို နာ သေ ခြင်း ဒုက္ခဘေးတွေမှ လွတ်ကင်းလို့မှ မရတာမို့  ခု မနာသေးသူများလည်း နောင်တနေ့  နာလာ ကျင်လာတဲ့ အခါကျ အသုံးဝင်မှာပါ။


လည်ပင်းဇက်ကျော အတွက် လေ့ကျင့်ခန်းများ

လုပ်ငန်းခွင်မှာ ကွန်ပြူတာ ကြာရှည်စွာ အသုံးပြုနေရသူများ၊ရုံးစားပွဲမှာ ကြာရှည်ထိုင်ပြီး( ဂိမ်းများဆော့ရင်း) ဇက်ကြောတင်းနေကြသူများ၊ အတွက်အထူးသဖြင့် ရည်ရွယ်ပါတယ်။ နာရီဝက်လျှင် တကြိမ်မျှ လုပ်ပေးပါ ။





(၁)Neck And Glide Extension-
ပုံမှာ ပြထားသလို ၁။ကိုယ်ခန္ဓာနဲ့ လည်ပင်းကို တည့်မတ်စွာ ထားပါ။၂။ မေးစေ့ကို ရှေ့ သို့တွန်းထုတ်ပေးပါ။ မေးထိုး မေးငေါ့တတ်သူများ အတွက် အထူးလေ့ကျင့်ရန်မလို။ လွယ်ကူပါတယ်။ ၅စက္ကန့်မျှ ငြိမ်နေပါ။ နဂို နေရာပြန်ရွှေ့ ပါ။ ၃။ နောက်ဖက် မော့ပါ ။၅စက္ကန့်မျှ ငြိမ်နေပါ။


(၂)Acupressure Point-
နောက်စေ့အောက် ဦးရေ အစပ် ရှိ အချိုင့်နေရာ မှာ ပုံ ပါအတိုင်း လက်ချောင်များဖြင့် ဖိနှိပ်ပေးပါ ။ စက္ကန့် အနည်းငယ်ကြာမျှ ဖိထားပေးနိုင်ပါတယ်။ ကြာရှည် အညောင်းမိပြီး လည်ပင်းနာနေသူများအတွက် သင့်တော်ပါတယ် ။


(၃)Neck Rotation-
ရှေ့ တည့်တည့် အနေအထားမှ ဦးခေါင်းကို ဘယ်ဘက် နဲ့ ညာဘက် တလှည့်စီ လှည့်ပေးပါ။
၁၀ စက္ကန့်မျှ ငြိမ်ပေးပါ။


(၄)Neck Side Extension-
ရှေ့ တည့်တည့် အနေအထားမှ ဦးခေါင်းကို ဘယ် ညာ တစောင်း တလှည့်စီ လှည့်ပေးပါ။
၅ စက္ကန့်မျှ ငြိမ်ပေးပါ။ ၁၀ ကြိမ်မျှ လုပ်ပါ။


(၅)Neck Stretch-
ပုံပါအတိုင်း ပုခုံး နှစ်ဖက်ကို အထက်သို့ မြှင့်တင်းပေးပါ။ ( ဇက်ကိုပုထားသလို အနေအထားဖြင့်) ၅စက္ကန့်မျှ ငြိမ်နေပါ။


(၆) Neck Forward Flexion-
လည်ပင်းကိုမတ်မတ်ထားရာမှ မေးစေ့နှင့် မိမိ၏ ရင်ဘတ်ထိသည်အထိ ငုံ့ ကြည့်ပေးပါ။ ၅ စက္ကန့်မျှ ငြိမ်ပေးပါ။ ၁၀ ကြိမ်မျှ လုပ်ပါ။

ဒီလေ့ကျင့်ခန်းများ လုပ်ရာမှာ လည်ပင်းကို အားသိပ်မစိုက်ပဲ ဖြေးညှင်းစွာလှုပ်ရှားပေးရမှာ ဖြစ်ပါတယ်။
...............................................................................................................

ခါးနာတတ်သူများ အတွက် ခါးလေ့ကျင့်ခန်းများ


(၁)Press Up: Sphinx Position-အီဂျစ်မှ Sphinx ခြင်္သေ့ကြီးများကဲ့သို့ ဝမ်းလျားမှောက် တံတောင်ဆစ်ထောက် ၊ တင်ပါးကို မကြွစေပဲ ခါးအထက်ပိုင်းကို ဖြေးဖြေးချင်းမြှင့်ပေးပါ ။ Yoga ကျင့်သလိုမျိုး လှုပ်ရှားမှုအားလုံးကို ဖြေးဖြေးချင်းစီလုပ်ပါ ။


(၂)Superman- ဆူပါမင်းကိုတော့ လူတိုင်းသိကြပါလိမ့်မယ်။ လွယ်ပါတယ် ။ ကြမ်းပေါ်မှာ ဗိုက်သားကပ်အောင် ဝမ်းလျားမှောက်ပြီး လက်နှစ်ဖက်ကို ရှေ့ သို့ ဆန့်တန်းထားရုံပါပဲ ၊ တခါမှာစက္ကန့်  ၃၀ မျှ ကို ၁၀ ကြိမ် လုပ်ပါ။


(၃)Standing Back Extension- မတ်မတ်ရပ် ၊ ခါးထောက် ၊ တင်းနိုင်သလောက် နောက်ပြန်လှန် ပြီး ၃ စက္ကန့်မျှ ငြိမ်နေပါ။ ၅ ကြိမ်မျှ လုပ်ပါ။


(၄)The "Dog"
ပေးစရာနာမယ်ရှားလို့ ခွေးနဲ့ နှိုင်းပြီးပေးရတယ်လို့တော့ မထင်စေချင်ပါ။ လူတွေအတွက် သစ္စာရှိသောမိတ်ဆွေဟု မှတ်ယူပါလေ ။ လေးဘက်ထောက် ၊ ကျောကို မြင့်လာအောင်ကုန်းပေးပြီး ၃၀ စက္ကန့် မျှုငြိမ်နေပါ။ အကြိမ် ၂၀ မျှ ပြုလုပ်ပါ။



(၅)Single Knee To Chest-ပက်လက်အနေအထားဖြင့် ညာခြေမြှောက် ဒူးကွေးပြီးဝမ်းဗိုက်ကိုကပ်တဲ့အထိ စက္ကန့် ၃၀ မျှ လက်နဲ့ဆွဲထားပါ ။ ထို့နောက် ဘယ်ဘက်ဒူး ကို အထက်ပါအတိုင်း တလှည့်စီ ဆွဲပါ။


(၆)Piriformis Stretch -ပက်လက်အနေအထားဖြင့် လက်နှစ်ဖက်ကို ဘေးဆန့်ထားပါ။ ညာဖက်ဒူးကိုကွေးပြီး ကိုယ်ခန္ဓာနဲ့ တင်ပါး အား ၄၅ ဒီဂရီခန့် စောင်းလိန်ပေးပါ။ စက္ကန့်  ၃၀ မျှ ငြိမ်နေပါ ။အတည့်ပြန်နေပါ။ ထို့နောက် ဘယ်ဖက်ဒူးကွေးပြီး အထက်ပါအတိုင်း တလှည့်စီပြုလုပ်ပါ။

(၇)Piriformis Standing-နံပါတ် ၆ နဲ့ နည်းတူတူပါပဲ။ မတ်တပ်ရပ် အနေအထားနဲ့ လုပ်လို့ရပါတယ် ။ ချော်မလဲစေရန်တော့ အထူးသတိပြုရပါမယ်။ ပေါင်ရင်းမှ နေပြီး အတွင်း ၊ အပြင် သို့ လှည့်ပေးရပါမယ် ။လှည့်ပြီးရင် တဖက်ကို ၁၀ စက္ကန့်မျှ ငြိမ်နေပေးပါ။ဘယ် ညာ ပြောင်းလုပ်ပါ။

(၈)Body Flexion-ပုံမှာပြထားသလို ပုဆစ်ဒူးတုပ်ထိုင်ပြီး လက်နှစ်ဖက်ကို ဝမ်းဗိုက်ပြင်ပေါ်ယှက်ထားပါ။ရှေ့ ဖက်သို့ ဖြေးဖြေးချင်းကွေးပါ။ခေါင်းနဲ့ ကြမ်းပြင်ထိသည် အထိကွေးရန်မလို။ စက္ကန့်  ၃၀ မျှုငြိမ်နေပါ။ ပြန်မတ်ပါ။ အကြိမ်ရသလောက် လုပ်ပါ။

(၉)Body Flexion And Stretch- နံပါတ် ၈ အတိုင်း အနေအထားမှ လက်နှစ်ဖက်ကို ရှေ့ သို့ ဆန့်တန်းထားပါ။

(၁၀)Bend Over - မတ်တပ်ရပ်အနေအထားဖြင့် လက်ပိုက်ပြီး ခါးကို ရှေ့ သို့ နိုင်သလောက် ညွှတ်ကွေးပါ။၁၀ စက္ကန့် မျှငြိမ်နေပါ။ ပြန်မတ်ပါ။ အကြိမ် ၂၀ ခန့် လုပ်ပေးပါ။

(၁၁)Stretch To Foot-ကြမ်းပြင်ပေါ်တွင်ခြေဆင်း ထိုင်ရက်အနေအထား မှ ခါးကို ဖြေးဖြေးချင်း အရှေ့ ဖက်သို့  ညွှတ်ကွေးပါ။ ၃၀စက္ကန့်မျှု ငြိမ်နေပါ။ ပြန်မတ်ပါ။ ၁၀ ကြိမ်မျှ လုပ်ပေးပါ။

(၁၂)Advanced Back Stretch-လုပ်ရတာ အနည်းသယ်မျှပိုပြီးခက်ခဲပါတယ်။ ပုံမှာပြထားသလို လေးဘက်ထောက်ထားပြီးနောက် ညာခြေနဲ့ဘယ်လက်ကို တဖြောင့်ထည်းဖြစ်အောင်မြှောက်ထားပါ ။ ၁၀ကြိမ်မျှု ပြုလုပ်ပါ။ နောက် ဘယ်ညာ ပြောင်းလုပ်ပါ။

(၁၃) The Plow -ပုံမှာပြထားသလို တပတ်လည်ဒေါင့်မျိုးဖြစ်ပြီး ၊ ဒီလေ့ကျင့်ခန်းထဲမှာ အခက်ဆုံးဖြစ်ပါတယ်။ သတိပြုရန် အချက်။ ။ခါးနာနေစဉ် အချိန်မှာ မပြုလုပ်ရပါ။

(၁၄)Press Up -အပေါ်ဆုံး Sphinx Position နဲ့ခပ်ဆင်ဆင်ပါပဲ။

အထက်ပါလေ့ကျင့်ခန်းများကို အားလုံးလိုက်မလုပ်နိုင်ပါကလည်း အရေးမကြီးလှပါ။ ကြိုက်ရာ ရွေးပြီး မိမိတတ်နိုင်သလောက် အဆင်ပြေစွာ ပြူလုပ်နိုင်ပါတယ် ။

ပုံများကို ဒီနေရာ ၁၊ ၂တို့မှ .ရှာဖွေရယူထားပါတယ်။


↧

ဗိုက် ပြသနာ ဘယ်လိုရှာ....

$
0
0
ခန္ဓာကိုယ်တခုမှာ ဘယ်အင်္ဂါ က အရေးအကြီးဆုံးလည်း ။ ရှိရှိ သမျှ အင်္ဂါတွေအားလုံး သူ့ နေရာနဲ့သူ အရေးကြီးကြတာချည်းပါပဲ ။ ဦးနှောက်အာရုံကြောတွေ၊ သွေးလှည့်ပါတ်တဲ့စနစ် မှ နှလုံးနဲ့ သွေးကြောတွေ၊ အသက်ရှုလမ်းကြောင်း အတွက် အဆုပ်နဲ့လေပြွန်တွေ ။ အစာခြေလမ်းကြောင်းအတွက် ပါးစပ်မှ စပြီး စအိုဝ အထိအစာအိမ် အူ၊အသည်း၊ သည်းခြေ ၊ အညစ်အကြေး အဆိပ်အတောက်တွေ စွန့်ပစ်ဖို့ ကျောက်ကပ် ဆီးလမ်းကြောင်း၊ အားလုံး အရေးကြီးကြပါတယ်။ ရောဂါတခုခု ဖြစ်လာရင် ဘာရောဂါ ဖြစ်မှန်းသိရအောင် ကိုယ်ခန္ဓာမှ ပုံသဏ္ဍန် အမျိုးမျိုးနဲ့  ကျွန်ုပ်တို့ ကို အကြောင်းကြားပါတယ် ။ အဲ့ဒါတွေကို ရောဂါ လက္ခဏာ လို့ (Sign & Symptom) ခေါ်ပါတယ်။ ဥပမာ ဗိုက်အောင့်တယ်၊ ခေါင်းကိုက်တယ် ၊ ခေါင်းမူးတယ်၊ ရင်ဘတ်အောင့်တယ်၊ရင်တုန်တယ်၊ အန်တယ်။ ဝမ်းလျှောတယ်။ ဆီးကျင်တယ် စသဖြင့်ပေါ့ ။အဲ့ဒီအခါကျ ခေါင်းမူးရင် ဘယ်လိုပုံနဲ့ မူးရင် ဘာရောဂါကြောင့်ဖြစ်နိုင်တယ်၊ရင်ဘတ် ဘယ်နေရာမှာအောင့်ရင်ဘယ်လိုအောင့်ရင်ဘာရောဂါဖြစ်နိုင်တယ် ဆိုတာ အကြမ်းဖျင်း သိနိုင်ပါတယ်။ အတိအကျ သိဖို့ရာကတော့ ကျွမ်းကျင်သူပညာရှင်များမှ ဆက်ပြီးရောဂါ ရှာဖွေစစ်ဆေး ပေးလို့ ရပါတယ် ။ခု ပြောပြချင်တာကတော့ ဗိုက် ပြသနာ များ ပါပဲ ။

ဝမ်းတစ်လုံးကောင်း ခေါင်းမခဲ ဆိုတဲ့ စကားအတိုင်း ဝမ်းဗိုက်ပြသနာ ရှိနေခဲ့ရင် ခေါင်း အထိအောင် ပြသနာ ဖြစ်လာတတ်ပါတယ် ။ ခေါင်းကိုက် ခေါင်းခဲ ခေါင်းမကြည်မလင်နဲ့ နေရထိုင်ရတာ မသက်သာလှပါဘူး။
လူတိုင်း ဗိုက်အောင့် ဗိုက်နာဖူးကြမှာပါ ။ အနည်းဆုံး ကတော့ ဝမ်းသွားချင်တဲ့ အခါမျိုးမှာ ဗိုက် နဲနဲ ရစ် တာမျိုးလောက်တော့ ခံစားဖူးကြမှာပါ ။ဗိုက်နာတဲ့ အတိုင်းအဆ ပြင်းထန်မှု၊ နာကျင်ပုံ နာကျင်နည်း၊ နာတဲ့နေရာ ။သူနဲ့တွဲဖက်ပြီး ပြတတ်တဲ့ တခြား လက္ခဏာများကိုကြည့်ပြီး သူ့ မှာ ဘာရောဂါ ဖြစ်နိုင်ချေရှိသလည်း ဆို တာကို မှန်းဆလို့ ရပါတယ် ။
ခု ဒီအကြောင်းပြောပြချင်တာကတော့ ကိုယ့်ဟာကိုယ် ရောဂါရှာပြီး ကိုယ့်ဟာကိုယ် ကုသဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး ။ သာမာန်ဗဟုသုတမျိုး အနေနဲ့ ကိုယ့်ခန္ဓာကိုယ် ရဲ့  ဘယ်နေရာမှာ ဘာအင်္ဂါ အစိတ်အပိုင်းတွေ ရှိသလည်း ဆိုတာသိထားရင် အနည်းဆုံးတော့ မိမိမှာ ဘယ်လိုရောဂါ ဖြစ်နိုင်လိမ့်မလည်းလို့ အချိန်မဆွဲပဲ သိနိုင်အောင်ပါ ။


ဒီတော့ ဗိုက်နဲ့ပါတ်သက်ပြီး တည်နေရာ အနေအထား နဲ့ သူ့ အတွင်းဖက်က အစိပ်အပိုင်းတွေကို လွယ်လွယ် သိရအောင် ဗိုက်တပြင်ကို အကွက် ၄ ကွက် အကြမ်းဖျင်း ခွဲခြား သတ်မှတ်ထားပါတယ်။ ပုံမှာပြထားသလို အပေါ်၊ အောက်၊ ဘယ်၊ ညာ ဆိုပြီး ခွဲထားတဲ့အတွက် Left Upper Quadrant (LUQ), Left Lower Quadrant (LLQ), Right Upper Quadrant (RUQ), and Right Lower Quadrant (RLQ).လို့ ရေးသားကြပါတယ် ။
ပိုပြီး တိကျ အောင်ဖေါ်ပြလိုရင်တော့ အကွက် ၉ ကွက် ဖေါ်ပြကြပါတယ်။


ဗိုက်သားပြင်ရဲ့ အတွင်းဖက်ကိုယ်တွင်းခေါင်းမှာ ရှိနေတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို အဓိကအားဖြင့် ဒီလို ခွဲခြားထားပါတယ်။
၁-အစာခြေဖျက်ခြင်းနဲ့ဆိုင်တဲ့-အစာမြိုရေမြိုပြွန်ရဲ့  အောက်ဆုံးအပိုင်း(the end of the esophagus),အစာအိမ်( stomach), အူသိမ်နှင့်အူမကြီး (small and large intestines), အသည်း (liver), သည်းခြေ(gallbladder),မုန့်ချိုအိတ် ခေါ် သရက်ရွက်( pancreas)။
၂-ဝမ်းဗိုက်အတွက် နှလုံးသွေးလွှတ်ကြောမကြီးနှင့်သွေးကြောများ(The abdominal aorta)။
၃-အူအတက်(The appendix)- အူသိမ်အဆုံးပိုင်း နှင့် အူမကြီးအစပိုင်း ဆက်သွယ်ရာ နေရာမှာ ရှိပြီး အရေးကြီး လုပ်ငန်းတာဝန် မရှိ။
၎-ကျောက်ကပ် နှစ်လုံး( The kidneys) ဘယ် ညာ နှစ်ဖက် ၊ ဝမ်းဗိုက်ရဲ့ နောက်ဖက် အတွင်းပိုင်းတွင် ပဲစေ့ပုံသဏ္ဍန်ရှိပြီး ခန္ဓာကိုယ်မှ အဆိပ်အတောက် အညစ်အကြေးများကို ဆီးအဖြစ် စွန့်ထုတ် နိုင်အောင် ဆောင်ရွက်ပေး ပါတယ်။
၅-ဘေလုံး ( spleen) ဗိုက်ရဲ့ ဘယ်ဖက် အပေါ်အနောက်ဖက်နေရာမှာ တည်ရှိပြီး ရောဂါပိုးတိုက်ဖျက်ရေး နဲ့ သွေးလှည့်ပတ်ရေးအတွက် တာဝန်ရှိပါတယ်။

အဲ့ဒီ အင်္ဂါ အစိပ်အပိုင်းတွေမှာ ပြသနာ တခုခု ဖြစ်လာရင် သူနဲ့ ဆိုင်တဲ့ နေရာမှာ နာတတ်တယ် အောင့်တတ်တယ် ။ ဗိုက်နာတယ် ဆိုရင် နာတဲ့နေရာ( location of pain) နဲ့ နာပုံနာနည်း (Type of pain) -( အောင့်ပြီးနာသလား ၊ တပြင်လုံး နာသလား၊ တနေရာတည်း စူးပြီးနာသလား၊ ရစ်ပြီးနာသလား) ။onset of pain ( ရုတ်တရက် နာသလား၊ ရက်ရှည်နာနေတာလား Acute or Chronic) စတာ တွေဟာ ရောဂါရှာဖွေသတ်မှတ်ရေး( Diagnosis )အတွက် အရေးကြီးပါတယ်။

အခု ပြောချင်တာကတော့ ရုတ်တရက် ဗိုက်နာခြင်း (Acute Abdominal Pain) အကြောင်းပါ။
တခါတလေလည်း ဝမ်းဗိုက်ကြီးက မျက်လှည့် ပြတတ်ပါသေးတယ် ။ အခု ဒီနေရာမှာ စ အောင့် နေပေမဲ့ ခန ကြာတော့ နေရာပြောင်းသွားတတ်တာ လည်းရှိပါတယ် ။ ဥပမာ - အူအတက်ယောင်လို့  ဗိုက်နာတယ်ဆိုရင် သူက RLQ မှာရှိနေပေမဲ့ စစချင်းမှာ အစာအိမ် အောင့်သလို မျိုးနဲ့ ခပ်ဆင်ဆင် နာပြတတ်ပါတယ် ။ ရင်ညွန့် မှ စအောင့်ပြီး နာရီ အနည်းငယ်အတွင်း ဒါမှမဟုတ် ရက် အနည်းငယ် ၁ ရက် ၂ ရက်လောက်ကြာမှ သူရှိနေတဲ့ ညာဘက် အောက်ပိုင်း ကို ရွှေ့ ပြီး နေရာမှန် မှာ နာလာတတ်ပါတယ်။ အဲလို နာတာ အပြင် အော့အန်ခြင်း၊ ဝမ်းပျက်ခြင်း၊ ကိုယ်အပူချိန် အနည်းငယ်တက်ခြင်း စတဲ့ လက္ခဏာတွေပါ ရှိနိုင်ပါတယ်။ ဒါကြောင့် ရုတ်တရက် ဗိုက်အောင့်ခြင်းမျိုး (Acute Abdomen )ဆိုရင် အနီးကပ် စောင့်ကြည့်ခြင်း ( close Observation) က အရေးကြီးပါတယ်။ အဲ့လို စောင့်ကြည့်နေစဉ်မှာ လူနာကို ဘာ အစားအစာ၊ ရေ ၊ မျှ မပေးရပါဘူး ။ တကယ်လို့  အူအတက်ယောင်တာကြောင့် နာတာဆိုရင် အချိန်မရွေး ခွဲစိပ်ကုသဖို့ လိုအပ်တာမို့ ၊ အန္တရာယ် ကင်းစွာ မေ့ဆေးပေးလို့  ရအောင် ပါ။



အလားတူစွာ Refer Pain များရှိတတ်တဲ့ ရောဂါများလည်း ရှိပါသေးတယ် ။ ဥပမာ နှလုံးကြွက်သားသွေးမလုံလောက်လို့ ရင်ဘတ် အောင့်တဲ့ အခါ ၊တခါတလေကျရင် ဘယ်ဘက် ပုခုံး နဲ့ မေးရိုး လည်ပင်း နေရာများမှာလည်း အောင့်နေတတ်ပါတယ်။ အဲ့ဒါတွေက ဘာကြောင့်ဖြစ်ရသလည်း ဆိုတော့ ဒီ အင်္ဂါအစိတ်အပိုင်း နှစ်ခုစလုံးအတွက် ထောက်ပံ့ထားတဲ့ အာရုံကြောက တခုထဲ ဖြစ်နေတဲ့ အတွက်ကြောင့်ပါ။

အဲဒီ အထဲမှာ အများဆုံး နာတတ် အောင့်တတ်ကြတာ တွေကတော့
-Epigastric ရင်ခေါင်းရင်ညွန့် နေရာမှာဆိုရင် အများအားဖြင့် - အစာအိမ်(Gastritis) ၊ အူသိမ်ဦးပိုင်းယောင်ယမ်းခြင်း(Duodenitis)၊ အနာပေါက်ခြင်း(ulcer) သည်းခြေပြွန်ယောင်ယမ်းခြင်း (Cholecystitis Cholangitis) ၊ အသည်းယောင်ခြင်း(Hepatitis)၊ သရက်ရွက် ယောင်ခြင်း (Pancreatitis) ၊ သွေးယိုခြင်း စသဖြင့်။
တချို့ ဖြစ်နိုင်ခြေရှိတာတွေကတော့ -နှလုံးကြွက်သား အမြှေးပါးယောင်ခြင်း(Pericarditis Myocardial Infarct)၊ အဆုပ် ၊ အမြှေးပါးယောင်ခြင်း (Pneumonia, Pleurisy ,Pneomothorax)၊ရင်အုပ်နဲ့ ဝမ်းတွင်းခေါင်းခြားထားတဲ့အရွတ်ပြားအောက်တွင်ပြည်တည်ခြင်း (Subphrenic abscess)၊ ရင်ခေါင်းနှင့် ဝမ်းဗိုက်သွေးလွှတ်ကြောမကြီး အလွှာကွာပြီး ဖေါင်းထွက်လာခြင်း( Dissecting aneurysm) စသဖြင့် ..

- RUQ ညာဘက် အပေါ်မှာအောင့်ရင် ဖြစ်တတ်တာတွေက- အသည်း ယောင်ခြင်း သည်းခြေအိတ် ကျောက်တည်ခြင်း ယောင်ခြင်း စသဖြင့်။
တချို့ အနည်းအကျဉ်းဖြစ်တတ်တာတွေကတော့ - ကျောက်ကပ်ယောင်ခြင်း ၊ ညာဖက် ဆီးလမ်းကြောင်း ကျောက်တည်ခြင်း။ညာဖက် အဆုပ် နဲ့ အမြှေးပါး ယောင်ခြင်း ။ နှလုံးကြောင့် အောင့်ခြင်း တို့ လည်း ဖြစ်နိုင်ပါတယ်။

- LUQ ဘယ်ဘက် အပေါ်မှာ အောင့်ခဲ့ရင် ။ Stomach -အစာအိမ်ယောင်ခြင်း အနာဖြစ်ခြင်း ကြောင့် အဖြစ်များပါတယ်။ ၊Pancreas မုန့်ချိုအိတ်( သရက်ရွက် ) ယောင်ခြင်း ကျောက်တည်ခြင်းသွေးယိုခြင်း၊ Spleen ဘေလုံးကြီးခြင်း၊ပေါက်ခြင်း၊ ပုတ်ခြင်း၊ Left Kidney ဘယ်ဖက် ကျောက်ကပ်ယောင်ခြင်း၊ ကျောက်တည်ခြင်း၊ Lt Pleurisy , Pneumonia ဘယ်ဖက် အဆုပ်နဲ့ အမြှေးပါးယောင်ခြင်း စတာတွေ ကြောင့်ဖြစ်နိုင်ပါတယ် ။ ထိခိုက်ဒါဏ်ရာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဒါ့အပြင် ဝမ်းချုပ်တတ်သူများ အတွက် စဉ်းစားစရာကတော့ အူမကြီး အတွင်း စမြင်းတုံးများတစ်ဆို့ ခြင်း များလာရင် ဘယ်ဖက် ဝမ်းပိုက် အပေါ်နဲ့အောက်ပိုင်းတို့ မှာလည်း အောင့်တတ်ပါတယ်။

- RLQ ညာဘက်အောက် မှာ ဖြစ်တတ်တာတွေက - အူအတက်ယောင်ခြင်း၊ ပေါက်ခြင်း ။
တချို့ အနည်းအကျဉ်းဖြစ်တတ်တာတွေကတော့ -ဆီးလမ်းကြောင်း ကျောက်တည်ခြင်း -(ခါးနောက်ဖက်ပိုင်းမှ ရှေ့ အောက်ဖက်သို့ ထိုးဆင်းပြီး အောင့်တတ်တယ် )။ အူကျခြင်း Hernia စသဖြင့်။

- ဆီးစပ်အထက် Suprapubic နေရာမှာ အောင့်နိုင်တာတွေက အူမကြီး နောက်ဆုံးအပိုင်း ပိတ်ဆို့ ခြင်း ယောင်ခြင်း၊ အူအတက် ယောင်ခြင်း ၊ ဆီးအိမ် ယောင်ခြင်း၊ အမျိုးသမီးများအတွက် မျိုးဥအိမ်၊ ဥပြွန်၊သားအိမ် ယောင်ခြင်း ၊ ပေါက်ခြင်း၊နေရာမှားပြီး သန္ဓေတည်ခြင်း ၊ ရာသီလာ၍ အောင့်ခြင်း။

- Periumbilicus ချက်ပတ်လည်နေရာ မှာ အောင့်စေတာတွေက အူသိမ် ပိတ်ဆို့  ယောင်ယမ်း ပုတ်ခြင်း၊ မုန့်ချိုအိတ်ယောင်ခြင်း၊ အူရှိသွေးကြောများ ပိတ်ဆို့ခြင်း mesenteric thrombosis , dissecting aortic aneyrysm ၊ တို့ကြောင့် ဖြစ် တတ်ပြီး ၊ အူ အတက် ယောင်ခြင်းရဲ့ ဦးစွာ အချိန်မှာ လည်း ဒီနေရာမှာအောင့်တတ်ပါတယ်။

- LLQ ဘယ်ဘက် အောက်မှာ အောင့်ရင်- စဉ်းစားရမှာတွေကတော့ အူယောင်ခြင်း၊ အူ ပိတ်ဆို့ ခြင်း ဥပမာ စမြင်းတုံး၊ အလုံးအကြိတ် ၊ အနာပေါက်ခြင်း၊ အူကျခြင်း၊ ဘယ်ဘက် ကျောက်ကပ် ဆီးလမ်းကြောင်းမှာ ကျောက်တည်ခြင်း၊

အမျိုးသမီးများအတွက်ကတော့ ဘယ်ဖက် သို့မဟုတ်ညာဖက် အောက်ပိုင်းမှာနာရင်- မျိုးဥအိမ် ovary နဲ့ ဥပြွန် Fallopian tube မှာ ဖြစ်တတ်တဲ့ ယောင်ခြင်း၊အရည်အိတ်တည်ခြင်း ။ ပေါက်ထွက်ခြင်း ၊ ဥပြွန်မှာ သန္ဓေတည်ခြင်း ( Ectopic/Tubal pregnancy) ၊သားအိမ်ယောင်ခြင်း တို့လည်းဖြစ်နိုင်ခြေ ရှိကြောင်း ကို မမေ့သင့်ပါဘူး ။


တခါက ကြုံခဲ့ဖူးပါတယ် ။ အမျိုး သမီး တယောက် ဗိုက်အောင့်တယ်၊ အောင့်တဲ့နေရာက ဝမ်းဗိုက် အောက်ဖက်ပိုင်းမှာ ၊ သူက ဝမ်းတွင်း ကလီစာတွေ ဘယ်နေရာမှာ ဘာရှိမှန်းမသိ တော့ အစာအိမ်အောင့်တယ် လို့ ယူဆပြီး သူ့ ဟာသူ ပဲ အစာအိမ် လေထိုးလေနာပျောက်ဆေးတွေ သောက်ပါတယ်။ ၃ ရက် ကြာသွားတယ် ။မသက်သာဘူးပေါ့။ ဒီလို နဲ့ပဲ ဗိုက်ကြီးတပြင်လုံး မာတောင့်တောင့် နဲ့ မခံမရပ်နိုင်အောင် ဖြစ်ပြီး shock ရလာတော့ မှ ဆေးရုံ ရောက်လာတယ် ။ ကြည့်လိုက်တော့ ဝမ်းဗိုက်ခေါင်းထဲမှာ သွေးထွက်နေတဲ့ လက္ခဏာတွေပြလာလို့  အရေးပေါ် ခွဲစိတ်လိုက်ရတယ် ။ဖြစ်ရပုံကတော့ မျိုးဥပြွန်ဝ မှာ သန္ဓေတည်ခြင်းဖြစ် ပြီး ပေါက်သွားလို့  သွေးထွက်တာ ဖြစ်နေတယ်။ သူသာတကယ်လို့  common sense ရှိရင် သူ့ ဟာသူ ဘာဖြစ်နိုင်သလည်း ဆိုတာ တွက်ဆလို့ ရပါတယ်။ဒါဆိုရင် လိုအပ်မှန်ကန်တဲ့ ကုသမှုများ စောစောစီးစီးရယူနိုင်ပါတယ်။

ဒီလိုမျိုး ဗိုက်အောင့်တာဟာ ဝမ်းခေါင်းအတွင်းမှာ ရှိတဲ့ ကလီစာ အများကြီးထဲမှာ ဘယ်နေရာ ကစပြီး ပြသနာဖြစ်တာလည်း ဆိုတာကို တခါတရံတော့လည်း သေချာအတိအကျ အဖြေ မရှာနိုင်တာမျိုးလည်း ရှိတတ်ပါသေးတယ်။ ဝမ်းတွင်းခေါင်း အမြှေးပါးယောင်ယမ်းပြီး Peritonitis ဗိုက်တပြင်လုံးဂျပ်ခဲကြီးဖြစ်နေတတ်တာမျိုး ၊ ဘာကြောင့်မှန်းသေချာ မသိပဲ သွေးဆိပ်တက် တဲ့ အခြေအနေမျိုးဆိုရင် Laparotomy & proceed ဆိုပြီး ဗိုက်ကို အရင်ခွဲပြီးမှ ရောဂါရှာကုသ ရတာမျိုးလည်း ဖြစ်တတ်ပါသေးတယ်။

နောက်ဆုံးပြောပြလိုတာကတော့ ဗိုက်နာတာ ကို ပေါ့ပေါ့နေပြီး ဆေးမြီးတိုနဲ့ အချိန်ဆွဲကုသမနေသင့်ပါဘူး။ နာနေတဲ့ ဗိုက်ကို နင်းနှိပ်ခြင်းမပြုသင့်ပါဘူး။ အစာအိမ်ယောင်ခြင်းကြောင့်အောင့် နေတာကို အကိုက်အခဲပျောက်ဆေးများ မစားသုံးသင့်ပါဘူး ။ ပိုပြီး ဆိုးဝါးစေနိုင်ပါတယ်။တတ်ကျွမ်းတဲ့ ဆေးဘက်ဆိုင်ရာ ပညာရှင်များဆီ အချိန်မှီပြသပြီး အောင့်ရတဲ့ အကြောင်းရင်းကို စောစောစီးစီးရှာဖွေကုသသင့်ပါတယ် ။

ပုံများကို ဒီနေရာများမှ ယူပါတယ်။

ကျန်းမာ ရွှင်လန်းကြပါစေ။

↧

သူတို့ကို အတုမယူကြစေချင်ပါ..

$
0
0
ဒီနေ့ တီဗီနဲ့ သတင်းစာ မှာ တွေ့ လိုက်ရတဲ့ သတင်း ။ သတင်းလို့ ဆိုတော့ လုပ်ကြံ ရေးထားတာလည်း မဟုတ်တန်ရာ ။ မီဒီယာတွေ ဖွတယ် လို့လည်း ယူဆလို့ မရ ၊ သူတို့ ကိုကြည့်ပြီး ရင်မောမိသလို ၊ ဘယ်အချိန်ခါမှာ ကြေကွဲဘွယ်ရာ နောက်ဆက်တွဲ သတင်းများ ကြားရပါလိမ့်မလည်း လို့ လည်း စိုးရိမ်စိတ် ဝင်လာမိတယ်။
အသိဥာဏ်ပညာ ရှိမှု မရှိမှု နဲ့ သက်ဆိုင်သလား ၊ သူများပြောစကား လွယ်လွယ် ယုံတတ်သူများ လို့ ယူ ဆလို့ ရမလား၊ တကယ့်ကို ရောဂါ ကြီးမားပြီး လူ့ လောကကြီးထဲ မနေချင်လောက်အောင်ကို စိတ်ညစ်နေကြသူတွေလား ။ သိပ္ပံပညာ တွေ အံ့မခန်းထွန်းကားနေပြီဖြစ်တဲ့ ယနေ့ခေတ်ကြီး ထဲမှာ ၊ ခေတ်နောက်ပြန်ဆွဲ အယူလွဲနေကြသူတွေ ပဲလား ၊ တခုခုတော့ မှားနေကြပြီ လို့  ယူဆလို့  ရတဲ့ အကြောင်းအရာ နဲ့ ဆက်စပ်လို့ ရတဲ့ အဖြစ် တခု၊ သတင်းတခု ဖတ်လိုက်ရ မြင်လိုက်ရ လို့  စိတ်ထဲမှာ အံ့သြခြင်းကြီးစွာ ဖြစ်သွားမိတယ်။ အကြောင်းစုံလင် သိချင်ရင် ဖြင့်တော့ ရှေ့  ဆက် ကလစ်ပြီး ကြည့်ကြပါကုန်...



အင်ဒိုနီးရှားနိုင်ငံမှ ပေါ်ထွက်လာတဲ့ သတင်းတခုပါ။
အတိုချုပ်ပြောရရင် တော့ အဆိုပါနိုင်ငံမှ လူတချို့ ဟာ မီးရထားသံလမ်းတွေပေါ်မှာ ပုံ ပြ ပါအတိုင်း ကန့်လန့်ဖြတ် လှဲလျှောင်း ပြီး လျှပ်စစ်ဓါတ်ကုထုံး လို့  ခေါ်တဲ့ ကုသနည်း တမျိုး ကို ပြုလုပ်နေကြ ပါတယ်။ဒီပုံကတော့ အင်ဒိုနီးရှားနိုင်ငံ Rawa Buaya,မြို့ အနီးရှိ ရထားသံလမ်းပေါ်မှာ လှဲလျှောင်းနေကြသူများပါ။
ဖြစ်ပုံက ဒီလိုပါ။ လွန်ခဲ့တဲ့ တနှစ်ကျော်လောက်မှာ တရုပ်လူမျိုး လူတယောက် လေသင်တုန်းဖြတ် ရောဂါ ဖြစ်နေပြီး ကုသလို့  မပျောက်ပဲစိတ် အညစ်ကြီး ညစ်နေရာက သူ့ ကိုယ်သူ အဆုံးစီရင် ဖို့  စိတ်ကူး ဝင်လာပါတယ်တဲ့ ၊ ဒါကြောင့် ရထားသံလမ်းပေါ် မှာ လှဲပြီး ရထားကြိတ်ခံ ဖို့  စောင့်နေရာမှာ ရထားမကြိတ်မိပဲ ၊ သူ့ ရောဂါပျောက်သွားတယ် ဆိုတဲ့ ကောလဟာလ သတင်းတခု ထွက်လာခဲ့ပါတယ်။ ဒီလို နဲ့ တဆင့်စကား တဆင့်ပွားရင်း ရောဂါပျောက်ချင်သူတွေ ရထားသံလမ်းပေါ် လာပြီး လှဲလျှောင်းကုသမှု ခံယူလာကြ တယ်။ တနေ့  တနေ့  ဒါဇင်များစွာ သောသူတွေ ၊ ဆေးကုသဖို့  စရိတ် မတတ်နိုင်သူတွေ ၊ ရောဂါပျောက်ချင်ဇောနဲ့ အန္တရာယ်လက်တကမ်းမှာ အသက်ကို လောင်းကြေးထပ် ပြီး ရောဂါကုသနေကြပါတယ်။

သူတို့ လှဲနေကြတဲ့ မီးရထား သံလမ်း နောက်တခုမှာ ရထားကြီးက အရှိန်နဲ့ ဖြတ်သွားတာကို မကြောက်မရွံ့ ပဲ လှဲလျှောင်းနေကြခြင်းဖြင့် ရထားသံလမ်းပေါ်မှာ ဖြစ်ပေါ်လာတဲ့ လျှပ်စစ်သံလိုက်စက်ကွင်း electromagnetic fields (EMFs) က၊ သွေးတိုး၊ ဆီးချို၊ အိပ်မပျော်တဲ့ ရောဂါ အစရှိတာတွေကို ပျောက်ကင်းစေနိုင်တယ် လို့  အယူလွဲစွာ ထင်မြင်နေကြပါတယ် ။ ဆေးဘက်ဆိုင်ရာတာဝန်ရှိသူများက ဒီအခြေအမြစ်မရှိတဲ့ ကုသနည်း ဟာ ရောဂါ ပျောက်ကင်းနိုင်ပါတယ် လို့ စမ်းသပ်တွေ့ ရှိမှု မရှိကြောင်း ပြောကြားထားပါတယ်။ ဆီးချိုရောဂါ နဲ့ ပတ်သက်တာတွေကို ပိုပြီး ဆိုးဝါးစေနိုင်တယ် လို့  လည်း ဆိုထားပါတယ်။

Electrical fields may actually worsen diabetes

While there is no consensus in the medical community, there are indications that exposure to electromagnetic fields (EMFs) may actually promote diabetes and related illnesses. The Dirty Electricity Blog notes that a patient’s hypoglycemic awareness (feeling that blood sugar is dropping) is dulled by the presence of intense EMFs/dirty electricity.

ဒါပေမဲ့လည်း ဆီးချိုရောဂါ ခံစားနေရတာ ၁၃နှစ် ရှိနေပြီဖြစ်တဲ့ အသက် ၅၀ အရွယ် အမျိုးသမီး Sri Mulyati ဆိုသူဟာလည်း ဒီလျှပ်စစ်သံလိုက် စီးကြောင်းတွေကြောင့် ဒီ ၆ လ အတွင်း သူရောဂါ သက်သာလာတယ်လို့  ယုံကြည်နေပါသေးတယ်။

ဒီ ဗီဒီယိုအပိုင်းလေးကို ကြည့်နိုင်ပါတယ်။




ဒါ့အပြင် သူတို့  အစိုးရကိုယ်တိုင်က ဒီလို ရထားလမ်းပေါ် နေသူတွေကို ထောင်ဒါဏ် ၃ လ ( သို့ မဟုတ်) အမေရိကန် ဒေါ်လာ ၁၈၀၀ နဲ့ တူညီတဲ့ ဒါဏ်ငွေ ချမှတ်မယ် လို့ အမိန့်ထုတ် တားဆီး ထားပါတယ်။ ဒါပေမဲ့လည်း ခုချိန်ထိတော့ ဘယ်တဦးတယောက်ကိုမျှ ထောင်ဒါဏ် ငွေဒါဏ် ချမှတ်ခဲ့ခြင်း မရှိသေးသလို ၊ ခုလို ပဲ ဆက်လက် လှဲလျှောင်းကုသခံနေကြသူများ ရှိနေဆဲပါပဲ။ ရောဂါပျောက်လိုသူတချို့ ကလည်း မပျောက်မချင်း ဆက်လက်လာနေဦးမယ် လို့  ပြောကြားပါတယ် ။ ရောဂါမပျောက်ပဲ အသက်ပျောက်ရမဲ့ အဖြစ်ကို ကြိုတင် မတွေးကြတာ သူတို့ စဉ်းစားဥာဏ် နည်းပါး နေကြလို့လား ၊ အယူလွဲနေကြဆဲလား တော့ မပြောတတ်ပါ ။

အမိမြန်မာပြည်ကြီးမှာလည်း အလားတူ အယုံမှားနေကြသူများ ၊ ရောဂါပျောက်နိုးနဲ့ ကင်ဆာ အကြိတ် အဖုကို မိုးကြိုးသွားဖြင့် ထိပွတ်ကုသသူများ၊ မကောင်းဆိုးဝါးကပ် ၊သူတပါး ပြုစားခံရတယ် ဆိုပြီး ဆေးကြိမ်လုံးဖြင့်ရိုက်နှက်ကုသသူများ၊ ဗေဒင် ယတြာ ဆေး အင်း မန်း တွေ သုံးပြီး အနာတခြား ဆေးတခြား ကြောင့် မလိုအပ်ပဲ အသက်ဆုံးရှုံးနေကြရသူများ ရှိနေပါတယ် ။ ကျန်းမာရေးအသိ ပညာပေးမှု ချို့တဲ့မှုများကြောင့် ၊ ကျန်းမာရေးအသိ နည်းပါးမှု များကြောင့် ၊ ဆေးကုသ စရိတ် ငွေကြေးချို့တဲ့မှုကြောင့် ဆေးရုံ ပြချင်သော်လည်း မပြနိုင် မကုနိုင် ဖြစ်ရပြီး ဗိန်းန္ဓောဆရာ လက်ချက်နဲ့ အသက်ဆုံးရှုံးရသူများလည်း ရှိနေကြပါတယ် ။ဒီအဖြစ်ဆိုးတွေကို ပပျောက်အောင် လုပ်သင့်ပါတယ်။

ဒီသတင်းနဲ့ ဆက်စပ်ပြီးတွေးမိတာ တခုရှိပါသေးတယ်။ အရှေ့  အနောက် တောင်နဲ့ မြောက် တလံတလျား ရှိနေတဲ့ အမိမြန်မာပြည်ကြီးရဲ့ အဓိက လမ်းပန်းဆက်သွယ်ရေး အဖြစ် အသုံး ပြုနေရတဲ့ ရထား သံလမ်း တွေပေါ်မှာလည်း နွားကျောင်းသား ကျွဲကျောင်းသား နဲ့ လူ တချို့ ရထားသံလမ်းပေါ်မှာ ( ကတ္တရာ ကားလမ်းမပေါ်မှာရော) အနားယူရင်း အိပ်ပျော်သွားလို့  ရထားကြိတ်၊ကားကြိတ် မိပြီး အသက်ဆုံးရှုံးရတဲ့ သတင်းတွေ မကြာခဏ ကြားခဲ့ဖူးပါတယ်။ ခုလိုများ ရောဂါပျောက်တယ် ၊ ဘာညာ ဆိုတဲ့ ကောလဟာလ သတင်းတွေသာ ပြန့် နှံ့ သွားခဲ့ရင်တော့ ရောဂါကြီးမား ပြီး ၊ ငွေကြေးချို့ တဲ့၊ အတွေးအခေါ်ချို့ တဲ့ ၊ အယုံလွယ်သူများ ဟာလည်း ခုလိုပဲ ရထားသံလမ်းပေါ်မှ လျှပ်စစ်ဓါတ်ဖြင့် ရောဂါကုသထုံးကို လိုက်ပြီးလုပ်နေကြမလား ...။ ဒါမှ မဟုတ် ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်းခံရတော့မယ် လို့ သတင်းထွက်နေတဲ့ မီးရထား ဆက်သွယ်ရေး ပိုင်ရှင်ကြီး မှ သံလမ်းလျှပ်စစ် ကုထုံးသစ်ဖြင့်၊ အခကြေးငွေယူကာ၊ ရောဂါကု ဖို့ များ စီမံလာလေ မလား.... ။ မြစ်ကြီး ဧရာဝတီ အတွက် စိုးရိမ် မျက်ရည်ကျ နေကြရတဲ့ ပြည်သူ များ အပြင် ၊ ရထားသံလမ်း ကြောင့် မျက်ရည်ကျရသူများ ပါဝင်လာလေမလား ...။

လွတ်လပ်တယ် ဆိုပြီး ကားလမ်းမပေါ် ဆေးရိုးတက်လှန်းနေကြတာ ၊ကားကြိတ်ခံရလို့ ဆေးရိုးက ဘာမှ မဖြစ်နိုင်ပေမဲ့၊ ခုလို ရထားလမ်းပေါ် မိမိကိုယ်ကို တက်လှန်း နေကြရင်ဖြင့် ကံမကောင်းတဲ့အချိန်နဲ့တိုက်ဆိုင်တဲ့အခါ ရောဂါ မပျောက် ပဲ အသက်ပျောက်ရမှာ သေချာပါတယ်။
မိမိအသက်ကို လောင်းကြေးထပ်ပြီး အန္တရာယ် လက်တကမ်းမှာ သေမင်းနဲ့ ကစားနေကြသူ ဒီလူများကိုကြည့်ပြီး အတုမယူကြစေလိုပါ ။ အရာရာကို ကိုယ်ပိုင် အသိဥာဏ်နဲ့ ယှဉ်ပြီး အကောင်း အဆိုး၊အကြောင်းအကျိုး ၊ အမှားအမှန်ကို ခွဲခြား သိမြင် နိုင်ကြပါစေ ။

ရည်ညွှန်းချက် ။ ။
http://www.newsytype.com/9657-indonesian-train-track-therapy/
http://www.cbc.ca/news/health/story/2011/08/02/train-track-therapy-indonesia.html

↧
Viewing all 32 articles
Browse latest View live